တိုင်းရင်းဆေး နိုင်ငံတကာထိုးဖောက်ရန် နှစ်ချက်လိုအပ်

တိုင်းရင်းဆေးတွေ နိုင်ငံတကာထိုးဖောက်ဖို့ အဓိကကျတဲ့အချက် ၂ ချက် လိုအပ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ ကုမ္ပဏီတည်ထောင်ပြီး ထိုင်းနိုင်ငံတွင်း တရားဝင် တင်သွင်းရောင်းချနေတဲ့ အဘထရူဆေးရဲ့ ထိုင်းတာဝန်ခံ ပြောပြတာက “နံပါတ်တစ်ကတော့ တိုင်းရင်းဆေးဆိုတာကလည်း Chemically (ဓာတုဗေဒနည်းအားဖြင့်) မီလီဂရမ်နဲ့ အတိအကျ လုပ်ဖို့ကတော့ ခက်ခဲတာပေါ့နော်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်တော့ ဥပမာ ပန်းဥဆိုပါတော့။ ပန်းဥထဲမှာပါတဲ့ ဓာတုဗေဒပစ္စည်းဟာ ဘယ်လောက် ရာခိုင်နှုန်းရှိသလဲ၊ သူ့ကို moisture (ရေငွေ့ရေမှုန်) ဘယ်လောက်မှာ ထားမယ်ဆိုရင် ဘယ်လောက် ရှိတယ်ဆိုတဲ့ဟာမျိုး အတိအကျပေါ့နော်။ ဟိုမှာကတော့ ကျနော်တို့ ဗမာထုံးစံအတိုင်းပဲ တရွေးထည့်ပါတို့၊ မန်ကျည်းစေ့တလုံးထည့်ပါတို့၊ ဆန်တစေ့ခန့်ဆိုတာ အဲဒီဟာတွေကို အင်တာနေရှင်နယ် အတိုင်းအတာတွေနဲ့ ဖြစ်လာအောင် လုပ်မယ်ဆိုရင်။ ဒါ ပထမတချက်က ကျနော်တို့ ထိုင်းနိုင်ငံမှာ ဖြစ်ဖြစ် တခြားနိုင်ငံမှာဖြစ်ဖြစ် ဆေးဖော်စပ်တဲ့ ဒီဆေးအကြောင်းဖော်ပြတဲ့အခါမှာ ရာခိုင်နှုန်းက မှန်ဖို့လိုပါတယ်ခင်ဗျ။ အဲဒီနေရာမှာ ဒါ ပထမ တချက်လို့ ကျနော် ယူဆပါတယ်။ ဒုတိယကတော့ အာနိသင်တွေကို သုတေသနလုပ်ပြီးတော့ နိုင်ငံတကာ လက်ခံလာနိုင်အောင် စာရွက်စာတန်းတွေ ထုတ်ပေးဖို့ လိုတယ်လို့ ကျနော် ယူဆပါတယ်။” အဘထရူဆေး ထိုင်းနိုင်ငံမှာ တရားဝင် ရောင်းချနိုင်ဖို့အတွက် ထိုင်းနိုင်ငံ အစားအစာ ဆေးဝါးကွပ်ကဲရေးဌာနရဲ့ ထောက်ခံချက်ရဖို့ တနှစ်ခွဲကြာလောက် ကြိုးပမ်းခဲ့ရတယ်လို့လည်း ပြောပါတယ်။ အထူးသဖြင့်တော့ ထိုင်းဆေးဝါးကွပ်ကဲရေးဌာနကလည်း နိုင်ငံတကာစံချိန် စံညွှန်းတွေအတိုင်း စစ်ဆေးတဲ့အတွက် မိမိတို့ထုတ်လုပ်တဲ့ တိုင်းရင်းဆေးကို နိုင်ငံတကာစံညွှန်းနဲ့ညီအောင် ကြိုးပမ်းတင်ပြရတာ ဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေးတွေကို အိမ်နီချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာ နယ်စပ်လမ်းကြောင်းတွေက တရားမ၀င်သယ်ဆောင် ရောင်းချနေကြတာများပြီး သုံးတဲ့သူအများစုကလည်း မြန်မာတွေပဲ ဖြစ်ပါတယ်။ ထိုင်းကို တရားဝင်တင်သွင်းဖို့ လာရောက်ကြိုးပမ်းဖူးတဲ့ တိုင်းရင်းဆေး ထုတ်လုပ်သူတွေ ရှိပေမယ့် မအောင်မြင်ကြဘဲ၊ မြန်မာ့တိုင်းရင်းဆေးကို ထိုင်းစာတံဆိပ်ကပ် ရောင်းချနေတာမျိုးတော့ ရှိတယ်လို့ ဘန်ကောက် တိုင်းရင်းဆေး အရောင်းဆိုင်တခုက ပြောပါတယ်။ မြန်မာ့တိုင်းရင်းဆေးတွေဟာ ပြည်တွင်းမှာတော့ စားသုံးသူဈေးကွက်ရဲ့ ကိုးဆယ်ရာခိုင်နှုန်းကျော် ရရှိထားပြီး ကျေးလက်နေ ပြည်သူတွေက ပိုမိုသုံးစွဲတယ်လို့ စစ်တမ်းတခုက ဆိုပါတယ်။ ဈေးကွက်အတွင်း မှတ်ပုံတင် ရောင်းချနေတဲ့ တိုင်းရင်းဆေး အမျိုးအစားပေါင်း တသောင်းခွဲလောက် ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up