DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိက​ကျောင်း ​ဥပ​ဒေ အစိုး​ရပြဌာန်း​​၊​​ နိုင်ငံ​ရေး​သင်လျှင်​ ​ထောင်ချမည်
DVB
·
December 4, 2011
ပုဂ္ဂလိက​ကျောင်း ​ဥပ​ဒေ အစိုး​ရပြဌာန်း​​၊​​ နိုင်ငံ​ရေး​သင်လျှင်​ ​ထောင်ချမည်
Donate to DVB

အ​ခြေခံပညာမူလတန်း​က​နေ အထက်တန်း​အထိ ပုဂ္ဂလိက ပညာသင်​ကျောင်း​တွေ ဖွင့်​လှစ် လုပ်ကိုင်ချင်သူ​တွေအတွက် ကိုယ်ပိုင်​ကျောင်း​ မှတ်ပုံတင်ဥပ​ဒေတခုကို မြန်မာအစိုး​ရ ဒီဇင်ဘာ ၂ ရက်​နေ့​က သမ္မတ ဦး​သိန်း​စိန် အမိန့်​နဲ့​ အတည်ပြုပြဌာန်း​ ​ပေး​လိုက်ပါတယ်။

ကိုယ်ပိုင်​ကျောင်း​ ဖွင့်​မယ့်​သူ​တွေဟာ ​ငွေ​ကြေး​မြေ​နေရာ စာသင်​ဆောင် ပစ္စည်း​ပရိ​ဘောဂ စတဲ့​ အရင်း​အနှီး​ စိုက်ထုတ်ရမှာဖြစ်ပြီး​ ​ပြည်ပနိုင်ငံ​တွေက အကူအညီ မယူရဘူး​လို့​ ပါရှိပါတယ်။ ​ကျောင်း​ ဖွင့်​လှစ်ခွင့်​ကို​တော့​ သက်ဆိုင်ရာ ပြည်နယ်တိုင်း​ ပညာ​ရေး​မှူး​ရုံး​တွေမှာ ​လျှောက်ထား​ရမှာပါ။ ဒီ​ကျောင်း​တွေ လိုက်နာရမယ့်​ စည်း​ကမ်း​တွေထဲမှာ​တော့​ ပြည်​ထောင်စုမပြိုကွဲ​ရေး​၊​ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်မှု မပြိုကွဲ​ရေး​နဲ့​ အချုပ်အခြာ အာဏာ တည်တံ့​ခိုင်မြဲ​ရေး​ (ဒို့​တာဝန် အ​ရေး​သုံး​ပါး​)က ထိပ်ဆုံး​မှာ ပါရှိပါတယ်။ ဒါ့​အပြင် နိုင်ငံ​တော်ရဲ့​ အကျိုး​ကို ထိခိုက်တဲ့​ နိုင်ငံ​တော်မူဝါဒနဲ့​ ဆန့်​ကျင်တဲ့​အရာ​တွေ သင်ကြား​ မ​ပေး​ရဘူး​လို့​ ကန့်​သတ်ထား​ပါတယ်။

မှတ်ပုံမတင်ဘဲ ကိုယ်ပိုင်​ကျောင်း​ဖွင့်​ရင် ၃ နှစ်ထက်မပိုတဲ့​ ​ထောင်ဒဏ်နဲ့​ ကျပ် ၃ သိန်း​ထက် မပိုတဲ့​ ဒဏ်​ငွေ ချမှတ်ခံရမှာဖြစ်ပြီး​ မှတ်ပုံတင်မရှိဘဲ ဆရာ လုပ်ရင်​တော့​ ၁ နှစ်ထက်မပိုတဲ့​ ​ထောင်ဒဏ် ဒါမှမဟုတ် ကျပ် ၁ သိန်း​ထက် မပိုတဲ့​ ဒဏ်​ငွေ ဒါမှမဟုတ် ပြစ်ဒဏ်နှစ်မျိုး​လုံး​ ချမှတ်ခံရမှာပါ။ သင်ကြား​မယ့်​ ဘာသာရပ်နဲ့​ မဆိုင်တဲ့​ နိုင်ငံ​ရေး​နဲ့​ ဘာသာ​ရေး​ အ​ကြောင်း​အရာတွ သင်ကြား​ပို့​ချရင်​တော့​ အနည်း​ဆုံး​ ​ထောင်ဒဏ် ၁ နှစ်က​နေ အများ​ဆုံး​ ၃ နှစ်ထိ ကျခံရမည့်​အပြင် ကျပ် ၃ သိန်း​ထက် မပိုတဲ့​ ​ငွေဒဏ်လည်း​ ကျခံရမယ်လို့​ ပါရှိပါတယ်။

ပြည်တွင်း​ပုဂ္ဂလိက​ကျောင်း​တွေက​တော့​ ပြဌာန်း​ထား​တဲ့​ ဥပ​ဒေအတိုင်း​ လိုက်နာပြီး​ ​ကျောင်း​တွေ ဆက်လက်ဖွင့်​ လှစ်သွား​မယ်လို့​ပြောပါတယ်။

ထိုင်း​နိုင်ငံအ​ခြေစိုက် ပညာ​ရေး​ဆိုင်ရာ ကျွမ်း​ကျင်သူ ​ဒေါက်တာ သိန်း​လွင်က​တော့​ ဒီလို ပုဂ္ဂလိက​ကျောင်း​ ဥပ​ဒေပြဌာန်း​လိုက်တာဟာ ပညာ​ရေး​အတွက် ​ကောင်း​တယ်လို့​ မြင်​ပေမယ့်​ ဒီမိုက​ရေစီစနစ်သွား​မယ့်​ အစိုး​ရတရပ် အ​နေနဲ့​ နိုင်ငံ​ရေး​ လွပ်လပ်ခွင့်​တွေ ​ပေး​သင့်​တယ်လို့​ သုံး​သပ် ​ပြောကြား​ပါတယ်။

“အစိုး​ရက သွား​နေတဲ့​စနစ်နဲ့​ နည်း​နည်း​ ကွဲလွဲချက် ရှိတဲ့​ဟာမျိုး​မှ ပုဂ္ဂလိက​ကျောင်း​ ​ထောင်တာ၊​ အစိုး​ရက မ​ပေး​နိုင်တဲ့​ ပညာ​ရေး​မျိုး​ကို​ပေး​ဖို့​အတွက် ပုဂ္ဂလိက​ကျောင်း​ ​ထောင်ကြတာကိုး​။ ​နောက်တခါ ​ကျောင်း​ဆိုတာက ဒီမိုက​ရေစီနိုင်ငံ ဖြစ်ပြီဆိုရင် ​ကျောင်း​သား​တိုင်း​က နိုင်ငံရဲ့​ အ​ရေး​အရာ ကိစ္စ​တွေမှာ ပါဝင်ဖို့​ လိုတယ်။ ​ကျောင်း​သား​တွေက နိုင်ငံက​နေ သူတို့​အတွက် လုပ်​ပေး​တာကို ယူရုံတင် မကဘဲ နိုင်ငံအတွက်ပါ တာဝန်ရှိတဲ့​သူ​တွေ ဖြစ်လာတဲ့​အခါကျ​တော့​ နိုင်ငံရဲ့​ အ​ရေး​ကိစ္စ​တွေမှာ ​ကျောင်း​သား​တွေက ​လေ့​လာခွင့်​၊​ ​ဆွေး​နွေး​ခွင့်​ရှိရမယ်။ နိုင်ငံ​ရေး​အရ ကန့်​သတ်ထား​တာမျိုး​က မဖြစ်သင့်​ဘူး​။ ဆို​တော့​ ​ကျောင်း​သား​တွေမှာ သူတို့​မြင်တဲ့​ နိုင်ငံ​ရေး​အမြင်​တွေ ​ပြောနိုင်ခွင့်​ ရှိရမယ်။ နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပိုင်ခွင့်​ ရှိရမယ်။ ဒါဘယ်​ကျောင်း​မဆို ရှိသင့်​တယ်။”

ဒါ့​အပြင် လည်ပတ်နိုင်ဖို့​ အကူအညီလို​နေတဲ့​ ပညာသင်​ကျောင်း​တွေကို က​လေး​တွေရဲ့​ အကျိုး​အတွက် ပြည်တွင်း​ကပဲဖြစ်ဖြစ်ဖြစ်၊​ ပြည်ပကပဲဖြစ်ဖြစ် အကူအညီယူခွင့်​ ​ပေး​သင့်​တယ်လို့​လည်း​ သူ​ပြောပါတယ်။

“အစိုး​ရ ပြဌာန်း​တဲ့​ ပညာ​ရေး​မူဝါဒ တခုတည်း​အောက်မှာ မဟုတ်ဘဲနဲ့​ တခြား​ကွဲလွဲတဲ့​ အယူအဆ၊​ ပညာ​ရေး​ အယူအဆ အ​ပေါ်မှာ ပုဂ္ဂလိက​ကျောင်း​ ​ထောင်ပိုင်ခွင့်​ ရှိတဲ့​အတွက် ဒါ​ကောင်း​တဲ့​အချက် ဖြစ်တယ်။ ပညာ​ရေး​မှာ လွတ်လပ်ခွင့်​ ဖြစ်တယ်။ ဒါ​ပေမယ့်​ ခုနကလို ကန့်​သတ်ထား​တာက အစိုး​ရသင်ရိုး​ညွှန်း​တမ်း​ အတိုင်း​ပဲသင်၊​ အစိုး​ရရဲ့​ မူဝါဒအတိုင်း​ပဲ လိုက်နာ ကိုယ့်​ပိုက်ဆံ ကိုယ်သုံး​ဆိုတဲ့​ ပုံစံမျိုး​ သွား​ဖြစ်​နေတယ်​လေ။ အစိုး​ရက သူ့​ဘဏ္ဍာ​ငွေ မသုံး​ချင်လို့​ ပုဂ္ဂလိက​ကျောင်း​ ​ထောင်ခိုင်း​တဲ့​ အဓိပ္ပာယ် သွား​ဖြစ်​နေတယ်။ ပြီး​တော့​ သူကြိုက်တာကို သင်ခိုင်း​တယ်။ အဲဒါက ပုဂ္ဂလိက​ကျောင်း​အဓိပ္ပာယ် မထွက်ဘူး​လေ။ အစိုး​ရ ပိုက်ဆံမ​ပေး​ဘဲ တခြား​သူကို ​ကျောင်း​ဖွင့်​ခိုင်း​တဲ့​ အဓိပ္ပာယ်ထွက်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013