DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်၊ ပြည်သူများ ထပ်မံတိမ်းရှောင်
DVB
·
December 9, 2011
ကချင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်၊ ပြည်သူများ ထပ်မံတိမ်းရှောင်
Donate to DVB

ကချင်ပြည်နယ် ၀ိုင်းမော်၊ မံစီနဲ့ မိုးမောက်မြို့နယ်တွေမှာ အစိုးရတပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော်တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ကချင်လူမှုအဖွဲ့တွေက ပြောပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းကစပြီး ဒီ မြို့နယ်သုံးခုအတွင်းက ကေအိုင်အို ထိန်းချုပ် နယ်မြေတွေမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတာပါ။

အစိုးရတပ်က ကချင်လွတ်မြောက်ရေး တပ်မတော်ထိန်းချုပ်နယ်မြေတွေကို တိုက်ခိုင်နိုင်ဖို့ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး ဒီရက်ပိုင်း ၀ိုင်းမော်မြို့နယ် ဆဒုံနဲ့ ကန်ပိုင်တီလမ်းပိုင်းမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတာလို့ ကချင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကချင်ဒေသခံတဦးက အခုလို ပြောပါတယ်။

[caption id="attachment_18690" align="alignleft" width="310" caption="ဆဒုံး-ကန်ပိုက်တီ လမ်းကြောင်းမှ စစ်ကြောင်းထိုးတက်လာနေသော မြန်မာစစ်ကြောင်း​ "][/caption]

“တိုက်ပွဲအခြေအနေတော့ ဆဒုံး-ကန်ပိုက်တီပေါ့။ ဆဒုံး-ကန်ပိုက်တီလမ်းပေါ့။ အရင်က စစ်ပွဲစဖြစ်တဲ့နေရာ။ တန်တာအနီးတ၀ိုက်ပေါ့။ ဆီလုန်- တန်ကာအနီး မိုးမောက်မြို့နယ်ပေါ့။ အဲဒီနေရာတွေ နောက်ပြီးတော့ ၀န်းကြီး၊ နမ့်ခန်းဘက်ပေါ့။ အဲဒီနေရာလေးတွေမှာ ဖြစ်နေတယ်။ ခုနကပြောတဲ့ ၀ိုင်းမော်မြို့နယ်၊ စတုန်းဒေသရယ်။ မရမ်ဘက်မှာ မိုးမောက်မြို့နယ်တ၀ိုက်ရယ်။ မန်ဆီမြို့နယ်တ၀ိုက်ရယ်။ အဲဒီဘက်မှာ လူတွေက ဒုက္ခတွေရောက်နေတယ်။”

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညတုန်းက ၀ိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းအင်အား ၂၀၀ လောက်က ဆဒုံး-ကန်ပိုက်တီဒေသကို စစ်ကြောင်းထိုးခဲ့သလို တနင်္လာ မနက်ပိုင်းမှာလည်း နောက်ထပ်စစ်အင်အား ၃၀၀ ကျော်ဟာလည်း အဲဒီ ဒေသဘက်ကို ထပ်ပြီး ချီတက်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကြောင်းနဲ့အတူ ရိက္ခာ၊ လက်နက်ခဲယမ်း သယ်ဆောင်တဲ့ စစ်ကားတန်းများ၊ ၀န်တင်မြင်းနဲ့ လားတွေလည်း ပါရှိကြောင်း ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပြောပါတယ်။

ဒီလို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတက်သွားပြီး နောက်ပိုင်း စစ်ကြောင်းချီတက်ရာတလျှောက် ၀ူထောဘွမ် (Wuhtau Bum) ဒေသမှာ တိုက်ပွဲတွေ ဒီနေ့အထိ ဆက်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် နှစ်ဘက်ထိခိုက်ကျဆုံးမှုကိုတော့ မသိရှိရသေးပါဘူး။ ကချင်သတင်းဌာနရဲ့ ဖော်ပြချက်အရ ၀ူထောဘွမ် (Wuhtau Bum) ၀န်းကျင်မှာ အစိုးရတပ်နဲ့ ကချင်တပ်တို့ ၇ ရက် ဆက်တိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အစိုးရတပ်ဘက်က ၃၀၀ ကျော် ကျဆုံးကြောင်း ဖော်ပြထားပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့လည်း ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက အခုလို ပြောပါတယ်။

“ဒီဇင်ဘာလ ၁ ရက်နေ့ကနေပြီးတော့ မနေ့က ၈ ရက်အထိ ကျနော်တို့ ရထားတဲ့ သတင်းအရတော့ တိုက်ပွဲပေါင်း အားလုံး ၆၇ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်တဲ့တိုက်ပွဲတွေကလည်း ပြင်းပြင်းထန်ထန် ဖြစ်တဲ့ တိုက်ပွဲတွေပါ။ အထူးသဖြင့် တပ်မဟာ ၃ ဒေသခွင်ပါ။ တပ်မဟာ ၃ ဒေသခွင်မှာ တပ်ရင်း ၁၄၊ ၁၅ ဒေသတွေမှာ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ တပ်ရင်း ၃ ဒေသ ၀ူထောဘွမ် ဒေသမှာလည်း တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ ၀ူထောင်ရဲ့ တပ်ရင်း ၃ နေရာကို ရဖို့အတွက် သူတို့ တပတ်လောက်ရှိပြီ။ စစ်ကြောင်း ၃ ကြောင်းနဲ့ ၀င်ထိုးတာ။ တပ်မဟာ၎ ဒေသမှာလည်း တပ်ရင်း ၃၄ ရယ်၊ ၃၆ ရယ်၊ ၃၈။ အဲ့ဒေသတွေမှာလည်း တိုက်ပွဲပြင်းထန်တယ်။ ဖြစ်တဲ့ တိုက်ပွဲတိုင်းက ပြင်းထန်တယ်ပြောလို့ရတယ်။”

ဒီလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံလူထုတွေ တရုတ်နယ်စပ်ဘက်ကို အမြောက်အမြား ထွက်ပြေး ခိုလှုံနေကြပါတယ်။ ကေအိုင်အို ထိန်းချုပ်နယ်မြေထဲကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည် သုံးသောင်းခွဲ ရှိနေပြီလို့ ဦးလနန်းက ပြောပါတယ်။

ဒ့ါအပြင် တောတွင်းမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေ ရှိနေသေးသလို တရုတ်ပြည်ဘက်ကိုလည်း သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေ သွားရောက် ခိုလှုံတာတွေ ရှိတယ်လို့ ပြောပါတယ်။ တရုတ်ပြည်ဘက် ၀င်ရောက်ခိုလှုံတဲ့ ဒုက္ခသည်တွေကို တရုတ်အာဏာပိုင်တွေက ပြန်လည်မောင်းထုတ် နေတယ်လို့လည်း ဦးလနန်းက ပြောပါတယ်။

ကေအိုင်အို ခေါင်းဆောင်တွေနဲ့ အစိုးရကိုယ်စားလှယ်တချို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံရွှေလီမြို့မှာ နှစ်ဖက် တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် တိုက်ပွဲပြင်းထန်လာတဲ့အပေါ် ဦးလနန်းက အခုလို ပြောပါတယ်။

“အစိုးရဘက်မှာ နှစ်ဖက်ဖြစ်နေတယ်လို့ ကျနော်တို့သတ်မှတ်လို့ရတယ်။ တချို့က အရပ်သားအစိုးရဆိုတဲ့ ၀န်ကြီး ဦးအောင်သောင်းတို့၊ ဦးသိန်းဇော်တို့ကနေ လိုက်လံပြီးတော့ တွေ့ဆုံတဲ့အဖွဲ့တဖွဲ့ရယ်။ နောက်ပြီးတော့ စစ်တပ်မှာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီ ၂ ဖွဲ့က ဘယ်လိုမှ အဆင်မပြေဘူးလို့ မှတ်ယူလို့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီတဖက်မှာ ဦးသိန်းဇော်၊ ဦးအောင်သောင်းတို့ အဖွဲ့ကနေပြီးတော့ တွေ့ဆုံဆွေးနွေးချိန်မှာ တဖက်မှာ စစ်တပ်တွေ အလုံးအရင်းနဲ့ ထပ်တိုးလာတာ၊ ဒါကို ကြည့်ခြင်းအားဖြင့် ၀န်ကြီးအဖွဲ့တွေ လိုက်လံပြီးတော့ တွေ့ဆုံဆွေးနွေးနေတဲ့ အပေါ်မှာ သူတို့ကို အသိအမှတ်ပြုပုံမရဘူး။ အခုလည်း ရှမ်းပြည်ဘက်မှာလည်း တပ်ရင်းစစ်အင်အားတွေ ပြန်ဝင်နေတယ်။ အင်အားအနည်းဆုံး ၆၀၀ လောက်ဖြစ်ပါလိမ့်မယ်။”

အစိုးရနဲ့ ၁၇ နှစ်ကြာ အပစ်ခတ်ရပ်စဲရေးယူခဲ့တဲ့ ကချင်လွတ်လပ်ရေး တပ်မတော်ကို ပြီးခဲ့တဲ့ ၂၀၁၀ ကစပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းရာကနေ လက်မခံခဲ့အတွက် အခုနှစ် ဇွန်လဆန်းပိုင်းကစပြီး အစိုးရတပ်က ကချင်တပ်ဖွဲ့တွေကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲကြောင့် ဒေသခံ ၅ သောင်းလောက် ထွက်ပြေး တိမ်းရှောင်နေကြရပြီး သူတို့ရဲ့ရွာတွေ မီးရှို့ဖျက်ဆီးခံနေရတာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ခံရတာစတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့  ကချင်လူမှုအဖွဲ့တွေက ထုတ်ပြန်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013