Homeဆောင်းပါး
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ့ဖွံ့ဖြိုး တိုးတက်မှု – အပိုင်း (၆)
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ့ဖွံ့ဖြိုး တိုးတက်မှု – အပိုင်း (၆)
DVB
·
December 6, 2011
အညစ်ညမ်းဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုရဲ့ ထားဝယ်သဘာဝဝန်းကျင်အပေါ် ကျရောက်နိုင်မည့် အန္တရာယ်များ
ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံရဲ့ အထူးစီးပွားရေးဇုန်တွေမှာ နိုင်ငံတကာစက်မှုလုပ်ငန်းကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံချင်ကြတဲ့ အကြောင်းရင်းက အလုပ်သမားဈေးပေါပေါနဲ့ရရှိရုံ၊ အခွန်အထူးကင်းလွတ်ခွင့်ရရှိရုံမျှမဟုတ်ဘဲ ထိုနိုင်ငံအစိုးရက စက်မှု လုပ်ငန်းရှင်များအလိုကျ သဘာဝဝန်းကျင်ဆိုင်ရာ တင်းကျပ်တဲ့စည်းမျဉ်းဥပဒေတွေ မထားရှိတဲ့ အချက်ဟာလည်း အဓိကပါဝင်နေပါတယ်။
မြန်မာနိုင်ငံကလည်း အထူးစီးပွားရေးဇုန်တွေ စတင်အကောင်အထည်ဖော်တဲ့နေရာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းဥပဒေတွေ ပြဋ္ဌာန်းမထားခဲ့ပါဘူး။ ဆယ်စုနှစ်နဲ့ချီပြီး ကျဆင်းနေတဲ့ စီးပွားရေးကို ပြန်လည်ဦးမော့လာဖို့အတွက် ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံဟာ အခုဆိုရင် အဓိက စီမံကိန်းကြီး ၃ ခုကို အကောင်အထည်ဖော်နေပါတယ်။
အဲ့ဒါတွေကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ ထိုင်းနိုင်ငံကရင်းနှီးမြှုပ်နှံမယ့် ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်၊ ရန်ကုန်တိုင်းဒေသကြီးမှာ တောင်ကိုရီးယားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုမယ့် သီလဝါ နိုင်ငံတကာရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်၊ ရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုမယ့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တို့ ဖြစ်ပါတယ်။
လက်ရှိကျင်းပနေတဲ့ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ဥပဒေတရပ်ပြဋ္ဌာန်းရေး ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် သက်ဆိုင်ရာဝန်ကြီးဌာနက ၂၀၀၀ ခုနှစ် အစောပိုင်းကတည်းက ရေးဆွဲထားပြီးဖြစ်တဲ့ ဥပဒေဟာ အကြောင်းအမျိုးမျိုးကြောင့် ပြဋ္ဌာန်းနိုင်ခဲ့ခြင်းမရှိဘဲ အခုအခါ ခေတ်နဲ့လျော်ညီအောင် ပြန်လည်ပြင်ဆင်နေကြောင်း လွှတ်တော်ကို အသိပေးခဲ့ပါတယ်။
အဲ့ဒါကြောင့် သဘာဝဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေဟာ ဘယ်အခါမှ ထွက်ပေါ်လာနိုင်မလဲဆိုတာ မသိနိုင်သလို ထွက်ပေါ်လာမယ့် ဥပဒေဟာလည်း အထူးစီးပွားရေးဇုန်တွေမှာ လာရောက်တည်ဆောက်မယ့် စက်မှုလုပ်ငန်းကြီးတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဓာတုဗေဒအဆိပ်သင့် ညစ်ညမ်းမှုတွေအတွက် တိကျတဲ့ စည်းမျဉ်းဥပဒေတွေ ပြဋ္ဌာန်းမလား ဆိုတာလည်း စောင့်ကြည့်ရမယ့် အချက်ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ တည်ဆောက်မယ့် စက်ရုံတွေထဲက ကျောက်မီးသွေးလျှပ်စစ် ဓာတ်အားပေးစက်ရုံနဲ့ ဆက်နွယ်လာမယ့် သဘာဝဝန်းကျင်ညစ်ညမ်းမှုက ရင်လေးစရာအချက်တခုဖြစ်နေပါပြီ။ ဒီစီမံကိန်း ကို အဓိကအကောင်အထည်ဖော်နေတဲ့ Italian-Thai Development PCL ဟာ နဂိုမူလက မီဂ္ဂါဝပ် ၄,၀၀၀ ထုတ်လုပ်နိုင်မယ့် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံတခုကို စီမံကိန်းတည်ရှိရာ မောင်းမကန်ကမ်းခြေမှာ တည်ဆောက်ဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ထုတ်လုပ်မှုအင်အားကို မီဂ္ဂါဝပ် ၁၀,၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်ဖို့ ပြောင်းလဲလျာထားခဲ့ပါတယ်။
ဒီလိုပြောင်းလဲခဲ့တာလည်း ထိုင်းနိုင်ငံက လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားအတွက် နဂိုစီစဉ်ထားတဲ့ မီဂ္ဂါဝပ် ၄,၀၀၀ ထဲက ၃,၆၀၀ ကို မဟာဓာတ်အားလိုင်းသွယ်တန်းပြီး ထိုင်းနိုင်ငံကို တင်ပို့မှာဖြစ်တယ်။ ထိုင်းနိုင်ငံရဲ့ အဓိကလျှပ်စစ်ဓာတ်အား ထုတ် လုပ်ဖြန့်ဖြူးနေတဲ့ အစိုးရရဲ့ Electricty Generation Authority of Thailand (EGAT) နဲ့ အီတာလျှံထိုင်းကုမ္ပဏီတို့အကြား လုပ်ငန်းဆိုင်ရာညှိနှိုင်းမှုတွေလုပ်နေသလို တဖက်မှာလည်း ကြီးမားတဲ့ စက်မှုဇုန်စီမံကိန်းအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေနိုင်ရေးအတွက် နောက်ထပ် မီဂ္ဂါဝပ် ၆,၀၀၀ ကို တိုးချဲ့ခဲ့တယ်လို့ သုံးသပ်လို့ရပါတယ်။
တကယ်တော့ မီဂ္ဂါဝပ် ၄,၀၀၀ ထုတ်လုပ်ရင်ပဲ အဲ့ဒီစက်ရုံဟာ အရှေ့တောင်အာရှမှာ အကြီးဆုံး ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ဖြစ်နေပါပြီ။ ထိုင်းနိုင်ငံမှာ လက်ရှိအကြီးဆုံး ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံတရုံဖြစ်တဲ့ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းက လမ်ပန်း (Lampang) ခရိုင်က မယ့်မော့ (Mae Moh) ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေး စက်ရုံတောင်မှ မီဂ္ဂါဝပ် ၂၆၀၀ ကျော်သာ ထုတ်လုပ်နိုင်ပါတယ်။
ဒီနေရာမှာ ထိုင်းနိုင်ငံက မယ့်မော့ကျောက်မီးသွေးမိုင်းနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြောင့် ဖြစ်ပွားခဲ့တဲ့ သဘာဝန်းကျင် ညစ်ညမ်းမှုနဲ့ ဒေသခံပြည်သူတွေရဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာပြဿနာရပ်တွေကို မြန်မာပြည်သူတွေအနေနဲ့ရော ထားဝယ်ဒေသမှာ နေထိုင်ကျတဲ့ ဒေသခံတွေအနေနဲ့ပါ လေ့လာသိရှိသင့်ပါတယ်။
ထိုင်းနိုင်ငံအနောက်မြောက်ဒေသက မယ့်မော့ကျောက်မီးသွေးမိုင်းကို ထိုင်းအစိုးရက ၁၉၅၄ ခုနှစ်ကတည်းက စတင်တူးဖော်ခဲ့ပြီး မြေဧက ၉၁၀၀ ကျော် အကျယ်အဝန်းရှိတဲ့ မြေပြင်ပေါ်မှာ တူးဖော်ထုတ်လုပ်တဲ့ အရှေ့တောင်အာရှဒေသမှာ အကြီးဆုံး ကျောက်မီးသွေးမိုင်းတွင်းတခု ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီကျောက်မီးသွေးမိုင်းမှာ အာရှဖွံ့ဖြိုးရေးဘဏ်ကချေးငွေ အကူအညီနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်တာကို ၁၉၇၂ ခုနှစ်မှ စတင်ခဲ့ပြီး ၁၉၇၈ ခုနှစ်မှာ စက်ရုံကို ၇၅ မီဂ္ဂါဝပ် စက်တပ်ဆင်အားနဲ့ စတင်လည်ပတ်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အဆင့်ဆင့်တိုးချဲ့ခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၃၀ အတွင်း စက်အလုံးရေ ၁၃ လုံး တပ်ဆင်ခဲ့ပြီး စုစုပေါင်း မီဂ္ဂါဝပ် ၂၆၀၀ ကျော်အထိ တိုးချဲ့ထုတ်လုပ်ခဲ့ပါတယ်။
ဆယ်စုနှစ် ၃ ခုအတွင်းမှာ မယ့်မော့ကျောက်မီးသွေးစက်ရုံ ပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ ထိုင်းနိုင်ငံရဲ့ ကျေးလက်နေ ပြည်သူတွေ ကျောက်မီးသွေးက ဖန်တီးလိုက်တဲ့ သဘာဝဝန်းကျင်ညစ်ညမ်းမှုနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာပြဿနာတွေ ရင်ဆိုင်ခံစားခဲ့ကြရပုံကို ဘန်ကောက်အခြေစိုက် Greenpeace Southeast Asia က သုတေသနပြုပြီး “Mae Moh: Coal Kills” အစီရင်ခံစာကို ၂၀၀၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အစီရင်ခံစာပါအချက်အလက်တွေအရ မယ့်မော့ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စတင်လည်ပတ်ပြီး ၁၄ နှစ်အကြာ ၁၉၉၂ ခုနှစ်မှာ စက်အလုံးရေ ၁၁ လုံးမြောက် တိုးချဲ့တပ်ဆင်အပြီး မီဂ္ဂါဝပ် ၂၀၂၅ အထိ တိုးချဲ့ထုတ်လုပ်လာချိန်မှာ ပြဿနာတွေဟာ မဖုံးဖိနိုင်လောက်အောင်အထင်အရှား ပေါ်ထွက်လာခဲ့ပါတယ်။
စက်ရုံကနေ နေ့စဉ်ထုတ်လွှတ်နေတဲ့ ဆာဖာဒိုင်အောက်ဆိုဒ် (SO2) ပါဝင်တဲ့ ကျောက်မီးသွေးပြာတွေကြောင့် ပထမဆုံး စက်ရုံတဝိုက်မှာရှိတဲ့ ကျေးရွာပေါင်း ၄၀ ခန့်က လူပေါင်း ၁၀၀၀ ခန့်ဟာ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာ တွေ စတင်ခံစားကြရပါတော့တယ်။ ဒီလိုဖြစ်ရတာဟာ ဆာဖာဒိုင်အောက်ဆိုဒ်ဟာ လေထုထဲမှာ ရှိသင့်တာထက် ၅ ဆခန့် မြင့်မားနေလို့ဆိုတာ တွေ့ရှိခဲ့ကြတယ်။
အစိုးရက ဒါတွေကို မသိကျိုးကျွန်ပြုပြီး ၁၉၉၆ ခုနှစ်မှာ စက်တပ်ဆင်အား ၁၃ လုံးအထိ တိုးမြှင့်ခဲ့ပြီး မီဂ္ဂါဝပ် ၂၆၂၅ အထိ ထုတ်လုပ်ခဲ့တယ်။ အဲ့ဒီနှစ်မှာပဲ လေထုညစ်ညမ်းမှုဟာ အဆိုးရွာဆုံးအဆင့်ကို ရောက်ခဲ့သလို ဒေသခံ ၆ ဦး သွေးအဆိပ်သင့်ပြီး သေဆုံးတဲ့ဖြစ်ရပ်လည်း ပေါ်ထွက်လာပါတယ်။ စက်ရုံကို ဝင်ရောက်စစ်ဆေးလိုက်တော့ ဆာဖာဒိုင်အောက်ဆိုဒ်ကို ထိန်းချုပ်တဲ့စနစ်တခုလုံး အလုပ်မလုပ်ဘဲ SO2 တွေကို လေထုထဲတိုက်ရိုက်ထုတ်လွှတ်နေတာ တွေ့ရှိခဲ့ကြပါတယ်။
ညံ့ဖျင်းတဲ့ စက်ရုံစီမံခန့်ခွဲမှုရဲ့ရလဒ်က ပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်တဲ့ လယ်ယာသီးနှံတွေ ကျောက်မီးသွေးပြာကြောင့် လောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ရပြီး လူမှုဒုက္ခတွေကိုပါ ရင်ဆိုင်ခဲ့ရတယ်။ ပြည်သူကျန်းမာရေးပညာရှင်များက အဲ့ဒီကျေးရွာတွေမှာနေထိုင်ကြတဲ့ လူဦးရေ ၈၀၀၀ ကျော်ကို ကျန်းမာရေး စစ်ဆေး မှုတွေလုပ်ခဲ့ရပြီး အဲ့ဒီထဲက လူဦးရေ ၃,၅၀၀ ခန့်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေခံစားနေရပြီး တချို့ဆိုရင် အောက်စီဂျင်ဗူးနဲ့ အသက်ရှင်နေရတဲ့အထိ ဆိုးဆိုးရွားရွား ခံစားခဲ့ကြရတယ်။
ဒီလိုခံစားနေရပေမယ့် အစိုးရဘက်က အရေးယူဆောင်ရွက်မှုတွေ နှေးကွေးလွန်တဲ့အတွက် ဒေသခံတွေဟာ ၎င်းတို့အခွင့်အရေးကို ကိုယ်တိုင်ကာကွယ်မှ ရတော့မယ်ဆိုတာ သိရှိလာပြီး ၁၉၉၈ ခုနှစ်မှာ အစိုးရကို စတင်တရားဆွဲပါတော့တယ်။ ဒါပေမယ့် အင်အားနည်းတဲ့ပြည်သူတွေဘက်က မရေရာမှုတွေနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။
တချို့ ငွေကြေးတတ်နိုင်တဲ့သူတွေက ဒေသကနေ စွန့်ခွာခဲ့ကြပါတယ်။ မတတ်နိုင်တဲ့ ဆင်းရဲတဲ့ဒေသခံတွေအတွက် ရွေးစရာလမ်းမရှိဘဲ လူမှုဒုက္ခတွေကို ရင်ဆိုင်ခဲ့ကြရတယ်။ အစိုးရကတော့ စက်ရုံကိုပိတ်ပစ်ဖို့ မစဉ်းစားခဲ့ပါဘူး၊ ဒီစက်ရုံက ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားက ထိုင်းစီးပွားရေးကို ကျောထောက်နောက်ခံပြုနေတဲ့ တန်ဖိုးက ကြီးမားနေပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ၎င်းတို့ချေးငွေနဲ့ တည်ဆောက်ခဲ့တဲ့ ဓာတ်အားပေးစက်ရုံဖြစ်တဲ့အတွက် ၂၀၀၁ ခုနှစ်မှာ မယ့်မော့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကြောင့် ဖြစ်ပွားတဲ့ သဘာဝဝန်းကျင်နဲ့ ပြည်သူကျန်းမာရေးဆိုင်ရာ သက်ရောက်မှုတွေကို လေ့လာဖို့ အမေရိကန်ဒေါ်လာ ၅ သိန်း ထောက်ပံ့ခဲ့ပါတယ်။ သို့ပေမယ့် စီးပွားရေးအရရော၊ ကျန်းမာရေးအရရော နစ်နာဆုံးရှုံးနေကြတဲ့ ဒေသခံပြည်သူတွေကတော့ ဘယ်မှာ နစ်နာကြေးတောင်းရမှန်း မသိဖြစ်ခဲ့ရတယ်။
အရပ်ဘက်လူမှုအဖွဲ့အစည်းများရဲ့ ဒေသခံပြည်သူတွေဘက်က ရပ်တည်လှုပ်ရှားမှုတွေ ၂၀၀၀ ခုနှစ်ကျော်မှာ အရှိန်မြှင့်လာပါတယ်။ ၂၀၀၂ ခုနှစ်မှာ Greenpeace သုတေသနဓာတ်ခွဲခန်းရဲ့ မယ့်မော့ဒေသက လေထုကို စမ်းသပ်တွေ့ရှိချက်အရ ဓာတ်အားပေးစစ်ရုံကနေ သက်ရှိလူသားအပါအဝင် သတ္တဝါတွေကိုသေစေနိုင်တဲ့ နျူရိုတော့က်စ်ဆင်မာကျူရီ (Neurotoxin Mercury) တနှစ်ကို ၃၉ တန် ထုတ်လွှတ်နေပြီး ကျောက်မီးသွေးပြာ တန်ချိန် ၄.၄ သန်း ထုတ်လွှတ်နေပါတယ်။
၂၀၀၃ ခုနှစ်မှာ မယ့်မော့ဒေသက ပြည်သူတွေကိုယ်စား ရှေ့တန်းကနေ ထိုင်းအစိုးရကို အရေးဆိုခဲ့တဲ့ လုပ်ငန်းခွင် ကျန်းမာရေးဆိုင်ရာ လူနာများ၏အခွင့်အရေး ကွန်ရက်အဖွဲ့ (Occupational Health Patients Rights Network) အဖွဲ့က ချင်းမိုင်း အုပ်ချုပ်ရေးဆိုင်ရာတရားရုံးမှာ မယ့်မော့ဓာတ်အားပေးစက်ရုံကို တရားဆွဲခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာ လမ်ပန်းခရိုင်တရားရုံးက မယ့်မော့ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံက ထုတ်လွှတ်တဲ့ ပြာတွေကြောင့် သီးနှံတွေပျက်စီးမှုအပေါ် အမေရိကန်ဒေါ်လာ ၁၄၀,၀၀၀ ကျော်ကို လျော်ကြေးငွေအဖြစ် ဒေသခံကျေးရွာတွေကိုပေးရန် စီရင်ချက်ချခဲ့ပါတယ်။ ဒါဟာ မယ့်မော့ဒေသခံတွေအတွက် ရှားပါးတဲ့ အောင်မြင်မှုတခုဖြစ်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ ကျောက်မီးသွေးဆန့်ကျင်ရေးလှုပ်ရှာမှုတွေ ထိုင်းနိုင်ငံမှာ အရှိန်မြှင့်ခဲ့ပြီး People Against Coal Network of Thailand ကို စတင်ထူထောင်လာကြပါတယ်။ ဘန်ကောက်အခြေစိုက် Greenpeace Southeast Asia အဖွဲ့ဟာ ထိုင်းနိုင်ငံရဲ့ ကျောက်မီးသွေးဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ထိပ်ဆုံးကနေ တတ်တတ်ကြွကြွပါဝင်ခဲ့ပါတယ်။
သို့ပေမယ့် ကျောက်မီးသွေးဆန့်ကျင်ရေးလှုပ်ရှားမှုဟာ ထိုင်းအစိုးရနဲ့ စီးပွားရေးလုပ်ငန်းအသိုင်းအဝန်းက အရေးတကြီးလိုအပ်နေတဲ့ ဈေးအပေါဆုံး လောင်စာစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းတွေကို မဟန့်တားနိုင်ပါဘူး။ ထိုင်းနိုင်ငံက စက်မှုဇုန်ကြီးတွေမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေနဲ့ စက်မှုလုပ်ငန်းတွေ တိုးတက်များပြားလာနေတာက သက်သေပါပဲ။
ဒါပေမယ့် တနေ့တခြား အားကောင်းလာတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့အင်းအားကို ထိုင်းအစိုးရက လျစ်လျူရှုမထားပါဘူး။ အဲ့လိုပဲ ထိုင်းစီးပွားရေးအသိုင်းအဝန်းကလည်း တနေ့တခြား စိုးရိမ်မှုတွေ ရှိလာနေပါတယ်။ ထိုင်းနိုင်ငံရဲ့ သဘာဝဝန်းကျင်နဲ့ ပြည်သူကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ထိန်းချုပ်နိုင်မယ့် အကောင်းဆုံးသောဖြေရှင်းချက်က မြန်မာနိုင်ငံပါပဲ။
မီဂ္ဂါဝပ် ၂၆၀၀ ကျော်ထုတ်လုပ်တဲ့ မယ့်မော့ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြောင့် ဒေသခံထိုင်းပြည်သူတွေ ဘယ်ရွေ့ဘယ်မျှ ဒုက္ခရောက်ခဲ့တယ်ဆိုတာကို လေ့လာကြည့်ရင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ မီဂ္ဂါဝပ် ၁၀,၀၀၀ ထုတ်လုပ်ဖို့ ရည်မှန်းထားတဲ့ အီတာလျှံထိုင်းကုမ္ပဏီရဲ့ ကျောက်မီးသွေးစက်ရုံတခုမက တည်ဆောက်မယ့် စီမံကိန်းဟာ ဒေသခံတွေအတွက် ကောင်းကျိုးနဲ့ ဆိုးကျိုး ဘယ်ဟာပိုများသလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။