ကျောက်မဲတွင် လူငယ် ၁ ဦး ဆွဲမိုင်းမိပြီး ဒဏ်ရာရ
နန်းမြနဒီ
·
January 25, 2017
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲမှာ တနေ့က လူငယ်တဦး ဆွဲမိုင်းမိပြီး ဒဏ်ရာရခဲ့ပါတယ်။
မိုင်းငေါ့မြို့နယ်ခွဲ ကွန်ခါအုပ်စု ပန်ဟူရွာက အသက် ၂၅ နှစ်ရွယ်ရှိ စိုင်းဝေလင်းဆိုသူဟာ ဇန်န ၀ါရီလ ၂၃ ရက်နေ့ နေ့ခင်းပိုင်းက ဆိုင်ကယ်နဲ့ ကျောက်ဖြူရွာကို အသွားလမ်းမှာ မိုင်းကြိုးနဲ့ငြိမိလို့ ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရသွားတယ်လို့ သူ့ကို ဆေးရုံမှာသွားရောက်ကူညီခဲ့တဲ့ ကျောက်မဲရှိ နမ့်ခုံး ရှမ်းပရဟိတအသင်းကော်မတီဝင် စိုင်းလွန့်ခေးက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီနေ့က သူတို့ ညီအစ်ကိုနှစ်ယောက် ဆိုင်ကယ်စီးပြီး ကျောက်ဖြူရွာကို လာကြတယ်တဲ့။ ကျောက်ဖြူရွာရောက်ခါနီးမှာ စိုင်းဝေလင်းက အပေါ့သွားချင်လို့ဆိုပြီး ဆိုင်ကယ်ရပ်ပြီး လမ်းဘေးက ခြုံထဲဝင်သွားတယ်။ အဲဒီမှာ ဆွဲမိုင်းကြိုးနဲ့ငြိမိပြီး ပေါက်ကွဲမှုဖြစ်တော့ မိုင်းစတွေ လွင့်စင်ပြီး ဒဏ်ရာရ သွားတာ၊ ဘယ်ဘက်ခြေတောက်နဲ့ ညာဘက်လက်က ဒဏ်ရာနည်းနည်းကြီးတယ်။ မနေ့က ဆရာဝန်က အရိုးကိုပါထိတယ်လို့ ပြောတယ်ဗျ။ အစက မိုင်းငေါ့ဆေးရုံကို အရင်လာတာ၊ ပြီးမှ မိုင်းငေါ့ကနေ ကျောက်မဲဆေးရုံကို လွဲပေးလိုက်တာ။”
ရွာသားတယောက် ခုလို ဒဏ်ရရရှိတဲ့အပေါ် မနေ့နေ့ခင်းပိုင်းထိ သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းနဲ့ ရဲစခန်းတာဝန်ရှိသူတွေ ရောက်လာတာ မတွေ့သေးဘဲ လောလောဆယ် ဆေးဖိုးက ကျပ် ၇ သောင်း လောက်ကုန်ကျနေသလို သူတို့ဟာ ချို့တဲ့နွမ်းပါးသူတွေ ဖြစ်တာကြောင့် အကူအညီလို အပ်နေတယ် လို့ ဆိုပါတယ်။
သူတို့အသင်းအနေနဲ့တော့ မနေ့က ကျပ်ငွေ ၅ သောင်းနဲ့ စောင် ၂ ထည်သွားလှူခဲ့တယ်လို့ စိုင်းလွန့်ခေးက ပြောသွားပါတယ်။
ကျောက်မဲခရိုင်ထဲမှာ ဒီဖြစ်ရပ်မတိုင်ခင်ရှေ့ ဇန်န၀ါရီလ ၂၁ ရက် မနက်ပိုင်းကလည်း သီပေါမြို့နယ် မန်လွယ်ရွာက မိန်းကလေး ၃ ဦး လက်ဖက်ခြံမှာ အလုပ်လုပ်နေစဉ် ဒေသလုပ် မိုင်း တလုံးပေါက်ကွဲခဲ့ပြီး ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။
မိုင်းတွေကို ဘယ်သူထောင်ထားတာမသိရပေမယ့်လည်း အဲဒီဒေသမှာ တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့၊ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်တို့ လှုပ်ရှားသွားနေပြီး မကြာခဏ တိုက်ပွဲ ဖြစ်နေကြပါတယ်။