ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား နိုင်ငံသား စိစစ်ရေးရုံးများ ဖွင့်လှစ်တော့မည်
DVB
·
December 8, 2011
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား နိုင်ငံသားစိစစ်ရေးရုံးတွေကို လာမယ့်နှစ် ဇန်န၀ါရီလဆန်းကစပြီး ဖွင့်တော့မယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ကိုကျော်သောင်းက ပြောပါတယ်။
“ထိုင်းအစိုးရ တရားဝင် ကြေညာထားတာက လာမယ့် ဇန်န၀ါရီ တရက်နေ့က စပြီးတော့ ထိုင်းနိုင်ငံမှာ ၅ နေရာမှာ ယာယီပတ်စ်ပို့ ထုတ်ပေးမယ်တဲ့။ ဘန်ကောက်မှာ ၁ ရုံးရှိမယ်၊ စမွန်စာကွန်ခရိုင်မှာ ၂ ခုရှိမယ်၊ ချင်းမိုင်မှာ တခုရှိမယ် ထိုင်းနိုင်ငံတောင်ပိုင်းမှာတခု။”
မြန်မာအလုပ်သမား အများဆုံး ၀င်ရောက်ရာ လမ်းဖြစ်တဲ့ မဲဆောက်မှာလည်း နိုင်ငံသားစိစစ်ရေးရုံးနဲ့ အလားတူ ၀န်ဆောင်မှုတွေကို ပေးလာနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား အလုပ်သမားဆိုင်ရာ နားလည်မှု စာချွန်လွှာအရ မြန်မာအစိုးရက ထိုင်းနိုင်ငံကို အလုပ်သမား ၁ သိန်းစေလွတ်ပေးရဖို့ ရှိနေပြီး ခုလောလောဆယ် ၃ သောင်းပဲ ရသေးတယ်လို့ ထိုင်းအစိုးရ အလုပ်သမားရေးရာ ၀န်ကြီးဌာန လက်အောက်ခံ အလုပ်သမား ရှာဖွေရေးဌာနက ပြောပါတယ်။
မြန်မာဘက်ကတော့ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ကိုယ်စားလှယ် ၅ ဖွဲ့ကို ဒီလ တတိယအပတ်မှာ ထိုင်းနိုင်ငံကို စေလွှတ်ဖို့ရှိပြီး ဇန်န၀ါရီလဆန်းစလို့ ထိုင်းနိုင်ငံမှာ နိုင်ငံသားစိစစ်ရေးရုံး စတင်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
ထိုင်းအစိုးရက ဇွန်လ ၁၅ ရက်ကနေ ဇူလိုင်လ ၁၄ ရက်နေ့အထိ နိုင်ငံခြား အလုပ်သမားတွေကို အလုပ်သမားမှတ်ပုံတင် လုပ်ပေးခဲ့တုန်းက မြန်မာအလုပ်သမား ၇ သိန်း လောက်လာရောက် စာရင်းပေးကြတယ်လို့ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ဒါဟာ ထိုင်းမှာ တရားမ၀င် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၂ သန်းကျော်ထဲက ဖြစ်တယ်လို့ ထိုင်းအစိုးရနဲ့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။