DVB Logo
Home
မြန်မာသတင်း
လွတ်လပ်သောဧည့်လမ်းညွှန်များ သမဂ္ဂဖွဲ့ရန် ပြင်ဆင်
DVB
·
December 8, 2011
လွတ်လပ်သောဧည့်လမ်းညွှန်များ သမဂ္ဂဖွဲ့ရန် ပြင်ဆင်
Donate to DVB

လွတ်လပ်သောဧည့်လမ်းညွှန်များသမဂ္ဂ (Freelance Guide Union )ကို  ဒီရက်ပိုင်းထဲဖွဲ့ဖို့ ပြင်ဆင်လုပ်ကိုင်နေကြတယ်လို့ သိရှိရပါတယ်။

မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်းကို အားမရတဲ့ အသင်းဝင်တချို့နဲ့ ဧည့်လမ်းညွှန်တချို့တို့ ပူးပေါင်းပြီး အခုလိုဖွဲ့ဖို့ လုပ်နေကြတာလို့ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း ပြန်ကြားရေးအဖွဲ့ဝင် ကိုညီညီက ပြောပြပါတယ်။

“MTGA ဆိုတာက ကျနော်တို့ Myanmar Tourist Guide Association။ အဲဒါက ကျနော်တို့အပါအဝင် တရားဝင် ဖွဲ့စည်းပြီးတော့ လုပ်နေတာပေါ့။ သူကကျတော့ နည်းနည်း အစိုးရထိန်းချုပ်မှု နည်းနည်း ရှိတော့ ကျနော်တို့ ဧည့်လမ်းညွှန်တွေ လိုချင်သလောက် လွတ်လွတ်လပ်လပ် လုပ်လို့မရဘူး။ အဲဒါကို တချို့ကလည်း အားမရလို့ သူတို့ဟာသူတို့ ဖွဲ့မယ့်သတင်းတွေ ကြားနေတယ်ဗျ။”

မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်းရဲ့ လက်ရှိအနေအထားကိုလည်း ခုလို ပြောပါတယ်။

“NGO တခု ပီပီသသကြီးတော့ မလုပ်နိုင်ဘူးဗျ။ မလုပ်နိုင်ဘူး။ ကျနော်တို့မှာ စည်းမျဉ်း စည်းကမ်းတွေက ချမှတ်ထားတာ တအားများတယ်။ များတော့ ကျနော်တို့ လုပ်ချင်ပါလျက်နဲ့ မလုပ်နိုင်တာတွေ အများကြီးရှိတယ်။ နောက် မလုပ်ချင်ဘဲနဲ့ အမိန့်တွေ လိုက်နာနေရတာတွေလည်း အများကြီး ရှိတယ်။ အဲဒါတွေလည်း ကျနော်တို့ ဆွေးနွေးနေပါတယ်။”

လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်မရှိတဲ့ အကြောင်းကို သက်ဆိုင်ရာဝန်ကြီးဌာနထံ အကြောင်းကြားစာ ပေးပို့ထားသလို ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်အသိပေးခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ဟိုတယ်ခရီးဝန်ကြီးဌာနက ဧည့်လမ်းညွှန် ကြီးကြပ်စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းပြီး၊ ဧည့်လမ်းညွှန်တွေကို စည်းကမ်းထိန်းသိမ်းမယ်လို့ ကြေညာချက်ထုတ်ခဲ့ကတည်းက ဧည့်လမ်းညွှန်တွေက မကျေမနပ်ဖြစ်ခဲ့၊ ကန့်ကွက်ခဲ့ကြတာပါ။

လက်ရှိမှာတော့ နိုင်ငံခြားသားများ ကူညီစောင့်ရှောက်ရေး ကော်မတီလို့နာမည်ပြောင်းဖွဲ့ထားပြီး ဟိုတယ်ခရီး ၀န်ထမ်းတွေနဲ့ စောင့်ကြပ်ကြည့်ရှုနေတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ မှတ်ပုံတင်ထားတဲ့ ဧည့်လမ်းညွှန်ပေါင်း သုံးထောင်ကျော်ရှိပြီး အမှန်တကယ် လုပ်ငန်းခွင်ဝင်လုပ်နေသူက ခြောက်ရာကျော်ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013