ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ
DVB
·
February 1, 2017
ဧပြီ ၁ ရက် ကျင်းပ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေရဲ့ စာရင်းတွေကို နိုင်ငံတ၀န်းမှာ ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ စတင် ကြေညာပေးနေပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ၂ ပတ်ကြာ ကပ်ထားပေးမယ့် မဲစာရင်းမှာ မိမိနာမည်မပါရင် ပုံစံ ၃ နဲ့ မဲစာရင်းမှာ နာမည်ထည့်ပေးဖို့ တောင်းဆိုကြပါလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေတ္တာရပ်ခံ အသိပေးထားပါတယ်။
ဒါ့အပြင် မဲစာရင်းမှာ မပါသင့်သူတွေ ပါနေတာတွေ့ရင် ပုံစံ ၄ နဲ့ ကန့်ကွက်ပါ။ အချက်အလက်တွေ မှားယွင်းနေရင် ပုံစံ ၄ – ဂ အရ ပြင်ဆင်လွှာတင်သွင်းပါ။ လိုအပ်တဲ့ပုံစံတွေကို ရပ်ကျေးကော်မရှင်တွေထံမှာ အခမဲ့ တောင်းယူပါလို့ ကြေညာချက် ထုတ်ပြန် ပြောကြားထားပါတယ်။
မဲစာရင်းတွေကို အဲ့ဒီလို ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ပြီးရင် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ မဲဆန္ဒရှင်စာရင်းကို ကော်မရှင်က မတ် ၁၇ ရက်မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၉ ခုအတွက် ပါတီပေါင်း ၂၄ ခုက ကိုယ်စားလှယ်ပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၉၂ ရပ်ကွက်နှင့် မဟာဗန္ဓုလလမ်းတွင် မဲဆန္ဒရှင်စာရင်း ကြေညာထားမှုမြင်ကွင်း (ဓာတ်ပုံ - ကိုမောင်၊ စုစုသွယ်)