လင်မယားချင်းစကားများရာမှ ဇနီးဖြစ်သူအား ဓားဖြင့် ခုတ်သတ်
DVB
·
January 28, 2017
မွန်ပြည်နယ်၊ ရေးမြို့ လမိုင်းနယ်မြေရဲစခန်းပိုင် ဝယ်ဖယ်ကျေးရွာ တောင်ခြေအနီး ရာဘာထင်းခြံအတွင်း ဇန်နဝါရီ၂၇ ရက်နေ့ ည ၇ နာရီလောက်က မီးသွေးဖုတ်ရာ အလုပ်လုပ်တဲ့ အလုပ်သမား မင်းသူနဲ့ ဇနီး မလှရီတို့ စကားများရန်ဖြစ်မိရာမှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်တဲ့နေ့က လင်မယားနှစ်ဦးလုံး အရက်သေစာ အတူသောက်စားထားကြကာ မီးသွေးအိတ်မီးလောင်တဲ့ကိစ္စ စကားပြောဆိုရာနေ စကားများရန်ဖြစ်ကြပြီး မင်းသူက ဇနီးဖြစ်သူအား ထင်းခုတ်ဓားနဲ့ ခုတ်လို့ ဦးခေါင်းနောက်ဘက် ဓားဒဏ်ရာဖြင့်လဲကျသေဆုံးခဲ့ပြီး မင်းသူကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်သွားတဲ့ မင်းသူကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာမှာ ဇန်နဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ် အချိန်က နှစ်ကရင်ကျေးရွာ ဘူတာအနီး ရထားသံလမ်းအကူးမှာ ဖမ်းဆီးမိခဲ့ပါတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်များနဲ့ ပက်သက်လို့ ရဲအုပ်လင်းသူဇော်က တရားလိုပြုလုပ်တိုင်တန်းကာ လမိုင်းနယ်မြေ ရဲစခန်း (ပ)၁၅/၂၀၁၇ ရာဇာသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားရှိပြီး မင်းသူအား အသေးစိတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
နေမျိုးထွဋ်