ဆော်ဒီစစ်သင်္ဘောကို ဟူသီသူပုန် အသေခံတိုက်ခိုက်၊ ညွန့်ပေါင်းတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

ယီမင်နိုင်ငံအနောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ကင်းလှည့်နေတဲ့ ဆော်ဒီစစ်သင်္ဘောတစီးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က ဟူသီသူပုန်တွေ အသေခံ တိုက်ခိုက်ခဲ့ကြပြီး ပင်လယ်ကွေ့ ညွန့်ပေါင်းတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတယ်လို့ ဆော်ဒီအစိုးရပိုင် သတင်းဌာနက ကြေညာပါတယ်။ ဟူသီသူပုန်တွေကလည်း သူတို့တပ်ဖွဲ့ဝင်တွေ စက်လှေ ၃ စီးနဲ့ အသေခံ တိုက်ခိုက်ခဲ့ကြတယ်လို့ အတည်ပြုပြောဆိုခဲ့ပြီး ယီမင်ငါးဖမ်းသင်္ဘောတွေကို ဒီစစ်သင်္ဘောက အကြိမ်ကြိမ် ရန်စနေတယ်လို့ ပြောပါတယ်။ ဟူသီသူပုန်တွေရဲ့ စက်လှေတစီးက စစ်သင်္ဘောနောက်ပိုင်းကို တိုက်ခဲ့ပြီး ပေါက်ကွဲမှုကြီး ဖြစ်ခဲ့တာပါ။ ရေတပ်တပ်ဖွဲ့ဝင် ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမယ့် အခြေအနေ ပြန်လည်ကောင်းမွန်တယ်လို့ ဆော်ဒီဦးဆောင်တဲ့ ပင်လယ်ကွေ့ညွန့်ပေါင်းတပ်ဖွဲ့ ကြေညာချက်က ဆိုပါတယ်။ အီရန်နောက်ခံတဲ့ ရှီးယားမွတ်စလင် ဟူသီသူပုန်တွေဟာ ယီမင်နိုင်ငံရဲ့ မြို့တော်ကို သိမ်းပိုက်ထားကြပြီး အခုလို ညွန့်ပေါင်းတပ်ဖွဲ့ စစ်သင်္ဘောတွေကို ၆ လအတွင်း ၃ ကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်ပါတယ်။ ဟူသီသူပုန်တပ်ဟာ ယီမင်နိုင်ငံ နယ်မြေအမြောက်အမြားကို သိမ်းယူထိန်းချုပ်ခဲ့တဲ့ ၂၀၁၅ မတ်လစကပြီး ဆော်ဒီဦးဆောင်တဲ့ ပင်လယ်ကွေ့ ညွန့်ပေါင်းတပ်ဖွဲ့တွေ ဟူသီသူပုန်ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ထောင်နဲ့ချီ လုပ်ဆောင်ခဲ့ကြပါတယ်။ ဆော်ဒီကို ထွက်ပြေးခဲ့ရတဲ့ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်သမ္မတကို ပြန်ပြီး နေရာပေးဖို့ ဆိုပြီး ထိုးစစ်ဆင်တာလို့ ပင်လယ်ကွေ့ ညွန့်ပေါင်းတပ်ဖွဲ့က ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up