DVB Logo
Home
မြန်မာသတင်း
ထမံသီရေအားလျှပ်စစ်စီမံကိန်းကြောင့် လူပေါင်း ၄ သောင်းခွဲကျော် ပြောင်းရွှေ့ခံရနိုင်
DVB
·
December 8, 2011
ထမံသီရေအားလျှပ်စစ်စီမံကိန်းကြောင့် လူပေါင်း ၄ သောင်းခွဲကျော် ပြောင်းရွှေ့ခံရနိုင်
Donate to DVB

အိန္ဒိယနိုင်ငံ မယူးဒေလီမြို့ အိန္ဒိယပါလီမာန် အဆောက်အဦရှေ့ရှိ ဂျန်တားမန် တားပန်းခြံမှာ ကူကီးလူမျိုးတွေက ထမံသီရေကာတာ စီမံကိန်း ရပ်တန့်ရေး တောင်းဆိုနေကြပါတယ်။

မြန်မာနဲ့ အိန္ဒိယ အစိုးရတို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်း ချင်းတွင်းမြစ်ပေါ်ရှိ ထမံသီအနီးမှာ တည်ဆောက်မယ့်  ကြီးမားတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြောင့် လူထု ၄ သောင်းခွဲကျော် ရွှေ့ပြောင်းခံရနိုင်တယ်လို့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO) က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆည်ဆောက်လုပ်မယ့် ထမံသီစီမံကိန်းဒေသက လူပေါင်း ၂၄၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၀၇ ကတည်းက အဓမ္မ ပြောင်းရွှေ့ခံခဲ့ရတယ်လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါကြောင့် ထမံသီဆည်ဆောက်လုပ်ရေး စီမံကိန်းကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့ နေရာပြောင်းရွှေ့ခံထားရတဲ့ ဒေသခံတွေကို ပြန်နေခွင့်ပေးဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ KWHRO ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်ငိုင်ငိုင်းက ပြောပါတယ်။

“ကျမတို့လောလောဆယ် အခြေအနေမှာ ဒီနေရာမှာရှိတဲ့ ပြည်သူလူထု ၂၄၀၀ ကျော်က ပစ္စည်းဥစ္စာတွေ ဆုံးရှုံးရတယ်၊ လယ်ယာမြေတွေ ဆုံးရှုံးတယ်၊ တဆက်တည်းမှာပဲ လူမှုရေးဒုက္ခတွေ သူတို့ကြုံတွေ့နေရတယ်။ အစိုးရအနေနဲ့ သင့်တင့်လျောက်ပတ်တဲ့ နစ်နာကြေးလည်း ပေးထားတာ မရှိဘူး။ အဓမ္မပြောင်းရွှေ့ခိုင်းတယ်။ ပြောင်းရွှေ့တဲ့နေရာမှာလည်း တခြားဒေသတွေ ပြောင်းလို့မရဘူး၊ သူတို့သတ်မှတ်ပေးထားတဲ့ နေရာမှာပဲ ပြောင်းရွှေ့ရတယ်။

“ဆိုတော့ ရွာသစ်မှာ ရောက်နေတဲ့ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေဟာ စားဖို့သောက်ဖို့တောင်မှ အခြေအနေ အတော်လေးဆိုးနေတယ်။ အဲဒီ မြို့သစ်အခြေအနေက နည်းနည်းလေး အထက်ပိုင်းမှာ တည်ထားတယ်။ ရေရှားပါတယ်၊ မြေက ခြောက်သွေ့တဲ့အခါမှာ စိုက်ပျိုးဖို့အတွက် လုံးဝ အဆင်မပြေဘူး။ ပြီးလို့ရှိရင် ရေမကောင်းတဲ့အတွက်ကြောင့် ကျန်းမာရေးလည်း ထိခိုက်တယ်။ စိုက်ပျိုးမြေက မကောင်းတဲ့အခါမှာ စားဖို့သောက်ဖို့တောင်မှာ သူတို့မှာ လုံလုံလောက်လောက် မရနိုင်ဘူး။

“အကယ်၍သာ ဒီဆည်ကို ဆက်ဆောက်မယ်ဆိုရင် ပြည်သူလူထု ၄ သောင်းခွဲကျော်ဟာ ဒီ့ထက်ဆိုးရွားတဲ့ ဆင်းရဲဒုက္ခတွေ၊ ပြဿနာတွေ၊ ဆုံးရှုံးမှုတွေကို ကြုံတွေ့ရမှာ ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျမတို့က ဒီလုပ်ငန်းကို အမြန်ဆုံးရပ်တန့်မှာသာလျှင် ပြည်သူတွေက ဒုက္ခမရောက်မှာ။”

ထမံသီရေကာတာစီမံကိန်း အမြန်ဆုံး ရပ်တန့်ပေးဖို့နဲ့ ဒီဆည်ကို လုပ်ဆောင်နေတဲ့ အိန္ဒိယနိုင်ငံအမျိုးသား ရေအားလျှပ်စစ် ထုတ်လုပ်ရေးကော်ပိုရေးရှင်း (NHPC) နဲ့ အိန္ဒိယရှိ မြန်မာသံရုံးတို့ကိုလည်း ကန့်ကွက်လွှာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြီးခဲ့တဲ့လပိုင်းတွေက ပြည်သူတွေ တောင်းဆိုမှုကြောင့် ကချင်ပြည်နယ်က  မြစ်ဆုံစီမံကိန်းကို ယာယီရပ်ဆိုင်းခဲ့တဲ့အတွက် ဒီထမံသီစီမံကိန်းကို ရပ်တန့်ပေးမယ်လို့ မျှော်လင့်ကြောင်းလည်း ဒေါ်ငိုင်ငိုင်းက ပြောပါတယ်။

ထမံသီရေအားလျှပ်စစ် စီမံကိန်းဆည်ဆောက်ရေးအတွက် မြန်မာအစိုးရက အိန္ဒိယနိုင်ငံ အမျိုးသား ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်းနဲ့ ၂၀၀၄ ခုနှစ်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၀၈ ခုမှာလည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အမှတ်(၁)နဲ့ အိန္ဒိယနိုင်ငံ အမျိုးသားရေအားလျှပ်စစ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်းတို့ နားလည်မှု စာချွန်လွှာသစ် ထပ်မံ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီရေအားလျှပ်စစ်စီမံကိန်းကနေ လျှပ်စစ်မဂ္ဂါဝပ် ၁၂၀၀ ထုတ်လုပ်နိုင်မှာ ဖြစ်ပေမယ့် ၈၀ ရာခိုင်နှုန်းကို အိန္ဒိနိုင်ငံသို့ ရောင်းချဖို့ စီစဉ်နေတဲ့ အကြောင်းလည်း အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013