ရသစာပေ ဖွံ့ဖြိုးမှ ပိုယဉ်ကျေးမည်ဟု သမ္မတဦးထင်ကျော် ပြော
DVB
·
January 22, 2017
ရသစာပေဖွံ့ဖြိုးမှ လူတွေ ခုထက် ယဉ်ကျေးလာကြမယ်လို့ နိုဘယ်စာပေပွဲ တက်ရောက်ဖွင့် လှစ်ပေးခဲ့တဲ့ သမ္မတဦးထင်ကျော်က ပြောလိုက်ပါတယ်။
ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ ဇန်န၀ါရီ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် နိုဘယ်-မြန်မာစာပေပွဲမှာ သတင်းထောက်တွေကို ဦးထင်ကျော်က ပြောခဲ့တာ ဖြစ်ပါတယ်။
“ရသစာပေတော့လူငယ်တွေဖတ်စေချင်တယ်။ ဒီအင်တာနက်ကိုပဲ သိပ်အားစိုက်နေတာထက် အချိန်လေးတော့ ခွဲပြီးတော့ လုပ်စေချင်ပါတယ်။ လုပ်ဖို့လိုကိုလိုပါတယ်။ အဲဒါတော့အများကျင့်သုံးစေချင်ပါတယ်။ ဒီရသစာပေဖတ်မှ စိတ်တွေက မရိုင်းပေမယ့် အခုထက်ပိုပြီး ယဉ်ကျေးလာကြမယ်။အဲလိုဖြစ်စေချင်ပါတယ်။”
နိုဘယ်စာပေပွဲတော်ကို ဇန်န၀ါရီ ၂၄ ရက်အထိ ၃ ရက်ကြာပြုလုပ်မှာဖြစ်ပြီး စာရေးဆရာများက စာတမ်းများ ဖတ်ကြားခြင်း၊ စာအုပ်ဆိုင်ပေါင်း ၁၅၀ ခန့်က စာအုပ်များ ခင်ကျင်းရောင်းချခြင်း၊ ရသစာပေပွဲတော် အထိမ်းအမှတ် စာအုပ် ၁၀၀ ကို စီစဉ် ရောင်းချခြင်း စတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။
ဓာတ်ပုံ - နေရီရီ