Home
မြန်မာသတင်း
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ထားဝယ်တွင် စတင်
DVB
·
January 24, 2017
16266208_740227126153204_4921446786958438188_n
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကသာ ဦးဆောင်ကျင်းပခွင့်ရှိတဲ့ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ခန်းမမှာ ဇန်နဝါရီ ၂၃ ရက်နေ့က စတင်ဆွေးနွေးနေပါတယ်။ ဒေသအလိုက် ဆွေးနွေးမယ့် အဆိုပါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တနိုင်ငံလုံးအနေနဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ၃ ရက်တာကျင်းပမယ့် အဆိုပါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍ ဆိုင်ရာ မူဝါဒစာတမ်းတွေကို တင်ပြဆွေးနွေး အတည်ပြုသွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲ စတင်ကျင်းပမယ့် ပထမနေ့ရက်မှာတော့ နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒ စာတမ်းတွေကို ဖတ်ကြားသွားမှာဖြစ်ပြီး ဒုတိယနေ့ အစည်းအဝေးရက်မှာတော့ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ မူဝါဒစာတမ်းတွေကို ဆက်လက်ဖတ်ကြား တင်ပြသွားမှာပါ။ ပြီးရင်တော့ အဲဒီမူဝါဒစာတမ်းတွေကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ဆွေးနွေးကြမှာဖြစ်ပြီး နောက်ဆုံးမှာတော့ အပြီးသတ်မူဝါဒအနေနဲ့ အတည်ပြု သတ်မှတ်ကြမှာပါ။ ဆွေးနွေးပွဲကို အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ၊ တရားဝင်နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှ ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၇၀၀ ကျော် ဆွေးနွေးနေကြတာပါ။ အခုကျင်းပနေတဲ့ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက အတည်ပြုလိုက်တဲ့ မူဝါဒတွေကိုတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီမှတဆင့် ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တင်ပြသွားမှာဖြစ်ပြီး နောက်ဆုံးမှာတော့ ပြည်ထောင်စုလွှတ်တော်က မူဝါဒတရပ်အနေနဲ့ အတည်ပြုပြဋ္ဌာန်းပေးရမှာပါ။ ထားဝယ်မှာကျင်းပနေတဲ့ အခုလို ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနဲ့ နေပြည်တော်ကောင်စီတို့ကသာ ခေါ်ယူကျင်းပခွင့်ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ္စတွေ၊ လူမျိုးရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်တွေနဲ့ မြေယာနဲ့ သဘာဝသယံဇာတ စီမံခန့်ခွဲရေး ကိစ္စရပ်တွေကိုသာ ဆွေးနွေးခွင့်ရှိတာပါ။ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် အန်စီအေအရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို လူမျိုး၊ ဒေသ၊ အကြောင်းအရာအလိုက် အခြေခံပြီး ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ နေပြည်တော်ကောင်စီနယ်မြေတို့မှာ ဆွေးနွေးကျင်းပသွားကြမှာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ကျော်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024