၇ တန်းကျောင်းသူ ကိုယ်ဝန်ရရှိခဲ့မှုဖြင့် ၇၆ နှစ်အရွယ် သံဃာတော်ကို ဖမ်းဆီး
DVB
·
January 26, 2017
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်မှာ ၁၄ နှစ်အရွယ် ခုနှစ်တန်းကျောင်းသူတဦး ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်ပြီး စစ်ဆေးချက်အရ အသက် ၇၆ နှစ်အရွယ် အင်းဝကျောင်းတိုက်ဆရာတော်ကို ဖမ်းဆီးလိုက်တယ်လို့ အင်္ဂပူရဲစခန်း ဒုရဲမှူး စသိန်းဆွေတင့်က ပြောပါတယ်။
ဖြစ်စဉ်မှာ ဆင်းရဲချို့တဲ့အတွက် မိဘတွေက အင်္ဂပူမြို့မ အင်းဝကျောင်းတိုက်မှာ ကျောင်းတက်စေခဲ့တာဖြစ်ပြီး ကိုယ်ဝန်နှစ်လရလာလို့ ကာယကံရှင်မိဘတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က အင်္ဂပူမြို့မစခန်းမှာ လာရောက် အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က အမှုစစ်ဆေးခဲ့ရာ အင်းဝကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ၇၆ နှစ်က သားမယားပြုကျင့်တာကို တွေ့ရှိရကြောင်း၊ မိန်းကလေးရဲ့အခင်းဖြစ်စဉ်က အဝတ်အစားတွေကို ဓာတုဗေဒစစ်ဆေးခဲ့ရာ အမှုပေါ်ပေါက်တာကြောင့် ဒီနေ့ မွန်းတည့် ၁၂ နာရီလောက် အင်းဝကျောင်းတိုက်ဆရာတော်ကို ဖမ်းဆီးပြီ ဟသာင်္တခရိုင် ထောင်ချုပ်ကို ပို့ဆောင်လိုက်တယ်လို့ ဒုရဲမှူးက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အင်္ဂပူမြို့မရဲစခန်းက အမှုကို မုဒိမ်းမှု ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်လိုက်ပြီး ရဲလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေတယ်လို ဒီဗွီဘီကို ပြောပါတယ်။