သမ္မတအိုဘားမားရဲ့ အိမ်ဖြူတော် နောက်ဆုံးနေ့အကြောင်း တစေ့တစောင်း (ရုပ်သံ)

ဘားရက်အိုဘားမားဟာ အမေရိကန်နိုင်ငံရဲ့ ၄၄ ကြိမ်မြောက် သမ္မတအဖြစ် အိမ်ဖြူတော်ထဲမှာ ဇန်န၀ါရီ ၂၀ က သူ့ရဲ့နောက်ဆုံးရက်ကို အချိန်ကုန်ဆုံးခဲ့ပါတယ်။ သူဟာ သူ့ရဲ့သမ္မတနေရာကို ဆက်ခံမယ့် ဒေါ်နယ်ထရမ့်ကို မနက်ပိုင်းမှာ အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီး နေ့လယ်အစောပိုင်းမှာတော့ ကယ်လီဖိုးနီးယားမှာ အချိန်ကုန်ဖို့ နောက်ဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတတွေစီးတဲ့ အဲဖို့စ်ဝမ်း လေယာဉ်နဲ့ သွားခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ မနက် ၉ နာရီ ၁၅ မိနစ် - အိုဘားမားဟာ သူ့နေရာကို ဆက်ခံမယ့် သမ္မတအသစ်အတွက် အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံးခန်းက သူ့ရဲ့စားပွဲပေါ်မှာ စာတစ်စောင် တင်ထားခဲ့ပါတယ်။ မနက် ၉ နာရီ ၃၀ မိနစ် - အိမ်ဖြူတော်အရှေ့ကို ထွက်လာပြီး သတင်းသမားတွေအပါအဝင် လူတွေကို နှုတ်ဆက်ကာ သတင်းသမား တဦးရဲ့ “ခင်ဗျား ဝမ်းသာ ဝမ်းနည်းဖြစ်နေလားဆိုတဲ့ အမေးကို” “ဒါပေါ့ သိပ်ဖြစ်တာပေါ့ဗျာ” လို့ ဖြေကြားခဲ့ပါတယ်။ မနက် ၉ နာရီ ၄၅ မိနစ် - အိမ်ဖြူတော်ရှေ့မှာ သမ္မတ ဇနီးမောင်နှံ ဘားရက်အိုဘားမားနဲ့ မီရှဲလ်အိုဘားမားတို့ဟာ သမ္မတအသစ် ဒေါ်နယ်ထရမ့်နဲ့ မယ်လနီရာတို့ရဲ့ အလာကို စောင့်ဆိုင်းနေကြပါတယ်။ ထရမ့်တို့ရောက်လာချိန်မှာ အိုဘားမားက ထရမ့်ကို “ရွေးကောက်ခံ မစ္စတာ ပရက်ဆီဒန့် နေကောင်းရဲ့လား” လို့ နှုတ်ဆက်မေးမြန်းခဲ့ပြီး အိမ်ဖြူတော်ရှေ့မှာ ဓာတ်ပုံ အတူတွဲပြီး ရိုက်ခံခဲ့ကြပါတယ်။ မနက် ၁၀ နာရီ ၅၃ မိနစ် - အိုဘားမားနဲ့ ထရမ့်တို့ အတူတကွ အိမ်ဖြူတော်ကနေ ထွက်ခွာကြပါတယ်။ မနက် ၁၁ နာရီ ၃၀ မိနစ် - သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား တက်ရောက်ပြီး အခမ်းအနားမှာ ရှိနေတဲ့ ထရမ့်ရဲ့ မိသားစုဝင်တွေကို တဦးချင်း နှုတ်ဆက်ခဲ့ပါတယ်။ သမ္မတဟောင်း ဂျော့ရှ်ဒဗလျူဘုရှ်နဲ့လည်း ဟာသတွေ ပြောခဲ့ပါသေးတယ်။ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် - အိုဘားမားနဲ့ ထရမ့်တို့ ကပ်ပီတိုလ်အဆောက်အဦကနေ ထွက်ခွာကြပြီး အိုဘားမားက အဲဖို့စ်ဝမ်းလေယာဉ်နဲ့ ထွက်ခွာခဲ့ပြီး လေယာဉ်ပေါ်ကနေ အိမ်ဖြူတော်ကို ကြည့်ရှုခဲ့ပါသေးတယ်။ မွန်းလွဲ ၁ နာရီ ၁၀ မိနစ် - မေရီလန်းအခြေပြု အန်ဒရူးလေတပ်စခန်းကို ရောက်ရှိခဲ့ပြီး ခင်ဗျားတို့အားလုံးဟာ တကယ့်ကို အံ့သြစရာပါ။ တကယ်ကို အမှတ်ရစရာ အလုပ်တွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ ခင်ဗျားတို့တွေ ရှေ့ဘာဆက်လုပ်ကြမယ်ဆိုတာတွေ မြင်ရဖို့ ကျနော် စောင့်တောင် မစောင့်နိုင်တော့ဘူးလို့လည်း သူရဲ့မိန့်ခွန်းထဲ ထည့်ပြောသွားပါသေးတယ်။ ဘုရားသခင် ကောင်းချီးပေးပါစေလို့လည်း ဆုတောင်းပေးသွားပါတယ်။ မွန်းလွဲ ၁ နာရီ ၂၅ မိနစ် - လေတပ်စခန်းမှ ပြန်လည်ထွက်ခွာသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up