"စည်းကမ်းပြည့်ဝသော မော်လမြိုင်၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ" ဆိုတဲ့ မော်တော်ဆိုင်ကယ် ဦးထုပ်ဆောင်းကြဖို့ လူထုလှုပ်ရှားမှုကို ဇန်နဝါရီ ၃၀ ရက်နေ့က မော်လမြိုင်မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။
မွန်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်က ဦးဆောင်တဲ့ အခုလှုပ်ရှားမှုမှာ ပြည်သူ ၁၀၀ ဝန်းကျင်က မော်တော်ဆိုင်ကယ်ဦးထုပ်ကိုယ်စီ ဆောင်းလို့ ဆိုင်ကယ်စီး ပါဝင်ကြတာပါ။
မော်လမြိုင် လေယာဉ်ကွင်းရှေ့မှ စတင်ထွက်ခွာလို့ တောင်ဝိုင်းလမ်းမမှ အောက်လမ်းမကြီး၊ အဲဒီကမှတဆင့် ဒိုင်းဝန်ကွင်းလမ်းမတလျှောက် မြို့အတွင်းလှည့်လည်ပြီး ဆိုင်ကယ်စီး လှုပ်ရှားကြတာပါ။










