Homeမြန်မာသတင်း
မဲဆောက်-မြဝတီတံတား ပြန်ဖွင့်၊ တနှစ်ကျော် တံတားပိတ်မှုကြောင့် ဘတ်သန်း သောင်းချီဆုံးရှုံး
မဲဆောက်-မြဝတီတံတား ပြန်ဖွင့်၊ တနှစ်ကျော် တံတားပိတ်မှုကြောင့် ဘတ်သန်း သောင်းချီဆုံးရှုံး
DVB
·
December 5, 2011
မဲဆောက်-မြဝတီတံတားကို တနှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့အတွက် ထိုင်းဘတ်ငွေ သန်းပေါင်း သောင်းနဲ့ချီ ဆုံးရှုံးခဲ့တယ်လို့ ထိုင်းနိုင်ငံ၊ တပ်ခရိုင် စီးပွားရေးအသင်း ဒု-ဥက္ကဋ္ဌ မစ္စတာ အဖိစစ်က ပြောပါတယ်။
ဒီနေ့ ပြန်လည်ဖွင့်လှစ်လိုက်တဲ့ မဲဆောက်-မြဝတီတံတားဖွင့်ပွဲမှာ မစ္စတာ အဖိစစ်က ခုလို ပြောလိုက်တာပါ။
“ထိုင်း-မြန်မာနယ်စပ်က အကြီးဆုံးဂိတ်ပေါက်ဖြစ်တဲ့ မဲဆောက်မြဝတီ တံတား တနှစ်ကြာ ပိတ်ထားခဲ့ချိန်မှာ နယ်စပ်ရောင်းဝယ်ရေးတန်ဖိုး ဘတ်ငွေသန်းပေါင်း လေးသောင်းလောက် ကျဆင်းသွားခဲ့တယ်။ ကျနော်တို့ထိုင်းဘက်က ဘတ်သန်းပေါင်း သောင်းနဲ့ချီ ဆုံးရှုံးခဲ့တယ်လို့ဆိုနိုင်တယ်။ ပြီးတော့ အပြန်အလှန် ဆက်သွယ်မှုတွေ နီးစပ်မှုတွေ ဆက်တိုက် လုပ်ဆောင်ရမယ့် ပူးတွဲစီမံကိန်းတွေ အားလုံးရပ်တန့်နေခဲ့ရတဲ့ အပြင် ပြည်သူလူထုတွေရဲ့အပြန်အလှန် ကူးလူးသွားလာ ဆက်ဆံရေးတွေဟာလည်း အကုန်ပြတ်တောက်ခဲ့တယ်။ ဒါတွေဟာ ငွေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတွေပါ။ အခုလို တံတားပြန်ဖွင့်လာတော့ မြန်မာပြည်ရဲ့အုပ်ချုပ်ရေးစနစ် ခေတ်သစ်တွေ။ ဒါကိုရွေးကောက်ပွဲကလာတဲ့ ဝန်ကြီးအဖွဲ့က ဘယ်လိုစီမံကြမယ်။ တိုင်းရင်းသားလူမျိုးစုတွေနဲ့ပြေလည်အောင် ဘာတွေလုပ်လာကြမလဲ စတာတွေကို မြင်ရဖို့ကျနော်တို့မျှော်လင့်ထားပါတယ်။”
တံတားဖွင့်ပွဲတက်ရောက်ခဲ့တဲ့ မြန်မာဘက်က စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ကလည်း ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် မဲဆောက် မြဝတီတံတားကို ပြန်ဖွင့်ရတာဖြစ်ပြီး တံတားပိတ်ကတည်းက ရပ်ထားခဲ့တဲ့ အာရှလမ်းမ ချဲ့ထွင်ရေး စီမံကိန်းကိုလည်း ပြန်စလုပ်တော့မယ်လို့ ပြောပါတယ်။
“ကျနော်တို့ အာရှလမ်းမ ချဲ့ထွင်ရေး စီမံကိန်းကိုလည်း ပြန်စမယ်။ ဒီနှစ်ထဲမှာ။ အစက စနေပြီ။ ၂ နှစ်ခွဲအပြီးလုပ်မယ်။”
တံတားဖွင့်ပွဲကို ထိုင်းဘက်က ထိုင်းအစိုးရ အာဏာရ ဖေ့ထိုင်းပါတီ ပြန်ကြားရေးမှူးနဲ့ ထိုင်းမြန်မာ နယ်စပ်ကော်မတီ ဥက္ကဋ္ဌတို့ကိုယ်စားလှယ်အဖြစ် တက်ရောက်ပါတယ်။ မြန်မာဘက်က စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်နဲ့ ထိုင်း-မြန်မာ နယ်စပ်ကော်မတီဥက္ကဌ ဗိုလ်မှူးထက်ခိုင်တို့တက်ရောက်ပါတယ်။ ဒီပွဲကို ထိုင်း-မြန်မာလူထု ၃၀၀ ကျော် လာရောက်ခဲ့ကြပါတယ်။
တံတားစဖွင့်တဲ့နေ့မှာပဲ မြဝတီဘက်က မြန်မာ ၃၀၀ ခန့်မဲဆောက်ဘက်ကို ကူးသွားကြပါတယ်။ သူတို့ဟာ ယခင် တံတားအောက်ကနေ လှေတွေနဲ့ထိုင်းဘက်ကိုနေ့စဉ်ကူးသွားပြီး ဈေးရောင်းဈေးဝယ် လုပ်ကိုင်နေကြသူတွေ ဖြစ်ကြပါတယ်။
နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၈ ရက်က မြန်မာဘက်က ပိတ်ထားခဲ့တာပါ။ ပြီးခဲ့တဲ့လပိုင်းတွေကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ဝန်းကျင်မှာ ရေဘေးကြုံတွေ့နေရစဉ် နေရပ်ပြန်တဲ့ မြန်မာအလုပ်သမားတွေအတွက် မြန်မာဘက်က တံတားကို ခေတ္တ ဖွင့်လှစ်ပေးခဲ့ဖူးပါတယ်။
လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ရော၊ ဝန်ကြီးချုပ်ဟောင်း အဘိဆစ် ဝိချာချီဝတို့ပါ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်ပေးဖို့ မြန်မာနိုင်ငံအစိုးရထံ မေတ္တာရပ်ခံခဲ့ဖူးပါတယ်။ သောင်ရင်းမြစ်ကိုဖြတ်ပြီး မြဝတီနှင့် မဲဆောက်မြို့ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ဒီတံတားကို ၁၉၉၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။