စစ်တပ်အသုံးစရိတ် လျော့နည်း တောင်းခံ
DVB
·
February 1, 2017
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် စစ်တပ်အသုံးစရိတ်ကို အရင် ၂ နှစ်ထက် လျော့နည်းတောင်းခံလိုက်ပါတယ်။
လာမယ့်ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်အဖြစ် ငွေကျပ်သန်းပေါင်း ၂၉၀၀ ကျော် တောင်းခံလိုက်ပြီး ဒီပမာဏဟာ လွန်ခဲ့တဲ့ ဘဏ္ဍာနှစ်ထက် ငွေကျပ် သန်း ၈၆ သန်းခန့် လျှော့ပြီး တောင်းခံခဲ့တာလို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောပါတယ်။
ဇန်န၀ါရီ ၃၁ ရက်က ပြည်ထောင်စုလွှတ်တော်အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ရသုံးဆိုင်ရာ ဘဏ္ဍာငွေတွေ တင်ပြရင်း ကာကွယ်ရေးဒုဝန်ကြီးက ပြောခဲ့တာပါ။
“ရငွေ စုစုပေါင်း ၇၃ ဒသမ ၁၁၁ ဘီလီယံ၊ သုံးငွေ စုစုပေါင်း ၂၉၀၅ ဒသမ ၁၉၅ ဘီလီယံဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ထက် ငွေလုံးငွေရင်း အသုံးစရိတ် ၈၆ ဒသမ ၅၃၃ ဘီလီယံ လျော့နည်းတောင်းခံထားပါကြောင်း တင်ပြအပ်ပါတယ်။ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ တောင်းခံမှုဟာ ယခင် ၂ နှစ်ထက် လျော့နည်းနေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။”
ဗိုလ်ချုပ်မြင့်နွယ်ရဲ့ ပြည်ထောင်စုလွှတ်တော်အတွင်း တင်ပြချက်အရ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ စစ်တပ်အသုံးစရိတ် ကျပ်သန်းပေါင်း ၃၀၀၀ ကျော်၊ ၂၀၁၆-၁၇ ခုနှစ်မှာ ကျပ်သန်းပေါင်း ၃၀၀၀ နီးပါး ရှိခဲ့ကြောင်း တွေ့ရပါတယ်။
စစ်တပ်အသုံးစရိတ် လျော့နည်း တောင်းခံခဲ့သလို တခြားတဖက်မှာလည်း ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ စစ်တပ်က ရငွေလည်း လျော့နည်းခဲ့ပါတယ်။
လေယာဉ် ရဟတ်ယာဉ် ငှားရမ်းခငွေများ လျော့နည်း ရရှိခြင်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံမှ လျော့နည်းရရှိခြင်း၊ တပ်မတော်ဖိနပ်စက်ရုံမှ လျော့နည်းရရှိခြင်းနဲ့ ဆက်သွယ်ရေး E 1 ချန်နယ် ငှားရမ်းခငွေများ လျော့နည်းရရှိခြင်းတို့ကြောင့် ရငွေ လျော့နည်းသွားတာလို့ ကာကွယ်ရေးဒုဝန်ကြီးက လွှတ်တော်ထဲမှာ ပြောသွားပါတယ်။