DVB Logo
Home
မြန်မာသတင်း
သတင်းသမားထောင်ချထားသည့် ကမ္ဘာအဆိုးဆုံး အစိုးရများထဲတွင် မြန်မာအစိုးရသစ်ပါဝင်
DVB
·
December 8, 2011
သတင်းသမားထောင်ချထားသည့် ကမ္ဘာအဆိုးဆုံး အစိုးရများထဲတွင် မြန်မာအစိုးရသစ်ပါဝင်
1 / 2
Donate to DVB

သတင်းသမားတွေကို ထောင်ချတဲ့ ကမ္ဘာ့အဆိုးဆုံး အစိုးရတွေထဲမှာ မြန်မာအစိုးရသစ်လည်း ပါဝင်တယ်လို့ သတင်းသမားကာကွယ်ရေးအဖွဲ့ (စီပီဂျေ) က သတင်းထုတ်ပြန်ပါတယ်။

ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့ အဆိုးဆုံး နိုင်ငံကတော့ အီရန် နိုင်ငံဖြစ်ပြီး သတင်းသမား ၄၂ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ အီရန်နောက်က အီရီထရီးယား၊ တရုတ်၊ မြန်မာ၊ ဗီယက်နမ်၊ ဆီးရီးယား၊ တူရကီတို့ကလည်း အဆိုးဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်လို့ အမှတ်ပေးကြပေမယ့် သတင်းမီဒီယာကို ဖိနှိပ်တဲ့ အဆိုးဆုံးနိုင်ငံစာရင်းမှာ အဆင့် ၄ နေရာမှာရှိပြီး အနည်းဆုံး သတင်းသမား ၁၂ ယောက်ကို ဖမ်းဆီးထောင်ချထာဆဲပဲလို့ နယူးယောက်အခြေစိုက် စီပီဂျေအဖွဲ့က ဆိုပါတယ်။

စီပီဂျေရဲ့ အစီရင်ခံစာအရ ဒီနှစ် ဒီဇင်ဘာ ၁ ရက်နေ့အထိ ကမ္ဘာတလွှာမှာ အကျဉ်းကျခံနေရတဲ့ သတင်းသမား ၁၇၉ ယောက်ရှိပြီး မနှစ်တုန်းကထက် ၃၄ ယောက် ပိုလာတယ်လို့ စီပီဂျေအဖွဲ့က ဆိုပါတယ်။

အဲဒီထဲမှာ အွန်လိုင်းသတင်း သမား ၈၆ ဦး၊ သတင်းစာ၊ ဂျာနယ် သတင်းသမား ၅၁ ဦးနဲ့ ကျန်တဲ့လူတွေကတော့ ရေဒီယို၊ တယ်လီ ဗေးရှင်း၊ သတင်းမှတ် တမ်းရိုက်ကူးတဲ့ သတင်းသမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ထိုင်းဗျူရိုရဲ့ တာဝန်ခံ ကိုတိုးဇော်လတ်က အခုချိန်ထိ ဒီဗွီဘီသတင်းထောက် ၁၃ ယောက် အကျဉ်းကျခံ နေရတယ်လို့ ပြောပါတယ်။

“အဓိက သူတို့ပေးချင်တဲ့ သတင်းကတော့ သတင်းထောက်တွေ ဒီဟာကို သတင်းယူတဲ့နေရာမှာ သူတို့ပေးထားတဲ့ စည်းမကျော်နဲ့ အဲဒါ ကျော်ရင်တော့ အခုလို ပြင်းထန်တဲ့ အရေးယူမှု လုပ်မယ်ဆိုပြီး ခြောက်ထားတာပေါ့နော်။ တကယ်တမ်း အခုဆိုရင် မီဒီယာ ဥပဒေအသစ်ကို ဆွဲတာတို့၊ မီဒီယာကို ပြန်ပြီးတော့ လျှော့ပေးတာတို့၊ စာပေစိစစ်ရေးကို ပြင်မယ်ဆိုရင်တော့ စောတုန်းက ထောင်ထဲမှာ ကျနေတဲ့ သတင်းထောက်တွေကို အရင်ဆုံး ပြန်လွှတ်ပေးသင့်ပါတယ်။ ပြီးတော့မှ သူတို့ကိစ္စကိုလည်း အစောတုန်းကလိုမျိုး ပြင်းပြင်းထန်ထန် အရေးယူမှုတွေကိုလည်း မလုပ်သင့်တော့ပါဘူး။ တကယ်တမ်း အဲဒီလို မရှိဘူးဆိုရင်တော့ ဗမာပြည်ရဲ့ သတင်းလွတ်လပ်ခွင့်က အရင်အတိုင်းပဲ ဆိုရင်တော့။ အသွင်ကူးပြောင်းတယ် ဆိုတာကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူးပေါ့နော်။”

ရန်ကုန်မီဒီယာဂရု(ပ်) ၏ အမှုဆောင်အရာရှိချုပ် ကိုကို (စက်မှုတက္ကသိုလ်) က တော့ အစိုးရသစ်လက်ထက်မှာ အရင်ထက်စာရင် အများကြီး တိုးတက်လာတယ်လို့ ပြောပါတယ်။

“ကျနော် ခြုံပြီးပြောရမယ်ဆိုရင်တော့ အရင်ကထက်စာရင် ပိုတိုးတက်လာတယ်။ တိုးတက်မှုမရှိဘူး ဆိုတာတော့ မဟုတ်ဘူး။ သို့သော် စံနှုန်းစံထားတွေနဲ့ သွားမယ်ဆိုရင် ကျနော်တို့ လုပ်ရမှာတွေ အများကြီး ရှိနေပါသေးတယ်။ ၀န်ကြီးဌာနတွေနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းပါဝင်မှုကတော့ ၀န်ကြီးဌာန ၃၀ ကျော်မှာ အနည်းအကျဉ်းလောက်ပဲ ပါဝင်မှု ရှိနေပါသေးတယ်။ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်တရပ် တက်လာပြီးနောက်ပိုင်းမှာတော့ သတင်းဂျာနယ်တွေ၊ သတင်းသမားတွေကို ဖမ်းဆီးခြင်း မတွေ့ရဘူး။ အခုပြောနေတဲ့ဟာတွေကလည်း အရင် အစိုးရအဆက်ဆက် လက်ထက်က ဖမ်းဆီးထားတာတွေ ဖြစ်ပါလိမ့်မယ်။ အခုလက်ထက်မှာ မရှိဘူး။ အရင်ကတော့ သတင်းသမားတွေ ဖမ်းခံရတာမျိုး ရှိပါလိမ့်မယ်။ သို့သော် သူတို့ကို ဘယ်လို ဥပဒေမျိုးနဲ့ အရေးယူထားတယ် ဆိုတာတော့ ကျနော်မသိဘူး။ သတင်းနဲ့ ဆက်စပ်နေတဲ့လူတွေ ဖမ်းခံထားရတာ တချို့လည်း ရှိပါတယ်။”

နယူးယောက်အခြေစိုက် သတင်းသမားကာကွယ်ရေးအဖွဲ့ (စီပီဂျေ) အဖွဲ့ဟာ ၁၉၉၀ ခုနှစ်ကတည်းက ကမ္ဘာတလွှားက သတင်းလွတ်လပ်ခွင့် အခြေအနေတွေကို စောင့်ကြည့် အစီရင်ခံနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013