အခိုးယူခံလိုက်ရတဲ့ အီဂျစ်တော်လှန်ရေးရဲ့ တခန်းမရပ် အလွမ်းဇာတ်

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မြေထဲပင်လယ် ကမ်းရိုးတန်းနိုင်ငံတခုဖြစ်တဲ့ တူနီးရှားနိုင်ငံမှာ လက်တွန်းလှည်းနဲ့ ဟင်းသီးဟင်းရွက် ရောင်းချ အသက်မွေးနေထိုင်တဲ့ ဘွဲ့ရ လူငယ်လေးတယောက်ဖြစ်တဲ့ မိုဟာမက်ဘွာဇီဇီဟာ သူ ရိုးရိုးသားသား အသက်မွေးဝမ်းကျောင်း လုပ်နေတာကို အာဏာပြ အနိုင်ကျင့်စော်ကားခဲ့တဲ့ အမျိုးသမီး ပုလိပ်တပ်ဖွဲ့ဝင်တယောက်ရဲ့ ဖိနှိပ်မှုကို မခံမရပ်နိုင်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ ကန့်ကွက်ဆန္ဒပြလိုက်တာမှာ သူ့လိုပဲ မခံမရပ်နိုင်ဖြစ်နေကြတဲ့ တူနီးရှား ပြည်သူလူထုကြီးရဲ့ ဒေါသကို နှိုးဆွလိုက်သလိုဖြစ်သွားပြီး လူထုဒီမိုကရေစီ အရေးတော်ပုံကြီးတရပ် ပေါ်ပေါက်ခဲ့တာကို စာဖတ်သူတွေ သတိရကြဦးမှာပါ။ အခြေအနေက လူထုရဲ့အင်အားကို တားဆီးမရ မထိန်းနိုင်ဖြစ်လာတဲ့အချိန် ဇန်နဝါရီ ၁၄ ရက်နေ့မှာ သမ္မတ ဘင်အလီ နိုင်ငံခြားကို ထွက်ပြေးသွားခဲ့တဲ့အတွက် ပြည်သူလူထုတွေ အောင်ပွဲရသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီ ၂၈ ရက်တာ လူထုဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပြည်သူလူထု ၂၀၀ ကျော် ပစ်သတ်ခံလိုက်ရတာကိုလည်း အမှတ်ရကြဦးမှာပါ။ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတွေထက် ဘာသာရေးအရ ကွပ်ညှပ်မှုတွေနဲ့ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို နှစ်ပေါင်းများစွာ စိုးမိုးအုပ်ချုပ်ခံနေထိုင်ခဲ့ကြရတဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေမှာ ဒီလို လူထုဒီမိုကရေစီ အုံကြွတော်လှန်မှုက အောင်ပွဲရသွားတဲ့အတွက် အုပ်စိုးသူ အာဏာရှင်အစိုးရတွေအဖို့ အင်အားကြီးမားတဲ့ လှိုင်းလုံးကြီးတခု ရိုက်ခတ်ခံလိုက်ရသလို ဖြစ်သွားတယ်လို့ ပြောရမှာပါပဲ။ အံ့သြထိတ်လန့်သွားခဲ့ကြတာ အမှန်ပါပဲ။ ၁ လလောက်အချိန်အတွင်းဖြစ်တဲ့ ၂၀၁၁ ခု ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ အာဏာရှင် မူဘာရက် အုပ်ချုပ်နေတဲ့ အီဂျစ်နိုင်ငံမှာလည်း တူနီးရှားနိုင်ငံလိုပဲ အဖိနှိပ်ခံ ပြည်သူလူထုရဲ့ ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုကြီးတခု မြို့တော်ကိုင်ရိုနဲ့ နိုင်ငံတဝန်းမှာ ဖြစ်ပေါ်လာခဲ့ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာတော့ သမ္မတ မူဘာရက် ရာထူးကဆင်းပေးဖို့ သဘောတူလိုက်တဲ့အတွက် ဒီမိုကရေစီရေးလှုပ်ရှားမှုကြီး ပဏာမအနေနဲ့ အောင်ပွဲရသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီမိုကရေစီ အရေးတော်ပုံအတွင်း သြဇာကြီးမားခဲ့တဲ့ မူဆလင်ညီအစ်ကိုများအဖွဲ့၊ အီဂျစ်စစ်တပ်နဲ့ တခြားနိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေအကြား ရွေးကောက်ပွဲအတွက် အငြင်းအခုံပြုကြအပြီး မူဆလင်ညီအစ်ကိုများအဖွဲ့က သူ့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ် လွတ်လပ်မှုနဲ့ တရားမျှတမှုပါတီ ခေါင်းဆောင်ဖြစ်တဲ့ မိုဟာမက်မော်စီကို ဇွန်လ ၁၈ ရက်နေ့မှာ တရာဝင်ကြေညာခဲ့ပြီး ရွေးကောက်ပွဲမှာလည်း အနိုင်ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်အရ မိုဟာမက်မော်စီဟာ အီဂျစ်နိုင်ငံရဲ့ ပထမဆုံး လူထုရွေးချယ်တင်မြှောက်ခံရတဲ့ အီဂျစ်နိုင်ငံရဲ့ ပဉ္စမမြောက် သမ္မတအဖြစ် ဇွန်လ ၃၀ ရက်နေ့မှာ သမ္မတတာဝန်ကို စတင်ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။ သူ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့နေ့မှာ အီဂျစ်ပြည်သူလူထုတွေဟာ တာရီးယားရင်ပြင်မှာ တခဲနက် စုဝေးကြပြီး သူ့ကို နိုင်ငံရဲ့ ပထမဆုံးသော ဒီမိုကရေစီနည်းနဲ့ ရွေးချယ်တင်မြှောက်ခံရတဲ့ သမ္မတအဖြစ် သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံကြတာကို ခံခဲ့ရပါတယ်။ ဒါပေမယ့် အစပိုင်းမှာ မိုဟာမက်မော်စီ အာဏာရလာတာကို ခြိမ်းခြောက်လာတဲ့ အကြမ်းဖက်ဝါဒကို နိဂုံးချုပ်ပစ်ဖို့ တခုတည်းသောနည်းလမ်းပဲလို့ ပြောဆိုခဲ့တဲ့ အီဂျစ်စစ်တပ်ဗိုလ်ချုပ်ကြီး အယ်လ်စီစီက ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ အာဏာသိမ်းယူခဲ့ပါတယ်။ သူက သမ္မတ မော်စီနဲ့ မူဆလင်ညီအစ်ကိုများအဖွဲ့ကို အပြစ်အမျိုးမျိုးတင်ပြီး ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခဲ့ပြီး သမ္မတ မော်စီကို ရုံးတင် တရားစွဲခဲ့ပါတယ်။ သူ့ကို တရားရုံးက သေဒဏ် အပြစ်ပေးခဲ့ပေမယ့် ပလပ်တရားရုံးက သူ့သေဒဏ်ကို ပယ်ဖျက်ပြီး ထောင်ဒဏ်တသက် ချမှတ်ပေးလိုက်ပါတယ်။ အခုတော့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်နဲ့ ခုလက်ရှိသမ္မတ ဗိုလ်ချုပ်ကြီးဟူစိန် ခါလီလ်အယ်လ်စီစီကတော့ ခဏပိုင်း ဒီမိုကရေစီ အခွင့်အရေး ဟပေးတာကို လက်ခံခွင့်ပြုခဲ့ပေမယ့် သူတို့စစ်အုပ်စုရဲ့ အုပ်ချုပ်မှုအာဏာကို ထိန်းချုပ်ချင်နေတဲ့အတွက် အရင်က မကြုံဘူးတဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ချိုးဖောက်မှုတွေကို အီဂျစ်နိုင်ငံမှာ စဉ်ဆက်ကျူးလွန်ခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက ပြောကြားခဲ့ပါတယ်။ အဲဒီလို စစ်အာဏာရှင်အုပ်ချုပ်ရေးအရ လုပ်ဆောင်ခဲ့တာတွေရဲ့ ရလဒ်ကတော့ စစ်တပ်လုံခြုံရေး လွှမ်းမိုးမှုအောက်မှာ နိုင်ငံတော်ရဲ့ ယန္တရားမှာ အာဏာမျှဝေမှု အားလုံး ဆုံးရှုံးသွားသလို ပြည်သူတွေရဲ့ ထောက်ခံမှုကို အားနည်းသွားစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါပေမယ့် အဲဒီအခြေအနေတွေကို ရပ်တန့်သွားရအောင် အာဏာသိမ်းအစိုးရကတော့ အတိအလင်း ဖိနှိပ်မှုတွေနဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ ဥပဒေပြုခိုင်းတာတွေ၊ တရားစီရင်ရေးမှာ ဝင်ရောက်ကြိုးကိုင်တာတွေကို အသုံးပြုနေတာ တွေ့ရပါတယ်။ ၂၀၁၃ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး မကြာခင်မှာပဲ အစိုးရက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စတင်ဖြစ်ပျက်လာခဲ့ပြီး အီဂျစ် လူ့အဖွဲ့အစည်းတခုလုံးကို ကိုင်လှုပ်လိုက်သလို တုန်ခါသွားစေခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကတော့ သူတို့ဟာသူတို့ ခုလိုအုပ်ချုပ်နေရတာဟာ ပြည်သူလူထုတွင်း ပဋိပက္ခတွေနဲ့ ရန်လိုတိုက်ခိုက်မှုတွေကြောင့် တိုင်းပြည်ပြိုကွဲပျက်စီးသွားမှာကို ကယ်တင်ဖို့လို့ အကြောင်းပြပြီး ပြည်သူလူထုရဲ့ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို တိတိလင်းလင်း ချိုးဖောက်နေဆဲဆိုတာ တွေ့ရပါတယ်။ အဲဒီလို ဖိစီးမှုတွေဟာ အုပ်စိုးသူစစ်အာဏာရှင်တွေက ပြည်သူလူထုကြားမှာ ဖြစ်ပေါ်နေတဲ့ အကြောက်တရားတချို့ကို လျှော့ချပေးနိုင်ခဲ့သလို အရပ်ဘက် လူ့အဖွဲ့အစည်းရဲ့ သဘောမတူ ကန့်ကွက်မှုတချို့ကိုလည်း ပျတ်ဝပ်သွားစေနိုင်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု နည်းလမ်းတွေအရ နိုင်ငံရေးအရ အပြိုင်အဆိုင်လုပ်မှုတွေကိုလည်း ဖယ်ရှင်းပစ်လိုက်သလို ဖြစ်သွားခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ဖိနှိပ်မှုဟာ ၂၀၁၃ ခုနှစ်ကစပြီး အီဂျစ်နိုင်ငံ အာဏာသိမ်းအစိုးရရဲ့ အဓိက တည်ဆောက်မှုတခု ဖြစ်လာခဲ့တယ်လို့ ပြောရမှာပါပဲ။ ဒါပေမယ့် အဲဒါတခုတည်းကို အာဏာရှင်အသစ်က သုံးစွဲခဲ့၊ သုံးစွဲနေတာတော့ မဟုတ်ပါဘူး။ လူ့အခွင့်အရေး အဖွဲ့အစည်းပေါင်းစုံရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ အကျဉ်းကျခံနေရသူ ဦးရေဟာ ခန့်မှန်းခြေအားဖြင့် ၆၀၀၀၀ လောက်ရှိသွားပြီလို့ ဆိုပါတယ်။ အဲဒီလို မတရားဖမ်းဆီးခံရသူတွေကို ချုပ်နှောင်ထားနိုင်ဖို့ အီဂျစ်နိုင်ငံမှာ နောက်ထပ် အကျဉ်းထောင် ၁၀ ခုကို စတင်ပြီး တည်ဆောက်နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အင်အားသုံး အပျောက်ရှင်းမှုတွေကလည်း ဒေသတွင်းနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့အစည်းတွေ လေ့လာချက်အရ ပျောက်ဆုံးသွားသူနှုန်းဟာ ပျမ်းမျှ တနေ့ကို ၄ ယောက်မှာ ၃ ယောက်အထိ ရှိနေပြီလို့ သိရပါတယ်။ မူဆလင်ညီအစ်ကိုများအဖွဲ့ကို ထောက်ခံသူတွေရဲ့ စည်းရုံးမှုနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အသံတိတ်ဆန္ဒပြပွဲတွေကိုလည်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှာ ဖြိုခွဲပစ်လိုက်တာ တွေ့ရပါတယ်။ ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အစီရင်ခံ တင်ပြမှုတွေအရ ၂၀၁၆ ခုနှစ် နှစ်ဝက်ထဲမှာတင် ဥပဒေမဲ့သတ်ဖြတ်မှု ၇၅၄ မှု ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်က ဖြစ်ခဲ့တဲ့ ဥပဒေမဲ့သတ်ဖြတ်မှု ၃၂၆ မှုထက် ပိုပြီးမြင့်တက်လာတာကို တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ထုတ်ပြန်ခဲ့တဲ့ အီဂျစ် အခွင့်အရေးနဲ့ လွတ်လပ်မှု ပူးတွဲဆောင်ရွက်မှု အစီရင်ခံစာအရ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်း အစိုးရထိန်းသိမ်းရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ ကိုယ်ထိလက်ရောက် နှိပ်စက်မှုနဲ့ တမင်ဆေးကုသပေးမှုကို လျစ်လျူရှုမှုပေါင်း ၁၃၄၄ မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကြောက်ခမန်းလိလိ လူ့အခွင့်အရေးချိုးဖောက်မှုတွေလို့ ပြောရမှာပါပဲ။ အာဏာရှင်အစိုးရရဲ့ အဓိကရည်ရွယ်ချက်ကတော့ လွတ်လပ်စွာဖော်ထုတ်ခွင့်နဲ့ သင်းပင်းဖွဲ့စည်းခွင့်တွေကို အပြီးတိုင် ဖျက်သိမ်းရှင်းလင်းပစ်ရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အီဂျစ်ရဲ့ အာဏာရှင်စနစ်သစ် စတင်ခဲ့ပြီး နှစ်ပိုင်းအတွင်းမှာပဲ အစိုးရရဲ့ အတိုက်အခံ နိုင်ငံရေးပါတီတွေနဲ့ လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းတွေအပေါ် ဖိစီးနှိပ်ကွပ်မှုတွေကြောင့် နိုင်ငံသားတွေဟာ တစတစ နည်းပါးလာတဲ့ လူထုပိုင်နေရာတွေကနေ အုပ်စုလိုက် ရှောင်ဖယ်လာကြတာကိုလည်း မြင်သာထင်ရှား တွေ့နေရပါတယ်။ ဒါပေမယ့် အီဂျစ်နိုင်ငံရဲ့ အခွင့်ထူးခံ အာဏာရှင်အုပ်စိုးသူတွေက သူတို့ကတိပြုခဲ့တဲ့ ဒီမိုကရေစီ အခွင့်အလမ်းတွေကို ဖွင့်ပေးပါ့မယ်ဆိုတဲ့ ကတိစကားတွေကို ဆောင်ရွက်ပေးဖို့ ပျက်ကွက်ခဲ့ပြီး နိုင်ငံနဲ့ လူ့အဖွဲ့အစည်းကို ထိန်းချုပ်အုပ်ချုပ်ဖို့ ကြိုးစားလာတာကို အီဂျစ်ပြည်သူတွေ ခံစားနေရတယ်လို့ ပြောရမှာပါပဲ။ အီဂျစ်ပြည်သူတွေဟာ အာရပ်လှိုင်းကိုစီးပြီး လူထုဒီမိုကရေစီ အရေးတော်ပုံကြီးကို အောင်ပွဲရအောင် တိုက်ပွဲဝင်နိုင်ခဲ့ကြတယ်။ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြှောက်ခံရတဲ့ သမ္မတ ရှိပြီးမှ စစ်အာဏာရှင်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရတယ်။ ပြီးမှ အောင်ပွဲရလဒ်ကို စစ်တပ်က ခိုးယူခံခဲ့ရတယ်လို့ ဆိုရမှာပါ။ ကျနော်တို့နိုင်ငံကတော့ ၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီ အရေးတော်ပုံကြီး မအောင်မြင်ခဲ့ဘူး။ စစ်အာဏာရှင်တွေက ချေမှုန်းပစ်တာခံခဲ့ရ။ လိမ်ညာပြီး ဒီမိုကရေစီ ရွေးကောက်ပွဲလုပ်ပေးတာ ခံခဲ့ရ။ တရားသဖြင့် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အစိုးရဖွဲ့ခွင့်မပေးဘဲ စစ်အုပ်စုက အာဏာကို ဆက်ကိုင်စွဲထားတာကို ခံခဲ့ရ၊ နိုင်ငံတကာမှာ လူတောတိုးဖို့ အခက်တွေ့၊ စီးပွားရေး အရေးယူဒဏ်ခတ်မှုတွေကြောင့် မလှုပ်နိုင်တော့မှ ကလိမ်ကညစ်နည်းနဲ့ ရွေးကောက်ပွဲလုပ်၊ လုပ်ပွဲကြီးနဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကိုပဲ သမ္မတခန့် အုပ်ချုပ်တာခံခဲ့ရ၊ ခု ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားင်္ဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရခဲ့၊ အစိုးရဖွဲ့ခွင့်ရခဲ့ပေမယ့် ၂၀၀၈ ခြေဥအရ စစ်တပ်လက်ထဲမှာပဲ အာဏာဆက်ရှိနေအောင် လုပ်ထားတာကို ခံနေခဲ့ရပြန်တယ်။ ခုချိန်ထိ အီဂျစ်စစ်အာဏာရှင်တွေ ကောက်ကျစ်စဉ်းလဲတာနဲ့ မြန်မာစစ်အာဏာရှင်တွေ ကောက်ကျစ်စဉ်းလဲတာက ပိန်မသာလိမ်မသာလို့ ပြောရင်ရပေမယ့် မြန်မာစစ်အာဏာရှင်တွေကတော့ ၂ ကြိမ် ၂ ခါ တော်လှန်ရေးရလဒ်ကို ခိုးယူသွားနိုင်ခဲ့တယ်လို့ ပြောရင် လွန်မယ်မထင်ပါဘူး။ သူခိုး ဓားရိုးကမ်းသူတွေကလည်း ရှိခဲ့ပေတာကိုး ။                 ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up