ဖူးခက်တွင် မြန်မာအမျိုးသားတဦးအလောင်း တွေ့ရှိ
DVB
·
January 23, 2017
ထိုင်းတောင်ပိုင်း ဖူးခက်မြို့မှာ ဒီကနေ့မနက်က မြန်မာအမျိုးသားတဦးအလောင်း တွေ့ရှိတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
အသက် ၃၀ နှစ်ရွယ်ရှိ မြန်မာအမျိုးသား ရန်ဇင်မင်း ဆိုသူရဲ့အလောင်းကို ဖူးခက်မြို့ တလတ်ယိုင်ရပ်ကွက် တလန်လမ်းရှိ တည်းခိုခန်းတခန်းရှေ့မှာ ဒီကနေ့မနက် ၈ နာရီလောက်က တွေ့ရှိခဲ့တယ်လို့ ဖူးကစ်မြို့မရဲစခန်း တာဝန်ကျရဲဝန်ထမ်းက သတင်းထောက်ကို ပြောပါတယ်။
သေဆုံးသူမှာ အနက်ရောင်ရှပ်လက်ရှည်၊ အပွင့်ပါဘောင်းဘီတိုဝတ်ဆင်ပြီး ပက်လက်အနေအထားနဲ့ ဟိုတယ်ရှေ့မှာ လဲကျနေတာဖြစ်ကြောင်း၊ သေသူရဲ့ဘေးမှာ ဆေးထိုးအပ်တချောင်းနဲ့ ဘေးနားက အမှိုက်ခြင်းထဲမှာလည်း အလားတူ ဆေးထိုးအပ်တချောင်းတွေ့ပြီး ညာဘက်လက်ကောက်ဝတ်မှာ အပ်ထိုးသွင်းရာ ၃ ခု နဲ့ သွေးစအနည်းငယ်တွေ့တာကလွဲလို့ အခြားထိုးနှက်ခံရတဲ့ဒဏ်ရာတွေ မရှိဘူးလို့ ရဲစခန်းက ပြောပါတယ်။
ဒါ့အပြင် သေဆုံးသူရဲ့ အိတ်ထဲမှာ ထိုင်းနိုင်ငံတွင်းနေခွင့်ရ ပန်းရောင်ကတ်ပြား၊ ငွေစအနည်းငယ်နဲ့ အထဲမှာ အဖြူရောင်ဆေးမှုန့်ပါ စက္ကူထုတ်တထုတ်တွေ့ရှိတယ်လို့ ဆိုပါတယ်။
ဟိုတယ်ဝန်ထမ်းနဲ့ သန့်ရှင်ရေးသမားတို့ ပြောပြချက်အရ သေဆုံးသူမှာ ဒီလ ၁၀ ရက်နေ့က လာရောက်တည်းခိုပြီး လကုန်အထိ အခန်းကို ငှားထားကြောင်း၊ သူဟာ လောလောဆယ် အလုပ်လက်မဲ့ဖြစ်နေပြီး နေ့စဉ်အလုပ်ရှာထွက်နေတယ်လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ကတော့ သူဟာမူးယစ်ဆေးအလွန်အကျွံအသုံးပြုပြီး ရှော့တ်ဖြစ်သွားတယ်လို့ ယူဆရကြောင်း၊ ဒါပေမယ့် သေမှုသေခင်းနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ သတင်းထောက်ကို ပြောသွားပါတယ်။