Home
မြန်မာသတင်း
ကလေးမြို့ သာယာလှပရေး မြို့တွင်း ချောင်းကြီး ၂ ချောင်းကို ထိန်းသိမ်းမည်
DVB
·
January 25, 2017
kalay4
kalay3
kalay2
kalay1
kalay
ကလေးမြို့ သာယာလှပရေးအတွက် ကလေးမြို့တွင်း ဖြတ်သန်းစီးဆင်းနေတဲ့ အကြီးဆုံး ချောင်းနှစ်စင်းကို လာမယ့်အပတ်ကနေစပြီးက စပြီး ပြုပြင်ထိန်းသိမ်းသွားဖို့ ဆောင်ရွက်တော့မှာ ဖြစ်တယ်လို့ ကလေးမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းရွှေက ပြောပါတယ်။ “ချောင်းတွေ သန့်ရှင်းဖို့ ရေစီးရေလာကောင်းဖို့ ကျနော်တို့ စည်ပင်အနေနဲ့ လာမယ့်လကစပြီး ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာလည်း စည်ပင်ဌာနတခုတည်းတင် မဟုတ်ဘဲ ပြည်သူကပါ ကိုယ့်မြို့တော် သာယာရေးအတွက် ပါဝင်စေချင်တယ်” လို့ ဦးသောင်းရွှေက ဆက်လက်ဆိုပါတယ်။ ကလေးမြို့ကို ဖြတ်စီးနေတဲ့ အဓိကချောင်းတွေအနေနဲ့ ဥပုသ်ချောင်း နန်းကလိန်ချောင်းနဲ့ သံတံတားချောင်းတို့ရှိပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကြောင့် ချောင်းမြောင်းပိတ်ဆို့မှုတွေ ဖြစ်နေပြီး မိုးအနည်းငယ်ရွာသွန်းချိန်မှာပင် မြေနိမ့်ရပ်ကွက်တချို့ ရေတင်ကျန်မှု အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ “လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကလေးမြို့အနေနဲ့ ဦးပုသ်ချောင်းရေကို သုံးကြတယ်။ ရေချိုး အဝတ်လျော် အဆင်ပြေတယ်။ အခုတော့ ချောင်းအထက်က ပင်လုံဈေးကလည်း ချောင်းထဲ အမှိုက်ပစ်တယ်။ ချောင်းဘေးနေအိမ်တွေကလည်း အမှိုက်ပစ်တယ်။ ချောင်းအလယ်ပိုင်း ဆေးရုံကလည်း လူနာစောင့်တွေ အမှိုက်ထွက်တယ်။ ချောင်းက အမှိုက်တွေနဲ့ မသန့်တော့ အခုဆို သိပ်မသုံးကြတော့ဘူး" လို့ ကလေးမြို့ ဥပုသ်ချောင်းဘေး နေထိုင်သူတဦးက ဆိုပါတယ်။ ကလေးမြို့စည်ပင်သာယာရေးကတော့ လာမယ့် ဖေဖော်ဝါရီလအတွင်း စက်ယန္တရားသုံး ရေကြောင်းဖော်မှုတွေ ပြုလုပ်မှာဖြစ်ပြီး အပတ်စဉ် စနေနေ့တိုင်း ချောင်းတွင်း အမှိုက်သိမ်းခြင်း လုပ်ငန်းတွေ စတင်တော့မှာ ဖြစ်ပါတယ်။ "စည်ပင်က စနေနေ့တိုင်း ချောင်းသန့်ရှင်းရေးလုပ်မယ်။ ချောင်းဘေးနေ ပြည်သူတွေအနေနဲ့လည်း ချောင်းထဲ အမှိုက်မပစ်ကြဘဲ ကူညီပေးဖို့ ပြောချင်ပါတယ်။ ကိုယ့်မှာ အမှိုက်ပစ်စရာ နေရာမရှိရင် အမှိုက်တွေကို  တနေရာမှာ ပေါင်းစုထားပြီး ကားတစ်စီးစာ ပြည့်တာနဲ့ ဖုန်းဆက်ပါ။ စည်ပင်က အမှိုက်ကားလွှတ် သယ်ပေးပါမယ်" စည်ပင်ဥက္ကဋ္ဌက ဆိုပါတယ်။ မိမိပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အမှိုက်ကားတစီးစာ စုမိပြီဆိုပါက သန့်ရှင်းရေး ဒုဦးစီး ဦးဝင်းဇော်ဦး ဖုန်းနံပါတ် 09259426383 ကို ဆက်သွယ်ပြီး အမှိုက်သိမ်းယာဉ် ခေါ်နိုင်ပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024