ရာသီဥတုအခြေအနေနှင့်ပတ်သက်ပြီး မိုးဇလလက်ထောက်ညွှန်မှူးနှင့် မေးမြန်းချက်
ရွှေအောင်
·
December 5, 2011
၂၀၁၁ ခုနှစ်ဟာ မိုးရွာသွန်းမှုများခဲ့တဲ့နှစ် တနှစ် ဖြစ်ခဲ့ပါတယ်။ ဘယ်လောက် အတိုင်းအတာထိအောင် မိုးရွာသွန်းမှုများခဲ့တာပါလဲ။ ဘာကြောင့် မိုးများခဲ့တာလဲ။ ၂၀၁၁ခုနှစ်ထဲ လူသေဆုံးမှုရှိခဲ့တဲ့ သဘာဝဘေးကရော မိုးများတာကြောင့် ဖြစ်ခဲ့တာပဲလား။ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကျော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ကျနော်တို့ ၂၀၁၁ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ရာသီဥတုအနေအထားကို ပြန်ကြည့်မယ်ဆိုရင် အဓိကဇာတ်လိုက်က မိုးလို့ပြောလို့ ရမလား။ တနှစ်လုံး မိုးမပြတ် ရွာသွန်းခဲ့တာ အဓိကလို့ ပြောလို့ရမလား။ ဆရာတို့ ဘယ်လိုမြင်မိပါလဲ။
“ဟုတ်ပါတယ်။ မိုးပါ။ တနိုင်ငံလုံးမှာ ရွာသွန်းမြဲထက် ကျော်တာကြီးပဲ။ ရွာသွန်းမြဲကို ခါတိုင်းနှစ်တွေဆိုရင် ကျော်တော့ကျော်တာပေါ့။ စခန်းတရာမှာ ၃၅၊ ၄၀ လောက်ကကျော်တာပေါ့နော်။ ဒီနှစ်ကတော့ စခန်း ၁၀၀ မှာ ၉၀ လောက်ကျော်တယ်။ ရွာသွန်းမြဲထက်ကျော်တယ်။ မိုးများတယ်။ ဇန်နဝါရီကနေ အခုထိက ၂၀၁၁ ဇန်နဝါရီကနေ ဒီဇင်ဘာထိက မိုးများတဲ့အခြေကို တွေ့ရတယ်။ အဲဒါမိုးက များတာတော့ အကြောင်းနှစ်မျိုးပေါ့။ မုတ်သုံက ရွာတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ နှစ်စမှာလည်း လာနီညာရှိတယ်။ နောက်တခါ မုန်တိုင်းငယ်တွေကြောင့် ရွာတယ်။ နောက်တခါ အနောက်ဘက်က လာတဲ့ လေပွေလှိုင်းတွေပေါ့။ မြောက်ပိုင်းကို ဖြတ်တဲ့အခါမှာလည်း ရွာတယ်။ အဲလိုအကြောင်းတွေကြောင့် ဒီနှစ်ကတော့ မိုးများတယ်။”
အဲဒီတော့ ကျနော်တို့ ၂၀၁၀ တုန်းကတော့ အပူများတယ်။ အပူလွန်ကဲခဲ့တယ်။ ၂၀၁၁ မှာတော့ မိုးများပြန်တော့ ရာသီဥတုတွေ သိသိသာသာ တနှစ်နဲ့တနှစ် မတူအောင်ပြောင်းလဲနေတာက ဘာကြောင့်ပါလဲ။
“တကမ္ဘာလုံး ရာသီဥတုပြောင်းလဲတယ်။ ရာသီဥတု ဘာကြောင့်ပြောင်းလဲသလဲဆိုရင်တော့ သူ့ရဲ့ အရင်းအမြစ်ကတော့ အိုဇုန်းလွှာပေါက်တာရယ်။ စက်ရုံအလုပ်ရုံတွေက မီးခိုးပြာမှုန်တွေ ထုတ်လွှတ်တာ များတာရယ်၊ အဲဒီအတွက်ကြောင့် ကမ္ဘာကြီးက ပုံမှန်ထက် ပိုနွေးလာတယ်။ ပုံမှန်ထက်ပိုနွေးတာက နှစ်တိုင်းကြီး ပိုနွေးလာသလားဆိုတော့ မဟုတ်ဘူး။ အလွန်ပူတဲ့နှစ်ပူတယ်။ လျော့ကျသွားတဲ့နှစ် လျော့ကျသွားတယ်။ အဲတော့ ပူမယ့်နှစ်တွေကတော့ အဆုံးသတ်သွားတာပေါ့။ အဲဒီနှစ်တွေကတော့ အပူချိန်တွေဘာတွေ ထပ်ကုန်တာပေါ့။ အပူလျော့သွားတဲ့နေ့တွေကျတော့ မိုးတွေက ရွာလာတယ်။ အဲဒါကြောင့် ခုနလို ပူလိုက်မိုးများလိုက် ပြီးရင်ပြန်အေးသွားလိုက်၊ အေးသွားတယ်ဆိုတာ အခုလို လာနီညာတွေဘာတွေ ဖြစ်ရင်တော့ ပြန်အေးသွားတာပေါ့။ ဒါတောင်မှ လာနီညာဖြစ်တိုင်း အေးတာလားဆိုတော့ လာနီညာဖြစ်တိုင်း အေးတာမဟုတ်ဘူး။ အခုနှစ်ဆိုရင် လာနီညာကြောင့် အာရှတိုက်က သိပ်မအေးဘူး။ အာရှတိုက်က သိပ်မအေးဘူးဆိုတာကို တွေ့ရတယ်။”
နောက်တခုက ဒီနှစ်ကို မုန်တိုင်းနဲ့ပတ်သက်တဲ့ ထူးခြားချက် ဘာတွေ့ရလဲ။
“မုန်တိုင်းအကြီးတွေတော့ မဖြစ်ဘူး။ ဘင်္ဂလားပင်လယ်အော်ကို ပြောတာနော်။ အတ္တလန္တိတ် သမုဒ္ဒရာတို့ ဘာတို့ ပြောတာမဟုတ်ဘူး။ အဲတော့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းအကြီးကြီးတော့ မဖြစ်ဘူး။ ဒါပေမယ့် အဲဒီမုန်တိုင်းငယ်လေးတွေ အဆင့်လောက်နဲ့ပဲ ကော့ဘဇားနားကနေ ဖြတ်တဲ့ ၂၀၁၁ အောက်တိုဘာ ၁၉ - ၂၀ မှာ ဖြတ်သွားတဲ့ မုန်တိုင်းငယ်လေးက လူတွေသေလောက်အောင် လျှပ်တပြက် မိုးတွေရွာပြီးတော့ ရေတွေကြီးတယ်။ အဲဒီနေရာက ပုံမှန်အားဖြင့် မိုးနည်းတဲ့နေရာတွေဖြစ်တော့ အဲဒါကြောင့် မိုးများပြီး ရေကြီးတာကို သူတို့အနေနဲ့ အတွေ့အကြုံမရှိဘူး။ ကြိုတင်ပြင်ဆင်မှုလည်း မရှိဘူး။ အဲဒီအတွက် ဘာဖြစ်လည်းဆိုတော့ သူတို့ရဲ့ အသက်အန္တရာယ် ထိခိုက်စေတယ်။ သူတို့ရဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးခဲ့တယ်။ ကျနော်တို့ကတော့ အမြဲတမ်းမျှော်လင့်တယ်။ သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်နိုင်တဲ့အခွင့်အလမ်းတွေကို ကျနော်တို့က နေ့စဉ်စောင့်ကြည့်ရတာဆိုတော့ ကျနော်တို့ရဲ့ ထုတ်ပြန်ချက်တွေအပေါ်မှာလည်း သူတို့က မှီငြမ်းပြီးတော့ နားလည်အောင်လုပ်ပြီး ဘယ်လိုရှောင်တိမ်းရမလဲဆိုတာကို သူတို့ကိုယ်တိုင် ပါဝင်ပြီးလုပ်မှ ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဒေသတွေကိုလည်း ကျနော်တို့က နေ့တိုင်းမသွားနိုင်ဘူးလေ။ သို့သော် ကျနော်တို့က ဘယ်ကနေ ပြောနေရလဲဆိုတော့ ရေဒီယိုကနေ ပြောပြနိုင်တယ်။ တီဗွီကနေ ပြောပြနိုင်တယ်။ သူတို့ဖုန်းနဲ့မေးရင် ဖြေပေးတယ်။ အဲဒီလိုမျိုးတွေ လုပ်ဖို့လိုတယ်ဆိုတဲ့ ကနဦးအသိလေးကို သူတို့ကို သိစေချင်သေးတယ်။”
ခုနက ဆွေးနွေးသွားတဲ့အထဲမှာ အဲဒီတုန်းက မုန်တိုင်းနဲ့ပတ်သက်ပြီး ရခိုင်ကိုပဲဝင်မယ်ဆိုပြီး ဆရာတို့ပြောနေတာ။ အဲဒီတုန်းက ဆရာဖြေတဲ့ထဲမှာလည်း ပါတယ်။ မြန်မာပြည်အလယ်ပိုင်းဒေသမှာ ရုတ်တရက်မိုးကြီးပြီး မြေပြိုတာတို့ ရေကြီးတာတို့ ဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်။။ ဒါပေမယ့် သဘာဝအရ ရခိုင်ကိုသွားပြီးတော့ မည်းနေတော့ မထင်ဘဲနဲ့ ကုန်းတွင်းမှာ ဝင်နေတော့ ဆရာခုနက ပြောတဲ့ ပြည်သူတွေရဲ့ သိတတ်မှု awareness အပိုင်းပေါ့။ အဲဒါတွေကော အခုဖြစ်သွားတဲ့အပေါ်မှာ သင်ခန်းစာယူပြီးတော့ပဲဖြစ်ဖြစ် နောင်ကို ဘယ်လိုလုပ်မယ်လို့ စိတ်ကူးထားလဲဆရာ။ သတိပေးဖို့ပေါ့။
“အဲဒါကဘာနဲ့လုပ်မလဲဆိုတော့ အရင်လုပ်နေတဲ့ ယူအန်ဒီပီ (ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်) အဖွဲ့အစည်းတွေရှိတယ်။ UN Action Aid ဆိုတဲ့အဖွဲ့။ ဒီအဖွဲ့အစည်းက နာဂစ်ဖြစ်ခဲ့တဲ့ ဒေသတွေမှာ public aware လုပ်တယ်။ သူတို့ရဲ့ လုပ်တဲ့ လုပ်ငန်းသက်တမ်းပြီးတော့ လုပ်ငန်းတော့ရပ်သွားပြီ။ သို့သော်လည်း အခုအောက်တိုဘာမှာ ဖြစ်တဲ့ဟာလေးကို သင်ခန်းစာယူပြီးတော့ သူတို့က မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေ ရှမ်းကုန်းပြင်မြင့် ဒေသတွေမှာလည်း သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ public awareness ActionAid အလုပ်တွေကို သူတို့သွားလုပ်ချင်တယ်။ ကျနော်တို့ဆီက လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေါ့။ ဆိုလိုတာက ကျနော်တို့က မှတ်ချက်တွေ ရေးပေးရမှာပေါ့။ လျှပ်တပြက် ရေကြီးတယ်ဆိုတာ ဘယ်လိုအဓိပ္ပာယ်၊ အဲလိုရေကြီးရင် ဘယ်လိုရှောင်ရှားရမယ်။ ပြင်ဆင်ရမယ်ဆိုတဲ့ ဟာတွေပေါ့။ ကျနော်တို့က မြန်မာလိုရေးပေးရမယ်။ သူတို့က သင်တန်းဆရာတွေ ရွေးချယ်ပြီးတော့ သင်တန်းဆရာတွေကို သင်ပေးရမယ်။ အဲဒီသင်တန်းဆရာတွေက သွားပြီးတော့ ကျေးလက်တွေမှာ သူတို့နဲ့အတူတူ နေပြီးတော့ စာသင်မယ်ဆိုတဲ့ဟာမျိုး။ ပညာပေး လုပ်မယ်။ အဲဒါတော့ စီစဉ်နေပါတယ်။”
အဲဒါကို ဘယ်တော့လောက် အကောင်အထည်ဖော်မယ်လို့ အစီအစဉ်ရှိပါလဲ။
“အဲဒါတော့ ActionAid နဲ့ အဆိုပြုထားတယ်။ အထက်က ရန်ပုံငွေတွေဘာတွေလည်း အထက်က ယူအန်ဒီပီလက်အောက်ခံ အဖွဲ့အစည်းတွေကို တင်ရဦးမှာကို။ သူတို့ဘက်က အဆင်သင့်ဖြစ်တယ်ဆိုရင်တော့ ကျနော်တို့က သူတို့လိုချင်တဲ့မှတ်စုတွေ အချက်အလက်တွေ ပြင်ဆင်ထားပြီးသားပဲ။ သူတို့ ပို့ချခိုင်းတဲ့အချိန် သွားရောက်ပို့ချပေးရမှာပါ။”