Homeမေးမြန်းခန်း
ငြိမ်းချမ်းရေး လိုချင်ရင်တော့ အစိုးရဘက်က စိတ်ရင်း စေတနာရင်းရှိတယ်ဆိုတာ ပြရမယ်
ငြိမ်းချမ်းရေး လိုချင်ရင်တော့ အစိုးရဘက်က စိတ်ရင်း စေတနာရင်းရှိတယ်ဆိုတာ ပြရမယ်
မောင်တူး
·
December 6, 2011
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေ ဖြစ်နေသေးပေမယ့် အပစ်အခတ် ရပ်စဲရေးတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက မီးရထားဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် ထိုင်း-မြန်မာ နယ်စပ်ကိုလာပြီးတော့ တိုင်းရင်းသားအဖွဲ့တွေ ကေအန်ယူ၊ အက်စ်အက်စ်အေ၊ ကေအန်ပီပီ စတဲ့ အဖွဲ့ ၄၊ ၅ ဖွဲ့နဲ့ တွေ့ပါတယ်။
[caption id="attachment_18573" align="alignleft" width="300" caption="ဦးဟန်ညောင်ရွှေ"]
[/caption]
အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးရာမှာ လိုက်ပါ ကူညီဆောင်ရွက်ပေးခဲ့သူ ဦးဟန်ညောင်ရွှေကို မေးမြန်းထားပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့က ထိုင်းမြန်မာ နယ်စပ်မှာ တွေ့ကြတဲ့အဖွဲ့တွေပေါ့၊ အက်စ်အက်စ်အေ၊ ကေအိုင်အေ လည်းပါမယ်။ ဒီလိုမျိုး တွေ့ဆုံပွဲကို ဝင်ရောက်ပြီး ကြားဝင်ပြောပေးဖို့က အစိုးရဘက်က ခေါ်တာလား၊ ဦးဟန်ညောင်ရွှေအနေနဲ့ သွားတာလား။
“ပထမဆုံးကတော့ ကျနော်နဲ့ ဦးအောင်မင်း(မီးရထားဝန်ကြီး) နဲ့တွေ့ကြရာမှာ သူက ကျနော့်ကို အကြံဥာဏ်တောင်းတယ်။ တိုင်းရင်းသား အပစ်အခတ် ရပ်စဲဖို့ကိစ္စကို ဘယ်လိုလုပ်သင့်တယ်ဆိုတာ သူကမေးတာပေါ့။ ကျနော်ကတော့ ဒီပြဿနာတွေက ဖြစ်လာတာကြာပြီ၊ ယုံကြည်မှုတည်ဆောက်ရမယ်၊ တဖြည်းဖြည်းနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ရမယ်။ အဲလိုမျိုး ဖြစ်လာမှဖြစ်မယ်လို့ ကျနော်က အကြံပေးလိုက်တယ်။ နောက်ပိုင်း သူနဲ့ရန်ကုန်မှာ ပြန်တွေ့တော့ သူက အက်စ်အက်စ်အေ (တောင်ပိုင်း) ဗိုလ်မှူးရွက်ဆစ်တို့အဖွဲ့နဲ့ ညှိပေးလို့ရမလားလို့ မေးတယ်။ ကျနော်က ဘယ်လိုဖြေလည်းဆိုတော့ ညှိပေးလို့ ရတယ်။ ဒါပေမယ့် ကျနော်လုပ်လာတဲ့ တကာလလုံးမှာ နိုင်ငံရေးပါလာတဲ့ နေရာမှာ ရှမ်းအတွက်ပဲလုပ်နေတာ မဟုတ်ဘူး။ တိုင်းပြည်အတွက် လုပ်နေတယ်။ ပြီးတော့မှ တိုင်းရင်းသားအကုန်လုံးအတွက် ကူထားတာရှိတယ်။ ဆိုတော့ ဝန်ကြီးကနေ ရှမ်းအဖွဲ့နဲ့တွေ့မယ်ဆိုရင် တခြားအဖွဲ့တွေနဲ့လည်း တွေ့သင့်တယ်လို့ အကြံပေးလိုက်တယ်။ အစတုန်းကတော့ သူလက်ခံတယ်။ နောက်ပိုင်းမှာ သူက အဲဒါဆိုရင် လုပ်ပေးပါဆိုပြီးတော့ ပြောလာတယ်။”
ဦးဟန်ညောင်ရွှေအနေနဲ့ ရှမ်းအက်စ်အက်စ်အေ တဖွဲ့တည်းနဲ့ စေ့စပ်ညှိနှိုင်းပေးတာထက် ကျန်တဲ့ အဖွဲ့တွေကိုလည်း ဝင်ညှိနှိုင်းပေးချင်တယ်ဆိုပြီး ဖြစ်တာပေါ့။ အခုတွေ့ဆုံဆွေးနွေးခဲ့ကြပြီ။ သတင်းလည်း သုံးပတ်လောက်ရှိပြီဆိုတော့ ဒီတိုက်ပွဲတွေ ရပ်စဲမှုမှာ၊ ငြိမ်းချမ်းရေးရလဒ်တွေမှာ ဘယ်လိုရခဲ့လဲ။
“ဒီဇင်ဘာ ၂ ရက်နေ့က တောင်ကြီးမြို့မှာ အက်စ်အက်စ်အေ (တောင်ပိုင်း) အဖွဲ့ကတော့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးလိုက်ပါပြီ။ နောက်တဖွဲ့ကတော့ ချင်း (စီအန်အက်ဖ်) အဖွဲ့ကတော့ ဇန်နဝါရီထဲမှာ သူတို့က ချင်းပြည်ကို သွားပြီးတော့မှ လက်မှတ်သွားထိုးပါမယ်။ ကေအန်ယူနဲ့ ကေအန်ပီပီ ကရင်နီအဖွဲ့ကတော့ သူတို့ရဲ့ ဗဟိုကို ပြန်တင်ပြပြီးတော့မှ ဆုံးဖြတ်ချက်ယူမယ်။ တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ အပစ်အခတ် ရပ်စဲဖို့ကတော့ မူအရလက်ခံတယ်ပေါ့။”
ကေအန်ယူတို့ ကေအန်ပီပီတို့ အက်စ်အက်စ်အေတို့ ကေအိုင်အိုတို့ ပါဝင်တဲ့ ယူအန်အက်ဖ်စီ (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ) အဖွဲ့ကနေ တစ်ရက်၊ နှစ်ရက်အတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့တာကို ပြန်သုံးသပ်တဲ့ အစည်းအဝေးလုပ်တယ်။ တွေ့ဆုံမှုကို ဦးအောင်မင်းလည်း လာတယ်။ ဦးဟန်ညောင်ရွှေ ကြားဝင်ဆောင်ရွက်ပေးတဲ့ တွေ့ဆုံဆွေးနွေးရေးက မမှန်ကန်တဲ့ တွေ့ဆုံဆွေးနွေးမှုလို့ သုံးသပ်ထားတာရှိတယ်။ အဲဒီအပေါ်မှာကော ဘာပြောချင်လဲ။
“ဒါကတော့ သူတို့ဘယ်လိုသုံးသပ်လည်း ကျနော်တို့မသိဘူး။ အချက်အလက်တွေ သူတို့ပြည့်ပြည့်စုံစုံ ရှိသလားဆိုတာ ကျနော်တို့မသိဘူး။ ဒါပေမယ့် ကျနော့်အနေနဲ့ မြင်တာက သူတို့သုံးသပ်နေတာက မှားနေလားလို့ မြင်တယ်။ ဘာကြောင့်လဲဆိုရင် ယူအန်အက်ဖ်စီ မူအရက အပစ်အခတ်ရပ်စဲရေးအဆင့်က တဖွဲ့ချင်းတွေ့လို့ရတယ်။ အခု တဖွဲ့ချင်း တွေ့နေတာက အပစ်အခတ် ရပ်စဲလုပ်ဖို့ပဲ တွေ့နေကြတယ်။ နောက်တဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာရင် အကုန်ပါရမယ်လေ။ ဝန်ကြီးဦးအောင်မင်းလည်း ပြောတယ်။ သူတို့တင်ပြတဲ့ အချက်အလက်တွေကလည်း အဲဒီအတိုင်းပြောတယ်။ ဆိုတော့ ဒီဟာက ယူအန်အက်ဖ်စီက ချထားတဲ့မူနဲ့လည်း မလွဲဘူးလို့မြင်တယ်။ ပြီးတော့မှ ဒီအပစ်အခတ် ရပ်စဲလုပ်သွားတဲ့အဖွဲ့ အက်စ်အက်စ်အေ တောင်ပိုင်းကလည်း ပြောတာကတော့ အပစ်အခတ် ရပ်စဲတာနဲ့မလုံလောက်ဘူး။ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ရမယ်။ တပြည်လုံးဆွေးနွေးပွဲ ဖြစ်ရမယ်။ သူတို့ကပြောတယ်။ ဆိုတော့ အမှန်ကလည်း ယူအန်အက်ဖ်စီ မူနဲ့ ကိုက်တယ်လို့ ကျနော်မြင်တယ်လေ။”
ယူအန်အက်ဖ်စီ ဒီလိုဆွေးနွေးတဲ့အပေါ်မှာတော့ ဦးဟန်သဘောထားကို ကျနော်တို့ သိရပြီ။ ဘာပဲပြောပြော နိုဝင်ဘာလ ၁၉ ရက်နေ့ထဲက ဆွေးနွေးလာခဲ့ကြပြီးတော့ အချို့လည်း လက်မှတ်ထိုးတာတွေ ရှိတယ်။ ဒီကေဘီအေတို့နဲ့ သီးသန့်လက်မှတ်ထိုးတာတော့ ဦးအောင်သောင်းတို့နဲ့။ ဆိုတော့ အစိုးရဘက်က ဦးအောင်သောင်းတို့ လွှတ်တာလည်း ရှိတယ်။ ဦးမောင်မောင်သိန်းတို့ လွှတ်တာလည်း ရှိတယ်။ ဒီဘက်မှာလည်း ဦးထွန်းရီနဲ့လည်း တွေ့တယ်။ သူတို့က တိုင်းရင်းသားအားလုံးကို တဖွဲ့တည်းနဲ့ မလုပ်ဘဲနဲ့ ဟိုလူနဲ့ ဒီဘက်မှာလုပ်။ ဒီလူနဲ့ဒီဘက်မှာလုပ်။ သူတို့မှာကော တိတိကျကျ မရှိဘဲနဲ့ ကြုံသလို လုပ်နေတာမျိုး အစိုးရဘက်ကကော ဖြစ်နိုင်လား။
“အဲဒီဟာလည်း တချို့နေရာမှာ ဖြစ်တော့ဖြစ်တယ်။ အခုတွေ့တဲ့ အဖွဲ့တွေလည်း သူတို့ အစိုးရကို တောင်းဆိုတယ်။ အဲဒါမျိုး မလုပ်ပါနဲ့၊ တကယ် မှန်ကန်တဲ့ နည်းလမ်းနဲ့ပဲ လုပ်ပါ၊ ဥပမာ ပြည်နယ်က လာမယ်ဆိုရင်လည်း ပြည်နယ်က တဖွဲ့လာ၊ ပြဿနာမရှိဘူး။ ပြည်ထောင်စုအနေနဲ့ လာမယ်ဆိုရင်လည်း ပြည်ထောင်စုအနေနဲ့လာ၊ ပြဿနာမရှိဘူး။ ဒါပေမယ့် ဒီလူလာလိုက်၊ နောက်တဖွဲ့လာလိုက် တမျိုးပြောလိုက်၊ အဲလိုမျိုးတော့ မလုပ်ပါနဲ့ဆိုတော့ ဒီအဖွဲ့တွေက ပြောတာဖြစ်တယ်။”
တချိန်တည်းမှာပဲ တိုက်ပွဲတွေလည်း ပြန်ဖြစ်နေတယ်ဆိုတော့ ကေအန်ယူနဲ့ဖြစ်နေတာ။ ကချင်မှာဆိုလည်း မနေ့ကဆို တိုက်ပွဲတော်တော် ကြီးကြီးမားမား ဖြစ်နေတယ်။ ဒီအပေါ်တွေကော ဘာပြောချင်လဲ။
“ဥပမာ ကရင်မှာ တိုက်ပွဲဖြစ်တယ် ဆိုတာတော့ သဘာဝကျတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အပစ်အခတ် ရပ်စဲမှု မရမချင်းတော့ တိုက်ရမှာပဲ။ ရှမ်းပြည်မှာလည်း အက်စ်အက်စ်အေ တောင်ပိုင်းကလည်း တိုက်တာပဲ။ ဒီဇင်ဘာ ၂ ရက်နေ့မှာ သူတို့က အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးကြတယ်။ အဲဒီနောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ရင်တော့ ပြဿနာရှိမယ်။ အဲဒီလက်မှတ်မထိုးခင်မှာ တိုက်ပွဲဖြစ်တာ သဘာဝကျတယ်။ ကချင်မှာတော့ သူ့ပြဿနာက တော်တော်ကြီးတယ်။ ဒီနေရာမှာ ကျနော်ထင်တာကတော့ တမျိုးမှားနေတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုရင် ကချင်လောက် အစိုးရကို ကူထားတဲ့အဖွဲ့မရှိဘူး။ အမျိုးသားညီလာခံလည်း သူကပါခဲ့တယ်။ ရွေးကောက်ပွဲဝင်ဖို့လည်း သူတို့က ကြိုးစားခဲ့တယ်။ သူတို့က အစိုးရသစ်တက်လာတာကိုလည်း ကြိုဆိုတယ်။ သမ္မတကြီး လုပ်နေတဲ့ အပြောင်းအလဲကိုလည်း ထောက်ခံတယ်။ ဒါပေမယ့် ဘာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာသလဲ။ ဘာကြောင့် ဒီထက်ဆိုးလာသလဲ။ အဲဒါကတော့ ကျနော့်အမြင်ဆိုရင် တမျိုးတော့မှားနေပြီ။ အဲဒါကို ပြင်ဖို့လိုမယ်။”
မှားနေတယ်ဆိုတာ ဘယ်အရာမှာမှားနေလဲ။ ကချင်မှာတော့ တိုက်ပွဲတွေများနေတယ်။ ကရင်မှာလည်း ရှိနေသေးတယ်။ တိုင်းရင်းသားတွေဘက်က ပြောနေကြတာ အစိုးရတပ်တွေက ထိုးစစ်တွေလုပ်နေလို့ပြောတယ်။ အစိုးရဘက်က ထိုးစစ်မလုပ်ဘဲနဲ့ လျှော့ပေးလိုက်ရင်ကော အပစ်အခတ် ရပ်စဲရေးက အလိုလို ဖြစ်မသွားနိုင်ဘူးလား။
“အဲဒါပါပဲ။ ကျနော်ပြောနေတဲ့ မှားနေတယ်ဆိုတာ တကယ်တော့ သွားညှိနှိုင်းတယ်ဆိုရင် သူက အဆင်ပြေသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ကချင်ဘက်ကလည်း ကျနော်သိတာက သူတို့မတိုက်ချင်ဘူး။ ဇူလိုင်လကုန် အထိတောင်မှ ကျနော်သူတို့နဲ့ဆွေးနွေးတယ်။ သူတို့က လက်မှတ်ထိုးဖို့ အဆင်သင့်ပဲ။ ဒါပေမယ့် ဘာကြောင့် ဒီထက်ဆိုးသွားတာလဲ။ စစ်တပ်ဘက်က ပိုပြီးတော့ ဝင်တိုက်လို့ဖြစ်မယ်။ အခြေအနေကြည့်လိုက်ရင် အခုတိုက်ပွဲတွေ ကချင်ပြည်နယ်မှာ ဖြစ်နေတာက အရင်တုန်းက အစိုးရသတ်မှတ်ထားတဲ့ ကေအိုင်အို နယ်မြေထဲမှာဖြစ်နေတယ်။ ပြောချင်တာကတော့ အစိုးရတပ်တွေက ကျူးကျော်နေတယ်။ သူတို့နယ်မြေထဲရောက်နေတယ်။ အဲဒါသူတို့က တိုက်ရမှာပဲ။ သဘာဝကျတယ်။ အစိုးရတပ်က ဆုတ်ပေးတယ်ဆိုရင် အလိုလို အပစ်အခတ် ရပ်စဲရေး ဖြစ်သွားနိုင်တယ်။”
ဦးဟန်ညောင်ရွှေအနေနဲ့က အစိုးရဝန်ကြီး ဦးအောင်မင်းက ခေါ်ယူတယ်။ ငြိမ်းချမ်းရေးဖြစ်စေချင်တယ်။ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ မကောင်းဘူးဆိုပြီး ကြားဝင်ဆောင်ရွက်ပေးတယ်။ တချို့ပြောနေတာက ဦးဟန်ညောင်ရွှေက အစိုးရနဲ့ ပေါင်းတယ်၊ အစိုးရခိုင်းတာ လုပ်နေတယ်ဆိုပြီး ပြောနေတာတွေ ရှိတယ်။ ဒီပေါ်မှာကော ကိုယ်က ကြားဝင်ဆောင်ရွက်ပေးထားတဲ့ ကိစ္စတွေမှာ ဘယ်လိုခံစားရလဲ။
“ကျနော် ဒီမိုကရေစီ တိုက်ပွဲထဲဝင်လာတဲ့ ကာလပတ်လုံးက ကျနော်က တိုင်းပြည်ကောင်းဖို့ လုပ်ခဲ့တယ်။ ဘာမှ ဒီဘက် ဟိုဘက် မဝင်ဘဲနဲ့ တတ်နိုင်သမျှ အကုန်လုံးကောင်းအောင် ကြိုးစားခဲ့တယ်။ ကျနော်နဲ့တွဲပြီး လုပ်လာတဲ့လူတိုင်းက သိပါတယ်။ ဆိုတော့ ကျနော်က ပြောစရာမလိုဘူး။ ကျနော်က ဘာရချင်လို့၊ အစိုးရနဲ့ သွားပေါင်းတယ်။ သူတို့ခိုင်းလို့ လုပ်တယ်။ ဒါတွေကတော့ ကျနော့်ကို မသိတဲ့လူတွေဖြစ်မယ်။ မဟုတ်ဘဲနဲ့ တမင်တကာ ပြောချင်တဲ့လူတွေဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်နဲ့သိလာတဲ့ လူတိုင်းကတော့ ဘယ်သူလာခိုင်းခိုင်း အမှန်မဟုတ်ရင် ကျနော်မလုပ်ပါဘူး။ အမှန်တရားထဲမပါရင် ကျနော်မလုပ်ပါဘူး။ အခုနပြောတဲ့အတိုင်းပဲ ဒီနေရာမှာက အပစ်အခတ် ရပ်စဲမလုပ်ဘူး။ ငြိမ်းချမ်းရေး နည်းလမ်းမရှာဘူးဆိုရင် ကျနော်တို့က ဆက်တိုက်သွားဖို့ပဲ ရှိတယ်။ နှစ်ပေါင်း ငါးဆယ်၊ ခြောက်ဆယ် တိုက်သွားမယ်။ ဒီဟာက အကျိုးမဖြစ်ဘူး။ ဆိုတော့ ကျနော့်အနေနဲ့က အခုအနေနဲ့ အစိုးရကလည်း ကမ်းလှမ်းလာတယ်။ အစိုးရကလည်း တကယ်လုပ်ပါမယ်လို့ ပြောတော့ ကျနော်ကတော့ ဖြစ်စေချင်တယ်။”
စောစောကပြောသလို အစိုးရတပ်တွေက ထိုးစစ်တွေလုပ်နေတယ်။ သူတို့ နည်းနည်းဖြစ်ဖြစ် ဆုတ်ပြီးတော့မှ ဆက်လက် ထိုးစစ်မလုပ်ဘဲနဲ့ စကားပြောရင် ပိုကောင်းမယ်လို့။ တကယ်တမ်းတော့ အခုရက်ပိုင်းမှာကို ရှမ်းပြည်နယ်ထဲမှာ ရှိတဲ့ ကချင်စခန်းတွေကို အစိုးရက ထပ်သိမ်းတာတို့၊ ဒါမျိုးတွေလည်း ဖြစ်နေတာ။ တကယ်လို့ စကားပြောတယ်ဆိုရင်တော့ သူတို့အနေနဲ့ ထိုးစစ်တွေ မလုပ်သင့်ဘူးပေါ့။ ဆိုတော့ နောက်ဆုံး ဦးဟန်ညောင်ရွှေကိုယ်တိုင် ကြားဝင်ဆောင်ရွက်ပေးတာရယ်။ ရှေ့အလားအလာကို ငြိမ်းချမ်းရေး တကယ်ဖြစ်သွားမယ်လို့ ထင်သလား။ အဟန့်အတားတွေက ရှိနေတော့။ အဲဒါနောက်ဆုံး အနေနဲ့ရှင်းပြပါလား။
“ကျနော်ထင်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် အစိုးရအနေနဲ့ သူတို့ယုံကြည်မှု တည်ဆောက်တဲ့သဘောနဲ့ ဒီစစ်တပ်ကို ဆုတ်ပေးဖို့ လိုမယ်လို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုတော့ အခုက မယုံကြဘူး။ တကယ်လုပ်ချင်တယ်ဆိုတာ။ ဘာကြောင့်လဲဆိုရင် အရင်က အတွေ့အကြုံအရ ကချင်က အပစ်အခတ်ရပ်စဲလုပ်တယ်။ နှစ်ပေါင်း ၁၇ နှစ်စောင့်ခဲ့တယ်။ တွေ့ဆုံဆွေးနွေးပွဲ မဖြစ်ဘဲနဲ့ တိုက်ပွဲတွေဖြစ်လာတယ်။ ဆိုတော့ သူတို့အနေနဲ့ စိုးရိမ်မှုရှိတယ်။ တကယ်ပဲ ငြိမ်းချမ်းရေး လိုချင်ရင်တော့ အစိုးရဘက်က စိတ်ရင်း စေတနာရင်းရှိတယ်ဆိုတာ ပြရမယ်။ အကောင်းဆုံးက တပ်ရုပ်သိမ်းတာ အကောင်းဆုံးပဲလို့ အဲဒီလိုပဲ ကျနော်မြင်ပါတယ်။”

