Home
မြန်မာသတင်း
မွန်နှင့်ကရင်လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများထပ်မဖြစ်ရန်သဘောတူ
နော်နိုရင်း
·
January 26, 2017
တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)တပ်တွေအကြား တိုက်ပွဲတွေထပ်မဖြစ်ပွားရေးအတွက် နှစ်အဖွဲ့စလုံးကထိမ်းသိမ်းသွားဖို့ တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့ပါတယ်။ ရေဖြူမြို့နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး မနေ့ ညနေက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးပြီး သဘောတူဆုံးဖြတ်ခဲ့တာလို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် လယီစိုက်ထောက ပြောပါတယ်။ “ဆုံးဖြတ်ချက် ၂ ခုရတာပေါ့လေ။ ပထမဆုံးဖြတ်ချက်ကတော့ ကျနော်တို့ အောက်ခြေတပ်အဖွဲ့ အချင်းချင်း အားလုံးကလည်း နှစ်ဦးနှစ်ဖက်စလုံး နောက်ထပ် ပစ်ခတ်မှုတွေမဖြစ်ရအောင် သူ့ဘက်ကိုယ့်ဘက် ထိန်းသိမ်းရမယ်။ နောက်တချက်တော့ ကျေးရွာ ပြည်သူလူထုတွေ သွားလာ လုပ်ကိုင်စားသောက်နေတာကို ပိတ်ပင်မှုတွေ၊ တားဆီးမှုတွေမဖြစ်ရအောင် သူ့ဘက်ကိုယ့်ဘက် အားလုံး မပိတ်ပင်ရဘူး၊ မတားဆီးရဘူးပေါ့လေ။ ” ဒီသဘောတူညီချက်ကို တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်အပါအ၀င် နယ်လုံဝန်ကြီးနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေရဲ့ ရှေ့မှာ နုတ်ကတိနဲ့ ကတိပြုခဲ့ကြတယ်လို့လည်း လယီစိုက်ထောက ပြောပါတယ်။ ဒါ့အပြင် လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ဖို့လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က နှစ်ဖက်စလုံးကိုဖိတ်ခေါ်ထားပြီး အဲဒီ အခမ်းအနားပြီးရင်  နှစ်ဖက်အဖွဲ့တွေ ဆက်လက်ဆွေးနွေးဖို့ ရှိပါတယ်။ တွေ့ဆုံပွဲမှာ ကေအန်ယူဘက်က  မြိတ်/ထားဝယ်ခရိုင် ဥက္ကဋ္ဌ ဦးစောဆာပီးတုတ်နဲ့ အဖွဲ့ဝင်တွေ ပါဝင်ဆွေးနွေးပြီး မွန်ပြည်သစ်ပါတီဘက်ကတော့ ထားဝယ်ခရိုင်က ဦးနိုင်ဧကခေါင်းဆောင်တဲ့ အဖွဲ့ဝင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ တနင်္သာရီတိုင်း ရေဖြူမြို့နယ် သဲချောင်းကျေးရွာအနီး နယ်နိမိတ် အငြင်းပွားမှုနဲ့ပတ်သက်ပြီး  ပြီးခဲ့တဲ့ အောက်တိုဘာကနေ ဇန်န၀ါရီလအထိ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ နဲ့ ကေအန်ယူတပ်ဖွဲ့တွေအကြား တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဖက် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024