DVB Logo
Home
ဆောင်းပါး
မြန်မာအစိုးရရဲ့ ဓာတုလက်နက် အပိုင်း(၁)
DVB
·
December 8, 2011
မြန်မာအစိုးရရဲ့ ဓာတုလက်နက် အပိုင်း(၁)
1 / 2
Donate to DVB

ဒီကနေ့ မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွားရာမှာ အစိုးရစစ်တပ်ဘက်က ဓာတုလက်နက်တွေ သုံးစွဲတိုက်ခိုက်ခဲ့ကြောင်း ကေအိုင်အေဘက်က စွပ်စွဲပြောဆိုလာတာတွေ တွေ့ရပါတယ်။

သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အတိုက်ခိုက်ခံရသူ ကေအိုင်အေ စစ်သည်တွေဟာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာက ထွက်လာတဲ့ အနက်ရောင်၊ မီးခိုးရောင် အငွေ့တွေကို ရှူရှိုက်မိရာက ရုတ်ခြည်း အားအင်ဆုတ်ယုတ် နွမ်းခွေသွားခြင်း၊ အာခေါင်ခြောက်ပြီး ရေဆာလောင်လာခြင်း၊ အဆက်မပြတ် အော့အန်ခြင်း၊ မျက်နှာထူအန်းလာပြီး စပ်ဖျဉ်းဖျဉ်းဝေဒနာ ခံစားရခြင်း၊ နား၊ နှာခေါင်းတို့မှ သွေးထွက်ခြင်း စတဲ့ ဝေဒနာလက္ခဏာများအပြင် ဝမ်းပျက်ဝမ်းလျှော ဝေဒနာများကိုပါ ခံစားရကြောင်း သိရပါတယ်။

ဓာတုအဆိပ်ပါရှိတယ်လို့ ယူဆရတဲ့ ဒုံးကျည်များအနက် တချို့ဟာ လေထဲမှာတင် ပေါက်ကွဲပြီး တချို့ကတော့ မြေပေါ်ကျပြီးမှသာ ပေါက်ကွဲတယ်လို့လည်း ကချင်သတင်းဌာနက ဆိုပါတယ်။

လေထဲမှာတင်ပေါက်ကွဲတယ်ဆိုတဲ့ ဒုံးကျည်တွေဟာ မြန်မာ့တပ်မတော်သမိုင်းတလျှောက် သုံးဖူးခဲ့သမျှ လက်နက်တွေထဲမှာ တခုတည်းသော လေကွဲဒုံးကျည်အမျိုးအစားဖြစ်တဲ့ ၈၄ မမ ကားလ်ဂူး စတပ်ဖ် ၁ နောက်ပွင့်ရိုင်ဖယ်လ် ဒုံးကျည်တွေပဲ ဖြစ်ဖို့များပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ အဲဒီ ဒုံးကျည် အမျိုးအစားကို ကိုယ်တိုင် ထုတ်လုပ်နိုင်ခြင်း မရှိသေးပါဘူး။ သို့သော်လည်း ရန်သူ့တပ် တည်နေရာ မှတ်သားဖို့သက်သက် တီထွင် ထုတ်လုပ်ထားတဲ့ ၈၄ မမ မီးခိုးဒုံး ၂ တွေမှာ အချက်ပြ မီးခိုးထွက်စေတဲ့ ဓာတုပစ္စည်းတွေအစား အဆိပ်ဓာတ်ငွေ့ထွက်စေတဲ့ ဓာတုပစ္စည်းတွေ ထည့်သွင်း မွမ်းမံ အသုံးပြုတာမျိုးတော့ လုပ်နိုင်ပါတယ်။ ဓာတုလက်နက် အသုံးပြုမှုကို နိုင်ငံတကာက တရားဝင် ပိတ်ပင်တားမြစ်ထားလို့ မြန်မာအစိုးရအနေနဲ့ တိုက်ရိုက် ဝယ်ယူ အသုံးပြုရလောက်အောင် မိုက်မဲမှာ မဟုတ်သလို မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချနေတဲ့ နိုင်ငံတွေထဲမှာဆိုရင်လည်း မြောက်ကိုရီးယားလို နိုင်ငံမျိုးကတောင် ရောင်းပေးဝံ့မှာ မဟုတ်ပါဘူး။

Figure 1. 81mm Recoilless Anti-Personnel Round, Photo: KNG.

ကေအိုင်အေဘက်က သိမ်းဆည်းရရှိထားပြီး ဓာတုအဆိပ်ပစ္စည်း ပါတယ်လို့ ယူဆထားကြတဲ့ ဒုံးကျည်အမျိုးအစား တမျိုးကတော့ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ၈၂ မမ နောက်ပွင့်ရိုင်ဖယ်လ် ဒုံးကျည်ကို တုပ ပြုလုပ်ထားတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးပစ္စည်းစက်ရုံထုတ် ၈၁ မမ နောက်ပွင့်ရိုင်ဖယ်လ် ဒုံးကျည် ဖြစ်ပါတယ်။

မြန်မာပြည်က ထုတ်လုပ်တဲ့ ၈၁ မမ ဒုံးကျည်နဲ့ ဒုံးပစ်လောင်ချာ ၃ ဟာ တရုတ်ရဲ့ ဒီဇိုင်းမူပိုင်ခွင့်ကို ထိပါးမှာစိုးတဲ့အတွက် ၈၁ မမ အမည်ခံ ထားခြင်းသာ ဖြစ်ပြီး ဒုံးပစ်လောင်ချာ ပြောင်းဝ အချင်းက မူရင်း တရုတ်ဒီဇိုင်းအတိုင်း ၈၂ မီလီမီတာ ရှိပါတယ်။ ကွဲပြားတာကတော့ ဒုံးကျည်ရဲ့ စနက်အုံ အမျိုးအစားပါပဲ။ မူရင်း တရုတ်ဒီဇိုင်းမှာ AZDM စနက်အုံ အမျိုးအစားကို အသုံးပြုပြီး မြန်မာ့ ၈၁ မမ ဒုံးကျည်မှာတော့ လျှပ်စစ်စနက်အုံကို အသုံးပြုပါတယ်။

လျှပ်စစ်စနက်အုံရဲ့ အခြေခံအလုပ်လုပ်ပုံကတော့ ဒုံးကျည်ရဲ့ နှုတ်သီးဖျားမှာ တပ်ဆင်ထားတဲ့ ရှေ့ပိုင်းစနက်အုံ ၄၊ သလင်းကျောက်ပြား ၅ တုန်ခါမှုကြောင့် ထွက်ပေါ်လာတဲ့ လျှပ်စစ်ဓာတ်ကို ဒုံးကျည်ကိုယ်ထည်အောက်ပိုင်းမှာ မြှုပ်နှံထားတဲ့ နောက်ပိုင်း စနက်အုံ ၆ ဆီ ပို့ဆောင်ပေးပြီး သူကနေမှတဆင့် အဓိကပေါက်ကွဲယမ်းကို ဖောက်ခွဲပေးတာ ဖြစ်ပါတယ်။

Figure 2. Rocket Propelling Grenade (RPG)

ဗုံးကိုယ်ထည်ရဲ့ အလည်အူတိုင်တည့်တည့်မှာ စနက်အုံ နှစ်ပိုင်းကို ချိတ်ဆက်ပေးထားရတဲ့ လျှပ်ကူးချောင်း ၇ ရှိနေလို့ ဒုံးကျည်ကိုယ်ထည်ထဲမှာ ဓာတုအဆိပ် (ဘူး/အိတ်) ထည့်သွင်းမြှုပ်နှံဖို့ မလွယ်ကူပါဘူး။ ပေါက်ကွဲယမ်းထဲမှာ ဓာတုအဆိပ်တွေ တခါတည်း ရောနှောအသုံးပြုဖို့ ဆိုတာကလည်း အဆိပ်ဓာတ်သင့်မှု အန္တရာယ်များလှပါတယ်။ သည့်အတွက် ဓာတုအဆိပ်တွေကို သီးသန့် ထည့်စရာ(ဘူး/အိတ်) တခုခုထဲ အလုံပိတ် ထည့်ပြီးမှသာ ဗုံးကိုယ်ထည်တွင်းက ပေါက်ကွဲယမ်းတွေအကြား သီးခြားမြှုပ်နှံ အသုံးပြုကြပါတယ်။

ခြေလျင်ခြေမြန် တပ်ရင်းတပ်ဖွဲ့က ရဲဘော်တွေ အာ.ပီ.ဂျေလို့ ခေါ်နေကြတဲ့ အာရ်.ပီ.ဂျီ အမျိုးအစားဒုံးကျည်မှာလည်း ၈၁ မမ နောက်ပွင့်ရိုင်ဖယ်လ် ဒုံးကျည်နည်းတူ လျှပ်စစ် စနက်အုံ အသုံးပြုတဲ့အပြင် အရွယ်အစား သေးငယ်တဲ့အတွက်ကြောင့် ဓာတုအဆိပ် ထည့်သွင်း အသုံးပြုဖို့ မသင့်တော်ပါဘူး။

ဆက်လက်ဖော်ပြပါမည်။

၁. ကားလ်ဂူးစတပ်ဖ် - Carl Gustav

၂. မီးခိုးဒုံး - Smoke round

၃. ဒုံးပစ်လောင်ချာ - Recoilless Gun

၄. ရှေ့ပိုင်းစနက်အုံ - Nose fuze

၅. သလင်းကျောက်ပြား - Quartz

၆. နောက်ပိုင်းစနက်အုံ - Base fuze

၇. လျှပ်ကူးချောင်း - Conducting rod

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013