နိုင်ငံတော်ရဲ့ အကြီးဆုံးရတနာသိုက်

  တိုင်းပြည်တပြည်ရဲ့ တန်ဖိုးအကြီးမားဆုံးနဲ့ သုံးလို့မကုန်ခန်းနိုင်တဲ့ အရင်းအမြစ်ဆိုတာ အဲဒီတိုင်းပြည်ရဲ့ နိုင်ငံသူ နိုင်ငံသားတွေပါပဲ။ ဟုတ်ပါတယ်… မြေပေါ် မြေအောက် သဘာဝသယံဇာတတွေဆိုတာ ထုတ်ယူသုံးစွဲတာ ကြာလာရင် တနေ့ တချိန်ချိန်မှာ ကုန်ခန်းသွားမှာပါ။ ဒါပေမယ့် တိုင်းပြည်ရဲ့ လူသားအရင်းအမြစ် မျိုးဆက်သစ်တွေ၊ နိုင်ငံသူ နိုင်ငံသားတွေ ဆိုတာ ဘယ်တော့မှ မကုန်ခန်းသွားနိုင်တဲ့ ရတနာသိုက်ကြီးနဲ့ တူပါတယ်။ ဒါကြောင့်လည်း တိုင်းပြည်အပေါ် စေတနာရှိ၊ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေဟာ သူ့တို့နိုင်ငံရဲ့ ပြည်သူပြည်သားတွေအပေါ် အလေးထား လေးစားတတ်ရုံမက တိုင်းပြည်ရဲ့ တန်ဖိုးအရှိဆုံး ပြည်သူလူထုရဲ့အားကို ယုံကြည်ကိုးစားတတ်ကြတယ်။ ပြည်သူတွေရဲ့ အင်အားတွေ ပိုမိုပြည့်ဝလာအောင် ပြုစုပျိုးထောင်ပေးတတ်ကြတယ်။ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အင်အားကို စုစည်းအသုံးချနိုင်ဖို့ စီမံအားထုတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံကတော့ ကံမကောင်း အကြောင်းမလှစွာနဲ့ ပြည်သူ့ အင်အားကို မကိုးစား မယုံကြည်ဘဲ လက်နက်နဲ့ အာဏာကိုသာ ကိုးစားအားထားတဲ့ စစ်အာဏာရှင်တွေရဲ့ သံခွာအောက်မှာ ကျရောက်ခဲ့ရတော့ နှစ်ပရိစ္ဆေဒကြာမြင့်စွာ ပြည်သူပြည်သားတွေ အင်အားချည့်နဲ့ခဲ့ရုံမက ထိထိရောက်ရောက် အသုံးချခြင်း မခံခဲ့ရတာကြောင့် တိုင်းပြည်အတွက် ကြီးမားစွာ ဆုံးရှုံးခဲ့ရပါတယ်။ လူမှား၊ စနစ်မှားနဲ့ စီမံခန့်ခွဲမှု အမှားတွေအောက်မှာ ပြည်သူလူထုအားတွေ အဟောသိကံဖြစ်ခဲ့တာ ရာစုနှစ်ဝက်ကျော်လာတော့ နောက်ဆုံး တိုင်းပြည်လည်း ဗုန်းဗုန်းလဲပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်လို့ အရာရာမှာ တခြားတိုင်းပြည်တွေနောက်မှာ ရောက်ခဲ့ရပြီး အဘက်ဘက်က ချွတ်ခြုံကျခဲ့ရတာ မဟုတ်လား။ ဒီတော့ စစ်အာဏာရှင်အဆက်ဆက် ခေတ်ဆိုးခေတ်ပျက်တွေအောက်မှာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အင်အားနဲ့ အရည်အသွေးတွေဆိုတာဟာ ထုတ်ဖော်အသုံးချခြင်း မခံရတဲ့ ရွှံ့အလူးလူးနဲ့ မြေအောက်က နဝရတ်ကျောက်မျက်ရတနာလို အရောင်မှိန်ပြီး တန်ဖိုးမပေါ်လွင်ခဲ့ရသလို တိုင်းပြည်အတွက်လည်း ကြီးစွာဆုံးရှုံးခဲ့ရပါတယ်။ ကမ္ဘာ့မြေပုံမှာ အစက်အပြောက်အရွယ်သာရှိပြီး သဘာဝသယံဇာတဆိုတာ မူးလို့ ရှူစရာတောင်မရှိတဲ့ သူ့နိုင်ငံကို အရှေ့တောင်အာရှရဲ့ ကျားတကောင်ဖြစ်စေခဲ့တဲ့ စင်ကာပူနိုင်ငံရဲ့ ခေါင်းဆောင် လီကွမ်ယုဟာ အဲဒီအချက်ကို ကောင်းကောင်းသဘောပေါက်ခဲ့တာမို့ သူ့နိုင်ငံရဲ့ အကြီးဆုံးရတနာသိုက်ကြီးကို တူးဖော်အရောင်တင်ပြီး အပြည့်အဝ အသုံးချခဲ့တာဖြစ်တယ်။ စင်ကာပူနိုင်ငံဟာ မလွှဲမရှောင်သာတဲ့ အခြေအနေတရပ်ကြောင့် မလေးရှားနိုင်ငံကနေ ၁၉၆၅ ခုနှစ်မှာ ဆန္ဒမပါဘဲ ခွဲထွက်ခဲ့ရပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ်ကို ရယူခဲ့တဲ့အခါတုန်းက သဘာဝသယံဇာတဆိုတာ ဗလာနတ္ထိနဲ့ အားကိုးစရာဆိုလို့ ပညာမတတ်သူ လူဦးရေများတဲ့ ၁ ဒသမ ၈၇ သန်းသာသာရှိတဲ့ လူသားအရင်းအမြစ်သာ ပိုင်ဆိုင်ခဲ့ရတာပါ။ ခြသေ့င်္တပိုင်း ငါးတပိုင်း သတ္တဝါဆန်းရှိတဲ့ ကျွန်းပေါက်စနိုင်ငံလေးရဲ့ဖခင် လီကွမ်ယုဟာ သူ့နိုင်ငံရဲ့ မရှိမဲ့ရှိမဲ့ လူသားအရင်းအမြစ်ကို ဘယ်လို တယုတယတန်ဖိုးထားပြီး မြှင့်တင် အသုံးချခဲ့တယ် ဆိုတာကို လေ့လာကြည့်ရအောင်။ မလေးရှားပါလီမန်ကနေ အထုတ်ပယ်ခံရပြီးတဲ့နောက် အားကိုးအားထားစရာဆိုလို့ အများစုက အလုပ်လက်မဲ့ဖြစ်နေပြီး လူဦးရေအားဖြင့် ၂ သန်းတောင်မပြည့်တတ်တဲ့ သူ့နိုင်ငံသားတွေကို ထမင်းအိုးတည်ပေးနိုင်ဖို့ တခုတည်းသောနည်းလမ်းက တိုင်းပြည်ကို လူ့လုပ်အားပေါ် အခြေခံတဲ့ စက်မှုနိုင်ငံအဖြစ်ကို ပြောင်းလဲပစ်ရမယ်ဆိုတာ လီကွမ်ယုက ကောင်းကောင်းကြီး သဘောပေါက်ခဲ့ပါတယ်။ အိမ်နီးချင်း အာရပ်နိုင်ငံတွေရဲ့ ဝိုင်းဝန်းသပိတ်မှောက် ဆန့်ကျင်မှုခံခဲ့ရတော့ အနောက်ကမ္ဘာနဲ့ အမေရိကန်နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ကုန်သွယ်မှုတွေလုပ်ပြီး ထွက်ပေါက်ရခဲ့တဲ့ အစ္စရေးလ်နိုင်ငံရဲ့ နမူနာပုံစံကို အတုယူခဲ့တယ်။ စင်ကာပူဟာ သူ့ရဲ့အင်အားကြီး အိမ်နီးချင်း ၂ နိုင်ငံဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ရဲ့ မိတ်ဖက်သဘောမဆောင်တဲ့ ဆက်ဆံမှုတွေကို ကျော်လွှားပြီး နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေရအောင် ဆွဲဆောင်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့အတွက် လူတိုင်းဘဝ အေးချမ်းလုံခြုံမှု ရှိဖို့၊ တရားဥပဒေစိုးမိုးဖို့ နိုင်ငံရေးတည်ငြိမ်ဖို့၊ အကျင့်ပျက်ခြစားမှု ကင်းရှင်းဖို့၊ အလုပ်သမားသမဂ္ဂတွေ၊ ယူနီယံတွေရဲ့ အချိန်မတန်ခင် စွက်ဖက်မှုတွေ ကန့်သတ်ခဲ့သလို၊ အခွန်ကောက်ခံမှု မကြီးလေးစေအောင် အထူးဂရုပြု ဆောင်ရွက်ခဲ့တယ်။ လူအများစု အမြန်ဆုံး အလုပ်အကိုင်တွေရပြီး ထမင်းအိုးတွေ တည်နိုင်ဖို့အတွက် တဖက်မှာတော့ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့် အတော်များများကတော့ ဆုံးရှုံးခဲ့ရတယ်။ လီကွမ်ယုရဲ့ ပီအေပီပါတီဟာ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေကို ဖိအားပေး ချုပ်ချယ်ခဲ့ပြီး တဖြည်းဖြည်းနဲ့ အစိုးရအစီအစဉ်နဲ့ ဖွဲ့စည်းထားတဲ့ National Trade Union Congress (NTUC) ရဲ့အောက်ကို ဝင်ရောက်စေခဲ့တယ်။ တဦးချင်းဖြစ်ဖြစ်၊ အတိုက်အခံပါတီ ဖြစ်ပါစေ နိုင်ငံရေး၊ အုပ်ချုပ်ရေး အမျိုးသားရေး၊ ကော်ပိုရေးရှင်း ညီညွတ်မှု ထိခိုက်နိုင်တယ်၊ ခြိမ်းခြောက်လာတယ်လို့ ယူဆခဲ့ရင် အကျဉ်းချုံးပြီး အပြစ်ဒဏ်စီရင် ထောင်ချခဲ့တယ်။ အိန္ဒိယသမုဒ္ဒရာနဲ့ တောင်တရုတ်ပင်လယ်ကို ဆက်စပ်ပေးနေတဲ့ မလ္လကာရေလက်ကြားရဲ့ ပင်လယ်ဝမှာ တည်ရှိနေတဲ့ စင်ကာပူရဲ့ ပထဝီဝင်တည်နေရာ မဟာဗျုဟာကျနေတာကို အသုံးချပြီး ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းနဲ့ ကုန်သေတ္တာစခန်းတွေကို အကျအန တည်ဆောက်ခဲ့တယ်။ ဒါ့အပြင် ကမ္ဘာ့အဆင့်မီလေဆိပ်၊ စက်မှုဇုန်ကြီးတွေနဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေ အလွယ်တကူ လုပ်ကိုင်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးလိုက်တော့ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်း ဗဟိုချက်မကို သိမ်းပိုက်သလို ဖြစ်သွားခဲ့တယ်။ အဲ့ဒီလို ဆောင်ရွက်ခဲ့ရင်း ၇ နှစ်လောက်အတွင်း ၁၉ရ၂ ခုနှစ်ရောက်တော့ စင်္ကာပူရဲ့ တမျိုးသားလုံးကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ဟာ ဂဏန်း ၂ လုံးထိ ခုန်တက်လာခဲ့တယ်။ အဓိက ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ ဂျပန်နဲ့ အနောက်နိုင်ငံတွေပါပဲ။ အဲဒီလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ပြီးတဲ့နောက်မှာ စင်ကာပူအစိုးရဟာ သူ့နိုင်ငံရဲ့ အကြီးဆုံးရတနာသိုက်ကြီးကို အရောင်သဖို့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ လုပ်ငန်းခွင်အတတ်ပညာ တတ်မြောက်ကျွမ်းကျင်ရေးကို အာရုံစိုက်ပြီး အစွမ်းကုန်အားထုတ်ခဲ့တယ်။ စက်မှုလက်မှုကျောင်းပေါင်းများစွာ ဖွင့်ခဲ့တယ်။ သတင်းနဲ့ နည်းပညာရပ်တွေ၊ ရေနံဓာတု နည်းပညာရပ်၊ အီလက်ထရောနစ်နယ်ပယ်၊ ဆေးဝါးနဲ့ အစားအစာ ထုတ်လုပ်မှု စတဲ့ နည်းပညာရပ်နယ်ပယ်တွေအတွက် ငွေကြေးတွေ စိုက်ထုတ်သုံးစွဲပြီး နိုင်ငံတကာကုမ္ပဏီကြီးတွေကို မကျွမ်းကျင်သေးတဲ့ သူ့နိုင်ငံသားတွေကို နည်းပညာ၊ အတတ်ပညာတွေ သင်ကြားပေးစေခဲ့တယ်။ စက်မှုလုပ်ငန်းခွင်တွေမှာ အလုပ်မရတဲ့ နိုင်ငံသားတွေကို အစိုးရအစီအစဉ်နဲ့ လူအင်အား အသုံးချမှုများတဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ သွတ်သွင်းလုပ်ကိုင်စေခဲ့တယ်။ PET (Pre Employment Training) လို့ ခေါ်တဲ့ လုပ်ငန်းခွင်မဝင်ခင် ပညာသင်ကြားခြင်း၊ အခြေခံမူလတန်း၊ အလယ်တန်းကနေ တက္ကသိုလ်ကျောင်းတွေအထိ ပညာရေးစနစ်မှာလည်း အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသုံး ရုံးသုံးဘာသာရပ် ဖြစ်စေခဲ့ရုံမက တခြားဘာသာမျိုးစုံနဲ့ ပေါင်းစပ်သင်ကြားတဲ့ပညာရေး (multinationals education) ကို အသုံးပြုခဲ့တယ်။ အဲဒါအပြင် စင်ကာပူအစိုးရဟာ သူ့နိုင်ငံသားတွေ အလုပ်အကိုင်တွေရဖို့ အစဉ်အမြဲ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ထဲမှာ  နည်းပညာအတတ်ပညာ နောက်မကျရစ်ဖို့ဆိုတာ  Pre Employment Training လို့ ခေါ်တဲ့ လုပ်ငန်းခွင်မဝင်ခင် ပညာသင်ကြားခြင်း အတန်းပညာတွေနဲ့ မလုံလောက်ဘူးဆိုတာ ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၉၈ ခုနှစ် ဇွန်လမှာ လူ့အရင်းအမြစ် ၂၁ ဦး ကော်မီတီကို ဖွဲ့စည်းပြီး အသိပညာကို အခြေခံတဲ့ စီးပွားရေးဘဝကို ထူထောင်ဖို့ စင်ကာပူရဲ့ လူသားအရင်းအမြစ် သဘောထားအမြင်ကို ထင်ဟပ်ဖော်ပြစေမယ့် အစီအမံတွေ ရေးဆွဲစေခဲ့တယ်။ အဲ့ဒီကော်မတီကနေ Continuing Education & Training ( CET) လို့ ခေါ်ကြတဲ့ စဉ်ဆက်မပြတ် လေ့လာသင်ကြားရေးစနစ်တရပ်ကို သူ့နိုင်ငံသားတွေအတွက် တည်ထောင်ခဲ့တယ်။ စင်ကာပူအစိုးရဟာ ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ လုပ်ငန်းခွင်အမျိုးအစားအလိုက် အဆင့်မီ စနစ်ကျဖို့၊ လုပ်ငန်းခွင်ကျွမ်းကျင်မှု စံရည်စံညွှန်းတွေ သတ်မှတ်ဖို့၊ သူ့နိုင်ငံသားတွေကို  လေ့ကျင့်ပေးဖို့  Work Development Agency ( WDA) ကို ဖွဲ့စည်းခဲ့တယ်။ နှောင်မှာ WDA ဟာ Singapore Workforce Skills Qualifications (WSQ) စင်ကာပူ လူ့အရင်းအမြစ်၊ ကျွမ်းကျင်မှု အရည်အသွေးသတ်မှတ်မြှင့်တင်ရေးအဖွဲ့လို့ လူသိများလာတယ်။ ၂၀၁၅ ခုနှစ်ရဲ့ တတိယအပိုင်းအရောက်မှာတော့ WDA ဟာ စက်မှုလုပ်ငန်းမျိုးစုံနဲ့ လက်တွဲပြီး  လုပ်ငန်းခွင်ကျွမ်းကျင်မှုအရည်အသွေးဆိုင်ရာ မူဘောင် ၃၄ ခု (WSQ Framework) ခုကို ရေးသားပြုစုလို့ ကျွမ်းကျင်မှုဆိုင်ရာ စံရည်စံညွှန်း (Competency Standards) တွေ သတ်မှတ်နိုင်ခဲ့တယ်။ အဲဒါအပြင် စင်ကာပူအစိုးရဟာ သူ့နိုင်ငံသားအားလုံးအတွက်သာမက ဧည့်နိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေအတွက်ပါ SkillsFuture Singapore (SSG)  အစိုးရဘုတ်အဖွဲ့နဲ့ သက်ကြီးပညာသင်ကြားရေးအင်စတီကျူ့ (Institute for Adult Learning) ကို စင်ကာပူပညာရေးဝန်ကြီးဌာန Ministry of Education (MOE) အောက်မှာ ဖွဲ့စည်းပေးခဲ့ပြန်တယ်။ SkillsFuture Singapore (SSG)  အစီအစဉ်အောက်မှာ စင်ကာပူနိုင်ငံသားတွေဟာ ၉၅% အစိုးရစရိတ်နဲ့ အခမဲ့နီးနီး မိမိအားသန်ရာ လုပ်ငန်းခွင် အတတ်ပညာတွေ၊ ကျွမ်းကျင်မှုတွေ သင်ကြားမြှင့်တင်နိုင်တယ်။ ကဲ အခု မြန်မာနိုင်ငံဘက် လှည့်ကြည့်ကြရအောင်။ ရဟန်းရှင်လူ မိဘပြည်သူတွေရဲ့ အသက်သွေးပေါင်းများစွာ ပေးဆပ်ရင်းနှီးခဲ့ရပြီးမှ စစ်အာဏာရှင်တွေ မလွှဲမရှောင်သာ ခွင့်ပြုပေးခဲ့ရတဲ့ မပီပြင်သေးတဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တနိုင်ငံလုံးက သန်းပေါင်းများစွာသော အလုပ်လက်မဲ့ မြန်မာပြည်သူတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေရစေဖို့ အခြေအနေတွေ အမြန်ဆုံးဖန်တီးပေးဖို့ လိုအပ်နေတယ်။ နှစ်ပေါင်း ၇၀ လောက်ကနေ စတင်လောင်ကျွမ်းခဲ့ပြီး ယနေ့ထိတိုင် တောက်လောင်နေဆဲ ပြည်တွင်း စစ်မီးလျှံနဲ့ ပြာပုံကြီးအောက်ထဲက ထိုးထွက်နိုင်အောင် ကြိုးစားရာမှာ အစ္စရေးလ်ပုံစံကို အတုယူခဲ့ပြီး ညွန်တောကြီးထဲက ရုန်းထွက်ခဲ့တဲ့ စင်ကာပူနမူနာကို မြန်မာနိုင်ငံအနေနဲ့ အတုယူသင့်တာတွေကို အတုယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တပုံစံတည်းကို ပုံသေကားချပ် ကော်ပီမကူးသင့်ပါဘူး။ ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံရေး  နောက်ခံသမိုင်း၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ၊ တိုင်းပြည်ရဲ့ ပထဝီဝင်အနေအထား၊ ပြည်သူအများစုရဲ့ဆန္ဒအား စတဲ့ အခြေအနေအရပ်ရပ်ကို ထည့်သွင်းတွက်ချက်ပြီးမှ အသင့်တော်ဆုံးပုံစံနဲ့ သွားကြရမှာပါ။ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ လူသားအရင်းအမြစ်နဲ့ဆိုင်တဲ့ အရေးကြီးတဲ့ အချက်တခုကို  ပြောချင်ပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံရဲ့ လူသားအရင်းအမြစ် ၈၀% ကျော်ဟာ မြို့ပြတွေမှာ ရှိမနေပါဘူး။ ကျေးလက်တောရွာတွေနဲ့ တောင်တန်းဒေသတွေ၊ တိုင်းရင်းသားဒေသတွေမှာ တည်ရှိနေတယ်ဆိုတာပါပဲ။ ဒါကြောင့်လည်း NLD အစိုးရသစ်ရဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ကို ရေးဆွဲရာမှာ အထက်ပါ အချက်တွေကို ခြုံငုံချမှတ်ခဲ့တယ်ဆိုတာ မြင်သာပါတယ်။ ဒီတော့ တိုင်းပြည်ရဲ့ အကြီးဆုံးရတနာသိုက်ကြီးကို အပြောမဟုတ် လက်တွေ့ တူးဖော် အသုံးချလိုတယ်ဆိုရင် တောင်သူလယ်သမားတွေရဲ့ လယ်ယာလုပ်ငန်းခွင်တွေ ဖွံ့ဖြိုး တိုးတက်အောင်၊ ခေတ်မီလယ်ယာလုပ်ငန်းဆိုင်ရာ အသိပညာ အတတ်ပညာတွေ ကျွမ်းကျင်လာ အောင် အထောက်အကူပြုပေးဖို့ လိုသလို၊ စက်ရုံ အလုပ်ရုံတွေ၊ နိုင်ငံခြားခရီးသွားလုပ်ငန်း စတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ တောင်တန်းဒေသ တိုင်းရင်းသားဒေသတွေက နိုင်ငံသားအရင်းအမြစ်တွေကို အသုံးချနိုင်ဖို့ စီမံကိန်းတွေ စနစ်တကျ ချမှတ်ကြရမှာ ဖြစ်ပါတယ်။ အချုပ်ပြောရရင် တိုင်းပြည်ရဲ့ စီးပွားရေးဦးမော့လာဖို့ လယ်ယာလုပ်ငန်းကို ဗဟိုပြုပြီး လူအင်အားသုံး စက်မှုလုပ်ငန်းတွေနဲ့အတူ အသိပညာကို အခြေခံတဲ့ စီးပွားရေးဗျူဟာ (Knowledge Based Economy) ကို နိုင်ငံသားတွေရဲ့အင်အားကို အပြည့်အဝ အသုံးချဖို့ အစွမ်းကုန်ဆောင်ရွက်ဖို့ လိုပါကြောင်း မီးမောင်းထိုးလိုက်ပါတယ်။ မင်းကောင်းချစ် ဇန်န၀ါရီလ ၂၂ ရက်နေ့ ၂၀၁၇ ခုနှစ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up