DVB Logo
Home
မြန်မာသတင်း
အိမ်တွင်းငြိမ်းချမ်းရေးမှ ပြည်တွင်းငြိမ်းချမ်းရေးသို့
DVB
·
January 24, 2017
အိမ်တွင်းငြိမ်းချမ်းရေးမှ ပြည်တွင်းငြိမ်းချမ်းရေးသို့
Donate to DVB

 

တဝေါဝေါ မြည်နေတဲ့ အဝတ်လျှော်စက် အသံတွေကြားထဲက-

“ဟေ့ ယောက်ျားရေ၊ လျှော်ပြီးသား အဝတ်တွေ လာလှန်းပေးဦး”

အမိန့်ပေးသံလား၊ အကူအညီ တောင်းသံလား သဲသဲကွဲ ကွဲ မစဉ်းစားမိခင် အဝတ်လျှော်နေတဲ့ မိန်းမနားကို ကျနော် ရောက်သွားပါပြီ။ ခြေဖနောင့် နှစ်ခုပူး၊ ခြေဖျားနှစ်ခုကို လေးလက်မခွာ၊ ခါးကို မတ်မတ်ထား၊ လက်နှစ်ဖက်ကို ကပ်ထား၊ ရင်ကိုကော့၊ ဖင်ကိုကောက် သတိအနေအထားနဲ့ ရပ်။ မိန်းမ ဘာညွှန်ကြားမလဲ နာခံရန်အသင့်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လျှော်ပြီးသား ထဘီနဲ့ မိန်းမအတွင်းခံဘောင်းဘီတွေက ပလတ်စတစ်ဇလုံ အနက်ထဲမှာ။ ကျနော့်အဝတ်တွေ၊ လုံချည်တွေက အပြာရောင် ဇလုံထဲမှာ။ ဒီအချိန်မှာပဲ ယောက်ျားမာနက ကျနော့်ငယ်ထိပ်တက်လာပါတယ်။ ‘ငါက မိန်းမခိုင်းတာကို လုပ်မယ်ကောင် မဟုတ်’  သူ မခိုင်းခင် အဝတ်လျှော်ဇလုံ နှစ်ခုကို ထပ်။ ခေါင်းပေါ်ရွက်။ ယောက်ျားဘသား ဒီလောက်တော့ အပျော့။ ကိုင်း . . . အဝတ်လှန်းတဲ့နေရာကို သွားကြစို့။

“ယောက်ျား၊ ဒါ ဘာလုပ်တာလဲ” သူ့အသံက နည်းနည်းမာနေတယ်။

“အဝတ်လှန်းမလို့လေကွာ”

ကျနော့်အသံ နည်းနည်းပျော့သွားတယ် ထင်ပါတယ်။ မတတ်နိုင်ပါဘူး၊ သူ မာရင် ကိုယ်ပျော့၊ ရမှာက ကျနော်က အတောင်နှစ်ဆယ်ဝတ် မင်းယောကျာ်းတွေရဲ့ တာဝန်။ ဒီလိုမှ မဟုတ်ရင် သူတခွန်း ကိုယ်တခွန်း စကားများ ရန်ဖြစ်ကြလိမ့်မယ်။ ရိုက်ဟယ်၊ နှက်ဟယ် ဖြစ်ကြလိမ့်မယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်ကြလိမ့်မယ်။

အိမ်တွင်းအကြမ်းဖက်မှု ဆိုတာက စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မိရိုးဖလာ ဓလေ့ထုံးစံအရ အကြမ်းဖက်မှု စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု စသဖြင့် အကြမ်းအားဖြင့် သတ်မှတ်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ဖြစ်တာတွေ၊ နိုင်ငံတကာအကြမ်းဖက်မှု ဖြစ်တာတွေဟာ အိမ်တွင်း အကြမ်းဖက်မှုတွေ က စခဲ့တာတဲ့။ ၂၀၁၇ ခုနှစ်ဟာ မြန်မာပြည် ပြည်တွင်းငြိမ်းချမ်းရေးနှစ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောထားတာကြောင့် ကျနော့်ဇနီးကို အလျှော့ပေးလိုက်တာပါ။ ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုဆိုတဲ့အနေနဲ့ပါ။ အိမ်တွင်းငြိမ်းချမ်းရေးမှသည် ပြည်တွင်းငြိမ်းချမ်းရေးဆီသို့ဆိုတဲ့ ကြွေးကြော်သံ ကို ကိုင်စွဲပြီးတော့ပေါ့။ တကယ်တော့ အဲဒီ ကြွေးကြော်သံကို ဘယ်သူမှ ကြွေးကြော်ခိုင်းတာ မဟုတ်။ ဘယ်မှာမှ ပိုစတာချိတ်ထားတာမရှိ၊ ဘယ်သူတွေ ဘယ်အလုပ်ရုံဆွေးနွေးပွဲကမှ ဆုံးဖြတ်ချက်ချထားတာ မဟုတ်ပါ။ ကျနော့်ဇနီးနားရောက်မှ ဒီကြွေးကြော်သံက ခေါင်းထဲ အထိတ်တလန့်နဲ့ အလိုလို ခုန်ထွက်လာတာပါ။

စကားမစပ် ပြောရဦးမယ်။ ကျနော်တို့ သင်ယူထားတဲ့ ဂျဲန်ဒါ (GENDER) ဆိုတာ လူမှုဝန်းကျင်ဆိုင်ရာ သတ်မှတ်ချက်တခုပါ။ ကာလ ဒေသ ရာသီဥတု လူမျိုးစုဓလေ့ထုံးစံတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းတရာလောက်က အမျိုးသားတွေသာ ဘောင်းဘီဝတ်ခဲ့ကြပြီး အမျိုးသမီးတွေ အများစုဟာ ဘောင်းဘီဝတ်လေ့ မရှိပါဘူး။ အခုတော့ အမျိုးသမီးတွေ ဘောင်းဘီဝတ်တာ မဆန်းတော့ပါဘူး။ ဟိုးရှေးရှေးက ယောက်ျားတွေသာ ရုံးတက်၊ အပြင်ထွက် စီးပွားရှာကြတာပါ။ အမျိုးသမီးတွေက အိမ်မှာ ကလေးထိန်း၊ အဝတ်လျှော် အိမ်အလုပ်လုပ်ခဲ့ကြရပါတယ်။ ဒါကို လူမှုပုံစံ အသွင်းခံရတာလို့ ဆိုပါတယ်။ ခုတော့ ပြောင်းလဲသွားပါပြီ၊ ရုံးတက် အပြင်ထွက် အလုပ်လုပ်၊ ယောက်ျားတွေလည်း လိုအပ်ရင် လိုအပ်သလို အိမ်အလုပ်လုပ်၊ ကလေးထိန်းနေကြပါပြီ။ ဒါဟာ ပြောင်းလဲမှုပါ။ ပြောင်းလို့လည်း ရပါတယ်။ ဒါပေမယ့် ပြောင်းလဲလို့မရတာက ကလေးမွေးတာ၊ နို့တိုက်တာနဲ့ လိင်အင်္ဂါတွေပါ။ အဲဒီလို ပြောင်းလဲလို့ မရတာကို လိင်(Sex) လို့ သတ်မှတ်ကြပါတယ်။ ဒါဟာ ဇီဝဆိုင်ရာ သတ်မှတ်ချက်တခုဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် အဝတ်လျှော်၊ ထမင်းချက်တဲ့ အလုပ်တွေမှာ ကျား မ ခွဲခြားစရာမလိုသလို  အဝတ်အစားဝတ်ရာမှာလည်း ယောက်ျားအဝတ်က မြင့်မြတ်ပြီး မိန်းမ အဝတ်ဟာ နိမ့်ကျတယ်လို့ မယူဆသင့်ပါဘူး။

အခုပဲ ကြည့်လေ၊ ကျနော့်မိန်းမက ယောက်ျားအဝတ်၊ မိန်းမအဝတ် ခွဲလျှော်ထားတယ်။ ဇလုံတခုစီ ထားတယ်။ ဒါကို ဂျဲန်ဒါ ခွဲခြားမှုလို့ ခေါ်နိုင်ပါတယ်။

“ရှင် ထဘီဇလုံကြီး သယ်သွားမှာလား”

“ဒါတွေ အရေးမကြီးပါဘူး။ မင်းက ဂျဲန်ဒါ ခွဲခြားနေလို့ဖြစ်တာ ယောက်ျားအဝတ်ဖြစ်ဖြစ်၊ မိန်းမအဝတ်ဖြစ်ဖြစ် အတူတူပဲ။ တခုခု လုပ်ရင် ဂျဲန်ဒါ မျက်မှန်လေးတပ်ကြည့်စမ်းပါ မိန်းမရာ”

“အို ဘာမျက်မှန်လဲ၊ မျက်မှန်က ခဏခဏ ပျောက်လို့ စိတ်ညစ်ရတဲ့အထဲ ရှင်က နောက်ထပ် မျက်မှန် ထပ်တတ်ခိုင်းပြန်ပြီ၊ ရှင် အခု လုပ်ရမှာက ထဘီဇလုံကို ထားခဲ့၊ ရှင့်အဝတ်ဇလုံကို ယူသွား အိမ်ရှေ့မှာ လှန်း၊ သေသေချာချာ ဖြန့်လှန်း ဒါပဲ။”

ကျနော် သင်ယူဖူးတဲ့ ဂျဲန်တာ သင်တန်းတခုမှာတော့  ယောက်ျားတွေက ဆုံးဖြတ်ချက် ချတဲ့နရာမှာ အလိုလို နေရာရနေကြတယ်တဲ့။ ဥပမာ ရပ်ကွက်လူကြီးနေရာ၊ သမ္မတနေရာ၊ အိမ်ထောင်ဦးစီးနေရာ။ အဲဒီနေရာတွေမှာ အမျိုးသမီးတွေ နေရာရလာဖို့ ကြိုးစားသင့်တယ်တဲ့။ ဒီအဆိုကို ကျနော် သိပ်ဘဝင်မကျပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က မိန်းမပြောတာကို နာခံဖို့ ဆုံးဖြတ်ချက် ချထားတာမို့ပါ။ အဲဒီဆုံးဖြတ်ချက်ချခွင့်ကလေးတော့ ကျနော်တို့ ပုရိသ ယောက်ျားတွေ ပေးသင့်တယ် ထင်ပါတယ်။

ခုလည်း ကျနော့်ဆုံးဖြတ်ပိုင်ခွင့်ကို အလျှော့မပေးဘဲ မိန်းမ ခိုင်းတဲ့အတိုင်း လုပ်ပစ်လိုက်ပါတယ်။ ယောက်ျားဆိုတာ ဆုံးဖြတ်ချက် ခိုင်မာရတယ်။ ထွေးပြီးသား တံတွေးကို ပြန်မမျိုဘူး၊ ပြောပြီးသား စကားကို တည်အောင်လုပ်တယ်။ ကဲ လှန်းပစ် လိုက်မယ် အဝတ်တွေ အားလုံး။ ဘာဖြစ်လဲ။

ကျနော် အဝတ်လှန်းပြီးချိန်မှာ သူက ရေချိုးနေပါပြီ။ ရေချိုးမပြီးခင် သူစားဖို့ ထမင်းတွေ၊ ဟင်းတွေ နွှေးထားရမှာက ကျနော့်တာဝန်။ အဲဒီတာဝန်တွေကို ဘယ်တုန်းက ယူခဲ့တာလည်းတော့ မသိပါ။ ကြင်စဦး ဇနီးမောင်နှံဘဝက သူ ယူထားတ့တာဝန်တွေပါ။ သမီးရည်းစားဘဝတုန်း ကတည်းက သူက ဒီတာဝန်တွေကို သူယူမယ်လို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ သူ  အလုပ်ထွက် လုပ်တော့ အဲဒီတာဝန်တွေဟာ ကျနော့်အပေါ် ကျရောက်လာပါတယ်။ သူ့ကို မလုပ်နဲ့လို့ ပြောရင် လည်း စီးပွားရေး အကြမ်းဖက်သူလို့ အစွပ်စွဲခံရနိုင်တယ်။ လုပ်ပါလို့ ဆိုရင်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်သူတွေက မိန်းမတယောက်ကို မနိုင်ဝန် ထမ်းခိုင်းတယ်လို့ အပြစ်မြင် ကြမယ်။ ရှေးရိုးစွဲတွေက ထဘီနား ခိုစားချင်လို့ ခွင့်ပြုတာလို့ အပြစ်တင်ကြမယ်။ တကယ်တော့ တစ်ယောက်တည်းရှာတဲ့ဝင်ငွေက ဒီခေတ်ကြီးမှာ မလုံလောက်တော့ဘူးလေ။

ကျနော် ပြောခဲ့တဲ့ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုဆိုတာကတော့ ယောက်ျားတွေဟာ မိန်းမတွေကို အပြင်ထွက် စီးပွားမရှာခွင့်မပေးဘဲ သူတို့သာ စီးပွားရှာ၊ သူတို့သာ စီမံခန့်ခွဲ။ ငွေရှာနိုင်သူက ငွေရှာခွင့်မရသူကို တဖက်သတ် အနိုင်ကျင့်လေ့ရှိတယ်လို့ ကျား မ ရေးရာ တန်တူညီမျှရေးကွန်ရက် မြန်မာနိုင်ငံရဲ့ အရည်အသွေး အခြေပြုနည်းလမ်းနဲ့ လေ့လာဆန်းစစ်ချက် တွေအရ သိရတယ်လို့ ဆိုပါတယ်။ ကျနော့်ဇနီးကတော့ အပြင်ထွက် စီးပွားရှာရပေမယ့် ကျနော့်ကို အိမ်တွင်းအကြမ်းဖက်မှုတွေ မလုပ်ပါဘူ။ မသကာ ဇက်ကြောနှိပ်ဖို့၊ နင်းပေးဖို့ လုပ်အားပေး ခိုင်းတာလောက်ပဲ ရှိပါတယ်။ အလုပ်အဆင်မပြေရင်တော့ ကျနော့်နားကို အကြမ်းဖက်တာတော့ ရှိတာပေါ့ဗျာ။

အဲဒီအကြမ်းဖက်တာကို ကျော်ဖြတ်တဲ့နည်းကတော့ သူထမင်းစားပြီးတာနဲ့ ဖေ့ဘွတ် သုံးတတ်အောင် သင်ပေးလိုက်တာပါပဲ။ ကျနော် ပန်းကန်တွေ ဆေးပြီးချိန်မှာ သူက ဖေ့ဘွတ်ခ် သုံးရင်း အိပ်ပျော်သွားပါပြီ။ သူအိပ်နေတာကို ဇာခြည်လှပ်လို့ကြည့်ရင်း ဂျဲန်ဒါ ဆရာမ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီ ပြောတာကို သတိရပြီး လန့်သွားပါတယ်။

အမျိုးသမီးက သဘောမတူရင် အိမ်ထောင်ဖက် ဖြစ်ပါစေ မုဒိမ်းမှုနဲ့ တရားစွဲနိုင်တယ်တဲ့။ ပုဒ်မက ၃၇၆။ ထောင်ဒဏ်က တသက်တကျွန်းဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်နိုင်သည်တဲ့။ အမယ်လေး...   ဖူး ၀ူး ၀ူး ။

အင်း   ဘာပဲဖြစ်ဖြစ်လေ ကုလအတွင်းရေှးူးမှူး ဘက်ကီမွန်း ရာထူးက အနားမယူခင် နောက်ဆုံး ပြောသွားတဲ့ မိန့်ခွန်းမှာ ‘ကုလသမဂ္ဂမှာ အမျိုးသမီးတွေကို အဆင့်မြင့်ရာထူးတွေမှာ အရင်ကထက် ပိုမိုတိုးမြှင့်ခန့်ထားနိုင်ခဲ့တဲ့အတွက် ကျနော် ဂုဏ်ယူပါတယ်တဲ့။

ကျနော်လည်း ကျွန်တော့်အမျိုးသမီးကို နေရာပေးခဲ့ရလို့ ကျေနပ်ပါတယ်။

ကျနော်တယောက်  ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်းအဖြစ် အိမ်တွင်းငြိမ်းချမ်းရေးကို လျှောက်လှမ်းနိုင်ခဲ့ပါပြီ။

ဘက်ကီမွန်းတယောက်ကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အထိ ရည်ရွယ်ချက်ထားတာကြောင့် အခုဆို အဝတ်တွေလှန်း၊ ပန်းကန်တွေ ဆေးလို့ပြီးမယ် မထင်သေးပါဘူး။

သားကြီးမောင်ဇေယျ

၂၁-၁-၂၀၁၇ (ဒီဆောင်းပါးကို ကျနော့်ဇနီးရဲ့ ခွင့်ပြုချက်နဲ့ အတည်ပြုရေးသားထားကြောင်း ၀န်ခံပါတယ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013