မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အလားအလာ – အယ်ဒီတာစကားဝိုင်း

ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးနှစ်လို့ ခေါ်ဆိုထားပါတယ်။ အဲဒီလိုပဲ ၂၁ ပင်လုံညီလာခံ ဒုတိယအကြိမ်ကလည်း ဖေဖော်ဝါရီလထဲမှာ ပြန်လည်ကျင်းပဖို့ ရှိပါတယ်။ အဲဒီတော့ မြန်မာပြည်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဘယ်လိုအလားအလာတွေ ရှိနိုင်မလဲဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီတပတ်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးဆောင်းပါးရှင်တွေဖြစ်တဲ့ ဆရာဦးသန်းစိုးနိုင်နဲ့ ဒေါက်တာရန်မျိုးသိမ်းတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာဦးသန်းစိုးနိုင်ကို အရင်မေးပါရစေ။ လောလောဆယ်မှာတော့ အရင်တုန်းက အားလုံးပါဝင်ရေးဆိုတဲ့ မူဝါဒ သိပ်မဖြစ်နိုင်ဘူးပေါ့နော်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကတော့ သူတို့ကို လေ့လာသူပဲဆိုရင်တော့ မတက်တော့ဘူးပေါ့။ သူတို့ကို ဂုဏ်တင်ပေးရုံပဲရှိတယ်။ ဝင်ဆွေးနွေးလို့လည်း မရဘူး၊ ဆုံးဖြတ်လို့လည်း မရဘူး။ အဲဒီထဲမှာလည်း အဖွဲ့တွေက အများကြီးပဲ။ ကချင်တို့၊ ရှမ်းတို့ ပါတာပေါ့။ အဲဒါနဲ့ပတ်သက်လို့ ပြန်စမယ့်၊ ဖေဖော်ဝါရီလအတွင်းမှာလုပ်မယ့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဘာတွေမျှော်လင့်လို့ရလဲ၊ ဘာတွေဖြစ်လာနိုင်မလဲ။ ဆရာ စပြီး သုံးသပ်ပေးပါဦး။" ဦးသန်းစိုးနိုင် (နိုင်ငံရေးဆောင်းပါးရှင်) “ဟုတ်ကဲ့။ အခုလာမယ့် ဒုတိယအကျော့ ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ ကျနော်တို့ မျှော်လင့်နိုင်တာတွေကတော့ အခု အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ လုပ်နေကြတယ်။ အခု ကရင် လုပ်ပြီးသွားပြီ။ နောက်ပြီး ထားဝယ်လုပ်မယ်၊ နေပြည်တော်မှာ လုပ်မယ်။ အကြောင်းအရာအလိုက်၊ ဒေသအလိုက်၊ လူမျိုးအလိုက်ရယ် ဒါတွေရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီမှာ ပြည်သူလူထုရဲ့ အသံကိုတော့ ကြားရနိုင်စရာ ရှိပါတယ်။ ဒါပေမယ့် တချိန်တည်းမှာ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ အကြောင်းအရာ ၃ ခုလောက် ကျနော်တို့ ဆွေးနွေးရမယ်ဆိုတဲ့အခါကျတော့ တော်တော်တော့ အချိန်ယူရမယ့်ကိစ္စပေါ့။ ဒီကတင်တဲ့ အချက်အလက်တွေလည်း အပြည့်အစုံ ညီလာခံမှာ ဆုံးဖြတ်နိုင်မယ့်အခြေအနေလည်း သိပ်မရှိသေးပါဘူး။ ဒါပေမယ့် အဲဒါထက်ပိုပြီးဆိုးတဲ့ကိစ္စကတော့ အန်စီအေ လက်မှတ်ရေးထိုးတဲ့လူတွေ ဒုတိယအကျော့ ညီလာခံမှာ ပါဝင်ခွင့်မရဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပါဝင်လို့မရဘူးဆိုတဲ့ ကိစ္စက ပထမအကျော့ ညီလာခံနဲ့စာရင် နှိုင်းယှဉ်ယှဉ် အများကြီး အားနည်းသွားပြီ။ အထူးသဖြင့် အန်စီအေ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေ ပါဝင်ခွင့်မရဘူးဆိုရင် နိုင်ငံရေးအရ တော်တော်လေးကို အကျပ်အတည်းဖြစ်မယ့် အနေအထား ဖြစ်ပါတယ်။ အဲဒီအထဲမှာ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးမှုတွေ၊ ငြိမ်းချမ်းရေးအဖွဲ့တွေကနေပြီးတော့ လုပ်ကိုင်ဆောင်ရွက် ကြိုးပမ်းနေတာ ရှိပေမယ့် တကယ်လက်တွေ့က မထိရောက်ဘူး ဖြစ်နေတယ်။ တရုတ်ပြည်မှာ ဆွေးနွေးတာလည်း အဆင်မပြေဘူး။ ချင်းမိုင်မှာ သွားဆွေးနွေးတာတွေလည်း အဆင်မပြေဘူး။ အဆင်မပြေရတဲ့ အကြောင်းကလည်း တကယ်ကတော့ အယုံအကြည်မရှိတာပါ။ အယုံအကြည်မရှိရတဲ့ အကြောင်းကလည်း ပြီးခဲ့တဲ့ညီလာခံအပြီး တပတ်အကြာက ဖြစ်လိုက်တဲ့ စစ်ပွဲတွေကလည်း ပြင်းပြင်းထန်ထန်ဖြစ်ကြတယ်။ နောက်ဆုံးမှာ မြောက်ပိုင်းအဖွဲ့က မူဆယ်အထိ ဝင်ရောက်တိုက်ခဲ့တဲ့ အနေအထားတွေ ဖြစ်လာတော့ စစ်ရေးက အတော့်ကို တင်းမာတယ်။ အဲဒီလို တင်းမာတဲ့ အနေအထားပေါ်မှာ တဘက်ကလည်း ကျနော်တို့ တပ်မတော်နဲ့ပတ်သက်တဲ့ အစိတ်အပိုင်းတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ကနေပြီး ဒီအင်အားစုတွေကို အကြမ်းဖက်သမားတွေအဖြစ် စွပ်စွဲဖို့ ကြိုးပမ်းလာတဲ့အခါကျတော့ ဒါတွေက ကျနော်တို့ တိုင်းရင်းသားအချင်းချင်းတွေကြားထဲမှာ ဒီလို အသုံးအနှုန်းတွေ၊ စွဲချက်တွေက ယုံကြည်မှုကို တော်တော်ထိခိုက်ပျက်ပြားစေပါတယ်။ အဲဒီယုံကြည်မှု ထိခိုက်ပျက်ပြားမှုတွေကို ပြန်ပြီးပြုပြင်တည်ဆောက်ဖို့ မကြိုးပမ်းဘဲနဲ့ ညီလာခံထပ်လုပ်ရင်လည်း သိပ်ပြီးအကျိုးထူးမယ်လို့ မထင်ပါဘူး။ ဒါကြောင့်မို့လို့ ကျနော်ကတော့ လာမယ့်ညီလာခံမှာ အားလုံးပါဝင်ရေး၊ အပစ်အခတ်ရပ်စဲရေး၊ အန်စီအေ လက်မှတ်ထိုးတဲ့ကိစ္စကိုလည်း တနည်းတဖုံနဲ့ နည်းနာတခုရှာပြီးတော့ အားလုံးပါဝင်အောင် ကြိုးစားပေးဖို့ လိုအပ်မယ်လို့ ကျနော် ထင်ပါတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျာ။ ဆရာရန်မျိုးသိမ်းကိုလည်း မေးကြည့်ပါမယ်။ အထူးသဖြင့် ဆရာကတော့ တချို့လူတွေမပါဘူး၊ ပထမတကြိမ်ထက် ပိုအားနည်းမယ်လို့ သုံးသပ်သွားပါတယ်။ ဆရာ့အနေနဲ့ရော ဒုတိယအကျော့ ပြန်ပြီးတော့ဆွေးနွေးမယ့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးညီလာခံမှာ တကယ်လက်တွေ့ကျကျ ဘာမျှော်လင့်လို့ရမလဲ။ ဘာလုပ်ဖို့လိုမလဲဆိုတာ ဖြည့်စွက်ဆွေးနွေးပေးပါဦး ခင်ဗျ။" ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးဆောင်းပါးရှင်) “တချက်ကတော့ အန်စီအေပေါ့။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်။ ဒီ အန်စီအေမှာပါတာက အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲလို့ သုံးနှုန်းထားတယ်။ ဆိုလိုချင်တဲ့သဘောက နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုရင် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲမျိုးဖြစ်ဖို့ လိုအပ်တယ်လို့ အန်စီအေထဲမှာကို ရေးထားတာ။ အန်စီအေကို လိုက်နာမယ်ဆိုရင်၊ အန်စီအေ လမ်းကြောင်းအတိုင်း သွားမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေက အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်အောင်လုပ်ဖို့လိုတယ်လို့ ကျနော်ကတော့ မြင်တယ်။ လက်ရှိ ဖေဖော်ဝါရီလကုန်မှာ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လုပ်မယ်။ အဲဒီမတိုင်ခင် ကြားကာလ တလလောက် အချိန်ရသေးတယ်။ ဒီတလလောက်အတွင်းမှာ အစိုးရနဲ့ တပ်မတော်က တဘက်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက တဘက် ဒီဆွေးနွေးပွဲကို အကြိတ်အနယ်လုပ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ကြားခံမထားဘဲနဲ့ မျက်နှာစုံညီ အကြိတ်အနယ် ဆွေးနွေးပြီးတော့ နားလည်မှု၊ ယုံကြည်မှုရအောင် အလျင်အမြန် တည်ဆောက်ဖို့လိုအပ်တယ်လို့ မြင်တယ်။ ဒါပေမယ့် အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးကို ကြည့်တဲ့အခါမှာ အင်မတန်မှ လေးလံထိုင်းမှိုင်းလွန်းတယ်လို့ ကျနော် မြင်တယ်။  ဒီထက်ပိုပြီးသွက်ဖို့ လိုတယ်။ ဒီထက်ပိုပြီး ထိထိရောက်ရောက်လုပ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်တချက်က ကျနော်တို့ စဉ်းစားရမှာ ဘာလဲဆိုတော့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်။ အရင်အစိုးရလက်ထက်တုန်းက ဒီမူဘောင်ကိုချပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဆိုတာကို လုပ်တယ်။ လက်ရှိ သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ပထမအကြိမ်လုပ်ခဲ့တဲ့ ၂၁ ရာစုပင်လုံမှာ အရင်မူဘောင်နဲ့ လုပ်လား၊ မူဘောင်အသစ်လား ဆိုတာ သေချာ ကွဲကွဲပြားပြား မသိရဘူး။ လက်ရှိအခြေအနေအထိလည်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်က ဆွေးနွေးတာ၊ သုံးသပ်တာ ပြီးပြတ်ပြီလား။ ဘာမှ သေချာမသိရသေးဘူး။ အဲဒီတော့ ကျနော် နားလည်တာက နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ်ဆိုရင် မူဘောင်က ခိုင်ခိုင်မာမာနဲ့ အားကောင်းဖို့ လိုအပ်တယ်။ အဲဒီမူဘောင်ပေါ်မှာ မူတည်ပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖော်ဆောင်ဖို့ လိုအပ်တယ်။ အဲဒါမှသာလျှင် တကယ်အလုပ်ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲမျိုး ဖြစ်မယ်။ မဟုတ်ရင် ပထမတကြိမ်က လုပ်သွားတဲ့ပုံစံအတိုင်း စာတမ်းဖတ်ပွဲပုံစံမျိုး ဖြစ်သွားမယ်လို့ ကျနော်ကတော့ သုံးသပ်တယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျာ။ ဆရာရန်မျိုးသိမ်းကတော့ ဒီဟာသည် လေးလံနေတယ်။ မူဘောင်နဲ့ပတ်သက်လို့ ရှင်းလင်းမှုမရှိဘူး။ နောက် ဆရာတို့ စိုးရိမ်သလိုပဲ တချို့လူတွေက တကယ်ပဲ ကျန်ခဲ့မှာလား။ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့တော့ သိပ်မလွယ်ဘူးပေါ့ ဆရာရယ်။ တချို့ ပါမယ်၊ တချို့ မပါဘူး။ အဲဒီအတွက်ရော တခြားနည်းလမ်းရော ရှိသေးလား။ အထူးသဖြင့် မြောက်ပိုင်းမှာဆို တော်တော်ဆိုးတယ်ပေါ့နော်၊ ကချင်ဆိုရင်။ နောက် သူပုန်ဆက်သွယ်မှု ၁၇(၁) ဆိုတာလည်း ပြန်ပြီးတော့ တချို့တွေ အေဘီအက်စ်ဒီအက်ဖ်က တချို့ အဖမ်းခံရတယ်။ ရခိုင်ကတချို့ အဖမ်းခံရတယ်။ အဲဒီလူတွေ သွားရေးလာရေးကအစ ပြဿနာတက်လာတယ်။ အကြမ်းဖက်အဖွဲ့လို့ ခေါ်လာတာပေါ့နော်။ အဲဒီတော့ ဆရာ၊ တခြား ဘယ်နည်းလမ်းများ ရှိသေးလဲ။ ဘယ်လိုမျိုး ဖွင့်ပေးသင့်လဲ၊ အထူးသဖြင့် အစိုးရအနေနဲ့ပေါ့။ တပ်မတော်ကတော့ သူတို့လမ်းနဲ့ သူတို့ သွားမှာပေါ့။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်နေတဲ့ ရင်ကြားစေ့ရေးလို့ ပြောရင်းနဲ့ ရင်ကြားက ပိုပိုကွဲလာတော့ လက်တွေ့ အကျိုးအမြတ်ရှိအောင် ဘာလုပ်လို့ရမလဲဆိုတာ ဖြည့်စွက် ဆွေးနွေးပေးပါဦးခင်ဗျ။" ဦးသန်းစိုးနိုင် (နိုင်ငံရေးဆောင်းပါးရှင်) "အဲဒီကိစ္စကတော့ အန်စီအေနဲ့ပတ်သက်တာက အဓိကပြဿနာပေါ့ဗျာ။ စောစောက ကိုရန်မျိုးသိမ်းပြောတာ ကျနော် ထောက်ခံပါတယ်။ နိုင်ငံရေးမူဘောင်နဲ့ပတ်သက်တဲ့ ကိစ္စက ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း မရှိဘူး။ အမှန်က လက်မှတ်မထိုးတဲ့ အဖွဲ့တွေအားလုံး အန်စီအေ တည်ဆောက်တဲ့အထဲမှာ အားလုံးပါကြတာပဲ။ တကယ်တမ်း လက်မှတ်ထိုးကြတဲ့အခါကျတော့ တခုက သုံးဖွဲ့မပါရဘူး ဘာညာဆိုတဲ့ ပြဿနာ။ ဒါက အားလုံးပါဝင်ရေးကို ကန့်ကွက်ထားတဲ့ကိစ္စ။ နောက်တခုက ယူအန်အက်ဖ်စီ လက်မှတ်မထိုးတဲ့ အဖွဲ့တွေက ဒီနေ့ ဘာပြောနေလဲဆိုတော့ အန်စီအေဆိုတာ သူတို့ကိုယ်တိုင် ပါဝင်တည်ဆောက်ထားတာပေါ့ဗျာ။ သို့သော်ငြားလည်း သူတို့က ဘာဆွေးနွေးချင်တာလဲဆိုတော့ မူဘောင်နဲ့ပတ်သက်တဲ့ ပြဿနာတွေပါ ဆွေးနွေးချင်တာ။ မူဘောင်ဆိုတာ တကယ်ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လုံခြုံရေးနဲ့ဆိုင်တဲ့ ပြဿနာမှာ ဒီဒီအာလား အက်စ်အက်စ်အာလား၊ အက်စ်အက်စ်အာလား ဒီဒီအာလားဆိုတဲ့ကိစ္စ ပွင့်ပွင့်လင်းလင်း ဖြစ်ချင်တာ။ အဲဒါဆွေးနွေးပြီးရင် သူတို့လည်း ပါဝင်မယ်။ ဘာကြောင့်လဲဆိုတော့ အခုပါဝင်ခွင့်မရတဲ့ ၃ ဖွဲ့လည်း အန်စီအေ လက်မှတ်ထိုးဖို့ ပြဿနာမရှိဘူး။ ယူအန်အက်ဖ်စီကလည်း ပြဿနာမရှိဘူး။ ပြဿနာက မူဘောင်ဆွေးနွေးရေးနဲ့ ပတ်သက်တဲ့အခါမှာ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား မဆွေးနွေးရသေးတဲ့ အနေအထား။ အဲဒီလို မဆွေးနွေးရဘဲနဲ့ လက်မှတ်မထိုးချင်ဘူး။ အဲဒီတော့ ကျနော်ကတော့ ယူအန်အက်ဖ်စီက အဆိုပြုတဲ့ အဆိုပြုချက်ကို ထောက်ခံပြောချင်တယ်။ ဆိုလိုတာက ကျနော်တို့ ဆွေးနွေးရမယ့် ပြဿနာတွေက အများကြီး။ အဲဒီတော့ သူတို့က မူ ၈ ချက်ကို ဆွေးနွေးချင်တယ်။ အဲဒီအပိုင်းမှာ ငြိမ်းချမ်းရေးကော်မရှင်ကလည်းပဲ ၄ ချက်လောက်တော့ တူတယ်၊ ကျန်တဲ့ ၄ ချက်လောက်က မတူသေးဘူးဆိုတာပြောတယ်။ အဲဒီတော့ အဲဒါတွေ ဆက်ပြီးဆွေးနွေးတဲ့ဖြစ်စဉ်အတွင်းမှာ သူတို့ ပါဝင်ခွင့်ရဖို့အတွက် အန်စီအေ လက်မှတ်ထိုးတာကို အဲဒါတွေဆွေးနွေးပြီးမှ ထိုးပါဆိုတဲ့ သူတို့ပြောတဲ့ အဆိုပြုချက်က သဘာဝကျတယ်လို့ ကျနော်ကတော့ထင်တယ်။ အဲဒါဆိုရင် ဆက်ပြီးလုပ်မယ့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ သူတို့ ပါဝင်ခွင့်ရမယ်။ နောက်ပြီးတော့ မူဘောင်တွေလည်း သူတို့ ဆွေးနွေးလို့ရမယ်။ အပြန်အလှန် ကျေလည်သွားတဲ့အခါမှာ အန်စီအေ လက်မှတ်ထိုးတယ်ဆိုရင်တော့ ဒါ ဖြစ်သင့်ဖြစ်ထိုက်တယ်၊ သဘာဝကျတယ်လို့ ကျနော် ထင်ပါတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ပါ ဆရာ။ ဆရာရန်မျိုးသိမ်းကိုလည်း ဒါပဲ မေးပါမယ်။ အခုလိုမျိုးပေါ့။ မူဘောင်မှာ မရှင်းလင်းမှုရှိသလို တချို့လူတွေကလည်း မထိုးချင်တာမဟုတ်ဘူး၊ အစကတည်းက ပါခဲ့ကြတယ်။ အချိန်တခုကို စောင့်နေတယ်ပေါ့နော်။ အထူးသဖြင့်တော့ လက်နက်ဖြုတ်ပြီးမှ ငြိမ်းချမ်းရေးလုပ်မှာလား။ သူတို့ရဲ့ ဘယ်လိုသဘောထားရှိလဲဆိုတာ မသေချာတဲ့အပေါ်မှာ စောင့်ကြည့်ကြတာပေါ့။ စကတည်းက မထိုးတဲ့အဖွဲ့တွေကလည်း အစကတည်းက ပါခဲ့တဲ့သူတွေပဲ။ တကယ်တမ်း သူတို့ကို ပါဝင်လာအောင် အခုအဆင့်မှာ တခြားနည်းလမ်း ဘာတွေများရှိသေးလဲ။ ဘာလို့လဲဆိုတော့ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးတော့ ဖြစ်မှာမဟုတ်ဘူး။ တပိုင်းတစပဲ ဖြစ်နေမှာ။ အဲဒီအတွက်ကိုလည်း ဆရာ ဖြည့်စွက်ပြီး သုံးသပ်ပေးပါဦးခင်ဗျ။" ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးဆောင်းပါးရှင်) "အရင်ကတည်းက ကျနော့်စဉ်းစားချက်ကတော့ တကယ်တမ်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို လုပ်နေတဲ့အချိန်မှာ တနိုင်ငံလုံးမှာ အပစ်အခတ်ရပ်စဲထားဖို့ လိုအပ်တယ်လို့ မြင်တယ်။ အပစ်အခတ်ရပ်စဲဖို့က အစိုးရနဲ့ တပ်မတော်မှာ တာဝန်ရှိတယ်။ အဲဒီတော့ တဘက်သတ် အပစ်အခတ်ရပ်စဲတာကတော့ တဘက်သတ်ဆန်တယ်လို့ ပြောမယ်ဆိုရင် တကယ်တမ်းက အဲဒီအပစ်အခတ်ရပ်စဲရေးကို အစိုးရနဲ့ တပ်မတော်က စပြီးလုပ်လိုက်ရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဒီကိစ္စမှာ ပူးပေါင်းပါဝင်မယ်လို့ ကျနော်က ယုံကြည်တယ်။ အဲဒီတော့ အခုလက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေကို ၁၇(၁) နဲ့ အရေးယူတာတွေ၊ ဖမ်းတာတွေ။ ဒါတွေက ဘာလဲဆိုတော့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှုကို ကျဆင်းစေတယ်။ ယုံကြည်မှုမရှိရင် စားပွဲဝိုင်းမှာ ဘယ်လိုလုပ် ဆွေးနွေးမလဲ။ ဆွေးနွေးလို့ အဆင်မပြေနိုင်ဘူးလို့ မြင်တယ်။ အဲဒီတော့ ကျနော်တို့က ယုံကြည်မှု တည်ဆောက်ဖို့လိုတယ်။ တဘက်က အစိုးရနဲ့ တပ်မတော်အနေနဲ့ သဘောထားကြီးဖို့ လိုတယ်လို့ မြင်တယ်။ အဲဒီတော့ ဒီကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း အမြဲတမ်းပြောတယ်။ ကိုယ် ဘာပေးနိုင်မလဲဆိုတာ စဉ်းစားပါဆိုတာ တကယ်တမ်းက အစိုးရနဲ့ တပ်မတော်က ကိုယ် ဘာပေးနိုင်မလဲဆိုတာ တကယ်လက်တွေ့ကျကျ ဒေါ်အောင်ဆန်းစုကြည် ပြောသလို စဉ်းစားနိုင်ရင် ကျနော်တို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးက သိပ်မကြာခင်မှာ ကောင်းမွန်တဲ့ အစ ခြေလှမ်းတွေကို ရလာနိုင်မယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ပါခင်ဗျ။ ဆရာရန်မျိုးသိမ်းကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးက ရင်ကြားစေ့ရေးအတွက် အရေးကြီးတယ်လို့ ပြောသွားတယ်။ နောက်ဆုံးအနေနဲ့ပေါ့ ဆရာ၊ ၂၀၁၇ ခုနှစ်ကို တကယ့် ပြည်ထောင်စုငြိမ်းချမ်းရေးနှစ် ဖြစ်အောင် အရေးတကြီး ဘာများလုပ်ဖို့လိုပါလဲ ဆရာ။ အဲဒါလေး နောက်ဆုံးအနေနဲ့ ပြောပြပေးပါဦးခင်ဗျ။" ဦးသန်းစိုးနိုင် (နိုင်ငံရေးဆောင်းပါးရှင်) "အဓိကကတော့ ကျနော်တို့ အခုပြောခဲ့တာ ခြုံငုံပြီးပြောရရင်တော့ ၃ ချက်ပါ။ နှစ်ဘက် အပစ်အခတ်ရပ်စဲဖို့၊ ဒုတိယက မဖြစ်မနေ အားလုံးပါဝင်နိုင်အောင် ကျနော်တို့ ကြိုးစားဖို့၊ နောက် အန်စီအေမှာ လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဆက်လက်ပြီး အားလုံးပါဝင်ခွင့်ရတဲ့ အခင်းအကျင်းတခုကို ဖန်တီးသွားဖို့လို့ ကျနော် ထင်ပါတယ်။"

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up