၂၀၁၉ အာရှဖလား ခြေစစ်ပွဲတွင် မြန်မာ၊ ကာဂျစ္စတန်၊ အိန္ဒိယ၊ မကာအို တအုပ်စုတည်းကျ

၂၀၁၉ အာရှဖလား ခြေစစ်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းက ကာဂျစ္စတန်၊ အိန္ဒိယ၊ မကာအိုအသင်းတို့နဲ့ တအုပ်စုတည်း တွေ့ဆုံခဲ့ပါတယ်။ မဲခွဲမှုမှာ မြန်မာအသင်းဟာ တခြားတောင့်တင်းတဲ့အသင်းတွေဖြစ်တဲ့ ဘာရိန်း၊ မြောက်ကိုရီးယား၊ အိုမန်၊ ဂျော်ဒန်၊ ဗီယက်နမ် စတဲ့ အသင်းတွေကို ရှောင်နိုင်ခဲ့ပါတယ်။ အာရှဖလားခြေစစ်ပွဲမှာ အသင်းပေါင်း ၂၄ သင်းက ၄ သင်းပါဝင်တဲ့ ၆ အုပ်စု ခွဲခြားထားပြီး အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ကစားအပြီးမှာ အုပ်စုပထမနဲ့ ဒုတိယအသင်း ၁၂ သင်းက အာရှဖလား ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အုပ်စုပထမနဲ့ အကောင်းဆုံးအုပ်စု ဒုတိယ လေးသင်းထဲမှာ ပါဝင်ခဲ့တဲ့ အသင်း ၁၂သင်းကတော့ အာရှဖလားဝင်ခွင့် ရရှိခဲ့ပြီးဖြစ်ပါတယ်။ လက်ကျန်ဝင်ခွင့် ၁၂ နေရာအတွက် ၂၄ သင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကိုတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ယူအေအီးနိုင်ငံက လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ မြန်မာဘောလုံးအသင်းဟာ လာမယ့် မတ်လ ၂၈ ရက်မှာ အိန္ဒိယအသင်းနဲ့ အိမ်ကွင်းမှာ စတင်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မြန်မာဘောလုံးအသင်းဟာ ၁၉၆၈ ခုနှစ် အာရှဖလားပြိုင်ပွဲမှာ ဒုတိယရရှိခဲ့ပြီး နောက်ပိုင်း ခြေစစ်ပွဲမအောင်ခဲ့တာကြောင့် အာရှဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မရခဲ့တာ နှစ်ပေါင်း ၅၀ လောက် ကြာမြင့်နေပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up