လမ္ဘာဒါ သီချင်းဖြင့် နာမည်ကြီးခဲ့သည့် ပေါ့ပ်အဆိုတော်၏အလောင်း မီးလောင်ကားအတွင်းတွေ့ရှိ

လမ်ဘာဒါ သီချင်းနဲ့ နာမည်ကြီးခဲ့တဲ့ ဘရာဇီး ပေါ့ပ် အဆိုတော်ကို ရီယိုဒီ ဂျနေရိုမြို့နားက ကမ်းရိုးတန်းမှာ ရှိတဲ့ စာကွာရေမာ မြို့နားက မီးလောင်ထားတဲ့ ကားထဲမှာ သေဆုံးလျက်သား တွေ့ခဲ့တယ်လို့ ဒေသခံ မီဒီယာ က အစီရင်ခံပါတယ်။ အသက် ၆၃ နှစ်အရွယ် လော်လွာ ဘရပ်ဇ်ဟာ ပြင်သစ်အုပ်စု ကွာမာက ဖြန့်ချိပြီး နိုင်ငံတကာထိ ကျော်ကြားခဲ့တဲ့ သီချင်းအယ်လ်ဘမ်မှာ ဦးဆောင် အဆိုတော်လည်း ဖြစ်ပါတယ်။ “မီးလောင်နေတဲ့ ကားထဲကနေ ဖုန်းခေါ်ခဲ့တယ်၊ မီးသတ် တပ်ဖွဲ့ကလည်း မီးငြှိမ်းဖို့ လုပ်ခဲ့တယ်” လို့ ဘရာဇီး မီဒီယာက အစီရင်ခံ ပါတယ်။ အဆိုတော်ရဲ့ လုံးဝမီးကျွမ်းနေတဲ့ အလောင်းကို ကားထဲမှာ မီးသတ်သမားတွေက တွေ့ခဲ့ပါတယ်။ လက်နက်ကိုင် ယောက်ျားတွေကို အဆိုတော်ရဲ့ အိမ်နားမှာ ညဘက်မှာ မြင်ခဲ့တယ်။ ဒါပေမယ့် အဆိုတော်နဲ့ သံသယရှိသူတွေကြား ဆက်စပ်မှု ဒါမှမဟုတ် အဆိုတော် သေဆုံးမှုဟာ သူတို့နဲ့ ပတ်သက်မှု ရှိမရှိ စတဲ့ သတင်းအချက်အလက် တွေတော့ မရှိသေးဘူးလို့ ရဲက ပြောပါတယ်။ “အဆိုတော်နဲ့ ပတ်သက်ပြီး မကောင်းသတင်း ပြောတာ တခါမှ မကြားဖူးခဲ့ဘူး။ သူက အေးအေးဆေးဆေး နေတတ်တဲ့ လူပါ။ အိမ်နီးချင်းအားလုံးက သူ့ကို သိခဲ့တာ ကြာပြီ။ သူက လူကောင်းပါ။” လို့ အဆိုတော် ဘရက်ဇ်နဲ့ ပတ်သက်ပြီး အမည်မဖော်တဲ့ အိမ်နီးချင်း တယောက်က ပြောပါတယ်။ ရဲတွေက ဒီအမှုကို စုံစမ်းစစ်ဆေး နေဆဲပါ။ ၂၀၁၆ အတွက် နောက်ဆုံး လူတွေ့ မေးမြန်းခန်းမှာ ဘရက်ဇ်က ၂၀၁၇ အတွက် အပြုသဘောရှုမြင် ဖြေဆို ထားပါတယ်။ အဆိုတော် ဘရက်ဇ်ရဲ့ သီချင်း ချိုရန်ဒို စေဖွိုင်ဟာ ထိပ်တန်း ပေါ့ပ် သီချင်း အဖြစ် နိုင်ငံပေါင်း ၁၁၆ နိုင်ငံမှာ နှစ်၂၀လောက် လူကြိုက်များ ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up