ပြိုင်ဘက်က ပြည်ခိုင်ဖြိုးဖြစ်ဖို့ ပိုများတယ် – ဒေါက်တာအေးမောင်

ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ရွေးကောက်ပွဲအတွက် သူ့ရဲ့ပြင်ဆင်မှုတွေနဲ့ လက်ရှိ ရခိုင်ပြည်နယ် ပြဿနာတွေနဲ့ပတ်သက်လို့  ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး - လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါက်တာအေးမောင်အနေနဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပါတီခေါင်းဆောင်တယောက်အနေနဲ့ ဘာကြောင့် ကိုယ်တိုင် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာပါလဲ။ ဖြေ - ပထမတချက်က ကျနော်တို့ပါတီသည် တိုင်းရင်းသားပါတီတခု ဖြစ်တယ်။ အဓိက ကိုယ့်ပြည်နယ်အစိုးရ၊ ကိုယ့်ပြည်နယ် ပါလီမန်ကို ထိန်းချုပ်ချင်တာပေါ့ဗျာ။ ကိုယ်ပိုင်ပြဋ္ဌာန်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် လမ်းကြောင်းဖြည့်ပေးအောင်လုပ်တဲ့ ပြည်နယ်တခုရဲ့ အမျိုးသားပါတီ ဖြစ်တယ်။ ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားပြည်နယ်တိုင်း အမျိုးသားပါတီများက နိုင်ဖို့ ကျနော်တို့ဘက်က အများကြီး တိုက်တွန်းခဲ့ကြတာရှိတယ်။ အဲဒီလိုနိုင်ခဲ့ရင် အခု ၂၀၁၆ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က Landslide နိုင်သွားတဲ့ အခင်းအကျင်း မဖြစ်ဘူးလို့ ကျနော်တို့ ယုံကြည်တယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်းပဲ ကျနော်တို့ တိုင်းရင်းသားအမတ်များရဲ့ နေရာသည် ၂၀ နဲ့ ၂၅ ရာခိုင်နှုန်းကြား ရှိတဲ့အခါမှာ ကျနော်တို့ တိုင်းရင်းသားပါတီများနဲ့ ညှိနှိုင်းပြီးမှ ပြည်ထောင်စုအစိုးရကို ဖွဲ့နိုင်တယ်။ သက်ဆိုင်ရာ ပြည်နယ်များမှာလည်းပဲ သူ့ပြည်နယ် လွှတ်တော်နေရာတိုင်း နီးပါးလောက်ကို သက်ဆိုင်ရာ အမျိုးသားပြည်နယ်မှာရှိတဲ့ အမျိုးသားပါတီက နိုင်ခဲ့မယ်ဆိုရင် ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့နိုင်မယ်။ လွှတ်တော်ကို ထိန်းချုပ်နိုင်မယ်ဆိုတဲ့ သဘောနဲ့ သွားတယ်။ သို့သော် ၂၀၁၅ အခင်းအကျင်း ကျနော်တို့မှန်းသလောက် မဖြစ်ခဲ့ဘူး။ အဲဒီအခါမှာ ၂၀၂၀ လာမယ့်ကာလမှာ ကျနော်တို့က ပြန်သတ်မှတ်ဖို့ ဖြစ်လာတယ်။ ဆိုတော့ ၂၀၂၀ မှာ ကျနော်တို့ ရခိုင်ပြည်နယ်ကိုပဲ ပြောပါမယ်။ ရခိုင်ပြည်နယ်မှာ ပြည်နယ်အစိုးရကို ဖွဲ့စည်းနိုင်ဖို့ တခုတည်းသောနည်းလမ်းသည် ၁၇ မြို့နယ်ရှိတဲ့ ကျနော်တို့ရဲ့ ပြည်နယ်လွှတ်တော် နေရာတိုင်း ၃၄ ဦးမှာ ရခိုင်အမျိုးသားပါတီမှ နိုင်ဖို့လိုအပ်တယ်။ အဲဒီလိုပဲ ပြည်ထောင်စုပါလီမန်ကို ရောက်မယ့် အမတ်တိုင်းသည်လည်း တခြားပြည်နယ် ၆ ခုက လာမယ့် ကျနော်တိုရဲ့ တိုင်းရင်းသား ညီနောင်များနဲ့ ပူးပေါင်းပြီးမှ ပြည်ထောင်စုလွှတ်တော်ရဲ့ အမတ် ၂၀ ကနေ ၂၅ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ဖို့ ကျနော်တို့ ကြိုးစားဖို့ လိုအပ်တယ်ဆိုတဲ့ အခင်းအကျင်းမှာ တခုတည်းသော ရခိုင်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲလုပ်ရတဲ့ အမ်းသည် အင်မတန်အရေးကြီးတဲ့ ကျနော်တို့ရဲ့ အရေးကြီးတဲ့ ရည်မှန်းချက်နယ်မြေ ဖြစ်လာတယ်။ ဒီအမ်းနယ်မြေမှာ နိုင်မှဖြစ်မယ်ဆိုတဲ့ ရခိုင်အမျိုးသားပါတီ ပန်းတိုင် ရည်မှန်းချက်ကို ပထမ သတ်မှတ်လိုက်ပါတယ်။ နိုင်မှဖြစ်မယ်ဆိုတဲ့ အခါမှာ အဓိကနိုင်ဖို့အတွက် အမ်းဒေသခံများက မဲပေးဖို့လိုတာပေါ့။ အမ်းဒေသခံများက ရွေးကောက်တင်မြှောက်ခံလိုတဲ့၊ မဲပေးလိုတဲ့ ရခိုင်အမျိုးသားပါတီထဲက သင့်လျော်မယ့် ပုဂ္ဂိုလ်တယောက်ကို ရွေးဖို့ ကြိုးစားပါတယ်။ အဲဒီအခါမှာ ရခိုင်အမျိုးသားပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ကျနော်တို့ အမ်းကိုသွားပြီးမှ နေရာကြီး ၁၂ ခုလောက်မှာ လူထုနဲ့ တွေ့တယ်။ အဲဒီမှာ ပါတီဥက္ကဋ္ဌ ဝင်ပြိုင်မှပဲ ဒီအခင်းအကျင်းမှာ နိုင်နိုင်တယ်ဆိုတဲ့ သဘောနဲ့ ရာခိုင်နှိုင်း ၉၀ နီးပါးလောက် ကျနော့်ကို ဒေါက်တာအေးမောင်ကို ပြိုင်ဖို့ တောင်းဆိုကြတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေကို ကျနော့်လောက် မဲပေးခြင်းမရှိဘူး။ ဆိုလိုတာက ကျနော်တို့ ရွေးကောက်ခံ အမတ်လောင်းအဖြစ် ဘယ်သူ့ကို တင်ချင်သလဲဆိုတာကို ကျနော်တို့ စီအီးစီ အထွေထွေအတွင်းရေးမှူးတို့ လေ့လာသုံးသပ်တဲ့ ကော်မရှင်က အမည်ဖော်ထုတ်တာ မဟုတ်ဘူး။ လူထုက အဆိုပြုတဲ့ အမည်တွေကိုပဲ စာရင်းမှတ်ပြီး သုံးသပ်တာ။ အဲဒီအခါမှာ ကျနော်တို့ရဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျနော်တို့ ပါတီအမတ်လောင်းကို လူထုက တောင်းဆိုတဲ့ပုံစံ ဘယ်သူဖြစ်ပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပါတီဗဟိုကို တင်ပြတဲ့အခါမှာ ဒီဘက်က လေ့လာသုံးသပ်တဲ့ ကော်မတီရဲ့ အဆိုပြုချက်အရ လက်ခံဖို့၊ လက်မခံဖို့ဆိုတာကို ဖြစ်လာတယ်။ အဲဒီအခါမှာ ပါတီရဲ့ ၂၀၂၀ ရည်မှန်းချက် လူထုရဲ့တောင်းဆိုချက်ကြောင့် ဥက္ကဋ္ဌကိုယ်တိုင် ဒီအခင်းအကျင်းမှာ ဝင်ပြိုင်ဖို့ ဖြစ်လာတာ ဖြစ်ပါတယ်။ မေး - ဒေါက်တာအေးမောင် ဝင်ပြိုင်မယ့် အမ်းမြို့နယ်မှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်းရှိမယ်၊ ကြံ့ခိုင်ရေးက ကိုယ်စားလှယ်ရှိမယ်၊ နောက် တသီးပုဂ္ဂလတဦးနဲ့ဆို အားလုံး ၄ ယောက် ယှဉ်ပြိုင်ရမှာဆိုတော့ အဓိကပြိုင်ဘက် ဘယ်သူဖြစ်မလဲ၊ အနိုင်ရဖို့ ဘာတွေ ကြိုတင်ပြင်ဆင်ထားလဲ။ ဖြေ - ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၂၀ ကျနော်တို့ရဲ့ ခံစစ်ကြောင်းအတွက် အရေးကြီးတဲ့ စစ်ဆင်ရေးလိုမျိုး ဖြစ်တဲ့အခါမှာ ပါတီဥက္ကဋ္ဌကိုယ်တိုင် ယှဉ်ပြိုင်တော့မယ် ဆိုတဲ့အခါမှာ ပါတီသည်၊ ပါတီဗဟိုသည်၊ ပါတီမြို့နယ်ရုံးမှာ သည် အမ်းပါတီရဲ့ အောက်ခြေကနေ မြို့နယ် ဦးဆောင်အဖွဲ့အစည်း ကျစ်ကျစ်လျစ်လျစ် ပြန်ဖွဲ့စည်းဖို့၊ ဖွဲ့စည်းပြီးသား အဖွဲ့အစည်းကို ပိုပြီးခိုင်မာအောင်လုပ်ဖို့၊ အောက်ခြေအထိ စည်းရုံးရေးဆင်းဖို့က ပါတီရဲ့တာဝန် လုံးဝ ဖြစ်သွားတယ်။ အဲဒါကြောင့် ဒီအခင်းအကျင်းကို ကျနော်တို့ ပြိုင်တော့မယ်ဆိုတဲ့ကဏ္ဍ ရောက်တဲ့အခါမှာ ၂ ပိုင်းသွားတာပေါ့။ ပါတီရဲ့ လူထုနဲ့နီးစပ်အောင် တည်ဆောက်မယ်။ ပါတီရဲ့ ဦးတည်ချက်ကို လူထုသဘောပေါက်အောင် ပါတီရဲ့စည်းရုံးရေးကဏ္ဍ ဒါက တပိုင်း၊  အမတ်လောင်းဖြစ်မယ့် ပုဂ္ဂိုလ်များနဲ့ ပတ်သက်တဲ့ကဏ္ဍက တပိုင်း နှစ်ပိုင်းသွားပါတယ်။ ဆိုတော့ အမ်းနဲ့ပတ်သက်လို့ အမ်းသည် တပ်မတော်အင်အားစုတခု ရှိတယ်။ တိုင်းစစ်ဌာနချုပ် ရုံးစိုက်တဲ့ နယ်မြေဖြစ်တယ်။ ကျနော်တို့ရဲ့ တိုင်းရင်းသားလူမျိုးဖြစ်တဲ့ ချင်းလူမျိုးအများစု နေတဲ့နေရာ ဖြစ်တယ်။ အစဉ်အလာအားဖြင့် အမ်းသည် ပြီးခဲ့တဲ့ ၂၀၁၀ ကစလို့ ပြည်ခိုင်ဖြိုးအဆက်ဆက် အမာအခံနယ်မြေအဖြစ် ဖန်တီးထားတဲ့နယ်မြေ ဖြစ်တယ်။ အခုထိ ခိုင်ခိုင်မာမာ သူ့ရဲ့ဆဲလ်သည် ကျေးလက်အထိ ရှိနေဆဲဖြစ်တယ်။ အဓိကအားဖြင့် ဖွံ့ဖြိုးမှု နောက်ကျတဲ့အခါမှာ ဖွံ့ဖြိုးမှုလုပ်ပေးနိုင်တဲ့ အင်အားစု လုပ်ပေးနိုင်ဖို့ သူတို့ဘက်က မျှော်မှန်းတဲ့ အင်အားစုအပေါ်မှာ လူထုက မဲပေးတဲ့ အခြေအနေက ရှိတာကို။ အဲဒီအခါမှာ အခွင့်အရေးကို လုပ်ပေးနိုင်တဲ့ လမ်းတို့၊ တံတားတို့ လုပ်ပေးနိုင်တဲ့ အင်အားစုများကို ဖွံ့ဖြိုးမှုကို လိုချက်မက်မောကြတဲ့ ဒေသခံတွေက မဲပေးကြတဲ့အချိန်မှာ အမ်းသည် အမာခံဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့နယ်မြေဖြစ်တယ်။ တပ်မတော်နဲ့ ပိုနီးစပ်တယ်။ အဲဒါကြောင့် ကျနော်တို့ ထိုးဖောက်စည်းရုံးတဲ့ အင်အားစု ၂ ခု ကြည့်တဲ့အခါမှာ ပြည်ထောင်စုပါတီဖြစ်တဲ့ အန်အယ်လ်ဒီသည် အမ်းကို လက်ရှိအစိုးရ လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာရအစိုးရ ချဉ်းကပ်မှုမျိုးနဲ့ သူတို့ အမ်းကို ထိုးဖောက်စည်းရုံးမယ်။ ရခိုင်အမျိုးသားပါတီကလည်း ပြည်ခိုင်ဖြိုးရဲ့ အမာခံနယ်မြေအတွင်းမှာ ၂၀၂၀ ခံစစ်ကြောင်းအတွက် အခု ရခိုင်ပြည်သူနဲ့အတူ အမ်းလူထု ရပ်တည်ပေးပါဆိုတဲ့ တိုင်းရင်းသားများကို မေတ္တာရပ်ခံခြင်း၊ ရခိုင်နွယ်ဖွားတွေကို မေတ္တာရပ်ခံခြင်းနဲ့အတူ၊ တပ်မတော်သားများကို မေတ္တာရပ်ခံခြင်းနဲ့အတူ ကျနော်တို့က ချီတက်တယ်။ တနည်းအားဖြင့် ပြည်ခိုင်ဖြိုးရဲ့ အမာခံနယ်မြေကို အန်အယ်လ်ဒီနဲ့ ရခိုင်အမျိုးသားပါတီသည် အနိုင်ရဖို့အတွက် အင်အားပြိုင်ရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် ပြိုင်ဘက်သည် ပြည်ခိုင်ဖြိုးဖြစ်ဖို့ ပိုများတယ်။ မေး - အန်ကယ့်အနေနဲ့ တပ်မဲဆန္ဒနယ်တွေမှာ စောင့်ကြည့်လေ့လာခွင့်ပေးဖို့ တင်ပြခဲ့တာ ရှိတယ်လေ။ ဆိုတော့ အဲဒီကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဘာတွေ ပြန်ပြီးပြောဆိုတာမျိုးတွေ ရှိလဲ။ ဖြေ - လာမယ့် ၁၉ ရက်နေ့မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီအိုစီနဲ့ပတ်သက်လို့ ထင်ပါတယ်။ ပြိုင်မယ့် ပုဂ္ဂိုလ်တွေအားလုံးကို ဖိတ်ထားတယ်။ အဲဒီမှာတော့ တစုံတခု အတိုင်းအတာအထိ ရွေးကောက်ပွဲကော်မရှင်ရဲ့ နောက်ဆုံးဆောင်ရွက်ချက်တွေ အားလုံးကို အသိပေးဖို့ ကျနော်တို့လည်း နားလည်တယ်လေ။ အဲတော့ အဓိကကတော့ မဲပေးပိုင်ခွင့်ရတဲ့ မဲပေးရမယ့် မဲဆန္ဒရှင်များရဲ့ အခွင့်အရေးကို ရွေးကောက်ပွဲကော်မရှင်က ပွင့်ပွင့်လင်းလင်း အသိပေးဖို့လိုတာပေါ့။ မဲပေးပိုင်ခွင့်ရတဲ့ မဲစာရင်းကလည်းပဲ သတ်သတ်မှတ်မှတ် ပုံသေဖြစ်သွားဖို့လိုတယ်။ ပြောင်းလဲနေတဲ့ မဲစာရင်းအရှင်မဟုတ်ဖို့ လိုတာပေါ့။ မဲစာရင်းပုံသေထဲမှာ တပ်မတော်သားတွေရဲ့ မဲစာရင်းက ဘယ်လောက်၊ တပ်မတော်သားမိသားစုများရဲ့ မဲစာရင်းက ဘယ်လောက် ဆိုတာကိုလည်း တခါတည်း သတ်မှတ်ပေးဖို့ လိုလာပြီ။ မဲစာရင်းဟာ ပုံသေဖြစ်ဖို့ လိုလာပြီ၊ ကိန်းသေတခုကို ရအောင် လုပ်မယ့်တာဝန် ကာလတခုမှာရှိတယ်။ အဲဒီအခါမှာ အခုနကပြောသလို တပ်မတော်သားတွေကလည်းပဲ ဒီရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိတယ်။ နိုင်ငံရေးပါတီများက တပ်မတော်အတွင်းမှာ မဲဆွယ်စည်းရုံးခွင့် မရှိရင်လည်းပဲ တပ်မတော်သားများနှင့် မိသားစု မဲပေးတဲ့အခါမှာ ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိတယ်ဆိုတဲ့ အခင်းအကျင်းကို ဖော်ညွှန်းဖို့အတွက် တပ်မတော်တွင်းမှာရှိတဲ့ မဲရုံတွေမှာ ပါတီအားလုံးက မဲရုံကိုယ်စားပြု ပုဂ္ဂိုလ်တွေကို လွတ်လွတ်လပ်လပ် စောင့်ကြည့်ခွင့်ပေးဖို့လိုတယ်။ အဲဒါတခုပဲ ကျနော်တို့ တောင်းတာပါ။ မေး - လက်ရှိ အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်သူလူထုတွေ အဓိက ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ။ ဖြေ - ပြောရရင် နံပါတ် ၁ စီးပွားရေးအရ ဖိနှိပ်ချုပ်ချယ်မှု၊ စီးပွားရေးအရ အမှီခိုခံဘဝကို ရောက်အောင် သမိုင်းနဲ့ချီပြီးတော့ အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေက ဆောင်ရွက်လာတာ အခုဆိုရင် တော်တော်လေး အထွတ်အထိပ်ကို ရောက်သွားတာပေါ့။ အဲဒါကြောင့် မလေးရှားတို့၊ ထိုင်းတို့မှာ  ၇ သိန်းလောက် ရခိုင်ပြည်သူတွေ ရှိပါတယ်။ ရန်ကုန်ပတ်ဝန်းကျင် လှိုင်သာယာ၊ ရွှေပြည်သာတို့ စက်ရုံ အလုပ်ရုံတွေမှာလည်း အနည်းဆုံး တသိန်း၊ တသိန်းကျော်လောက် ရှိပါတယ်။ ဖားကန့်၊ တနိုင်း၊ ကချင်ပြည်နယ်ဘက်က ပျံကျလုပ်သားတွေကို ပြောရင် တသိန်းလောက်ရှိပါတယ်။ နိုင်ငံတကာနဲ့ ပြည်မဘက်ကို ပျံ့နှံ့နေတဲ့ ရခိုင်လူဦးရေက သန်းလောက်ရှိသွားတာ။ ကျနော်တို့ ဒေသတွင်းမှာ လူငယ်မျိုးဆက်တွေ စွန့်ခွာမှု အင်မတန် မြင့်ပါတယ်။ အလုပ်အကိုင် ရှားပါးပါတယ်။ ဖွံ့ဖြိုးမှုအနိမ့်ဆုံး ဖြစ်ပါတယ်။ ကျောင်းက ကျောင်းနဲ့မတူဘူး။ ဆေးခန်းက ဆေးခန်းနဲ့မတူဘူး။ လမ်းပန်းဆက်သွယ်ရေးဟာ လုံးဝ ပြတ်တောက်နေတယ်။ ကျေးလက်နဲ့ မြို့ပြ ကွာဟမှု အင်မတန်မြင့်နေတယ်။ လုပ်ငန်းခွင်လုပ်ရင်းနဲ့ ထမင်းငတ်နေကြတဲ့သူတွေရှိတယ်။ လေကူလီ၊ ရေကူလီပေါ့ဗျာ။ ဒါမျိုးဘဝနဲ့ပဲ လုပ်ငန်းရှင်တွေရဲ့အောက်မှာ ပြားပြားဝပ်နေရတဲ့ အနေအထားတခု မြင်ရပါတယ်။ ဒါတွေက ပြည်ထောင်စုရဲ့ စီမံခန့်ခွဲမှု ပုံသဏ္ဌာန် မမှန်လို့ ဖြစ်တယ်။ ရခိုင်ပြည်နယ်က သယံဇာတအားလုံးကို မူလပိုင်ရှင်ဆိုပြီးမှ ပြည်ထောင်စုက ယူသွားတာပဲ တွေ့တယ်။ ကျနော်တို့ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်ရဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး လက်ဖြန့်ပြီးမှ လက်ဝေခံဘဝနဲ့ တောင်းနေတဲ့သဘောမျိုး ဖြစ်တဲ့အခါမှာ ကျူးကျော်စနစ်၊ တနည်းအားဖြင့် ကိုလိုနီစနစ် ပြန်ပြီးတော့ သက်ဆိုးရှည်နေသလားဆိုတဲ့ သံသယစိတ်ဟာ ရခိုင်လူငယ်ထုရဲ့ ရင်ထဲမှာ အခုထိ ဆွေးနွေးတဲ့အခါမှာ ကျနော်တို့ ပြည်ထောင်စုကို နိုင်ငံရေးပါတီတခုအနေနဲ့ နိုင်ငံရေးနည်းနဲ့ လူထုကို စည်းရုံးပြီးမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပေးဖို့အတွက် ပြည်ထောင်စုပါတီကြီးတွေမှာ အစီအစဉ်ရှိသလား။ သို့မဟုတ် ဒီလူငယ်ထုတွေ အားလုံးသည် ပြည်ထောင်စုကို တွေ့ဆုံဆွေးနွေးပြီးမှ နိုင်ငံရေးနည်းအားဖြင့် လူထုတွေနဲ့ စည်းရုံးနည်းဟာ မလုံလောက်တော့ဘူး။ ဒီလိုစည်းရုံးရုံနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မရတော့ဘူးဆိုရင် တနည်းပဲရှိတယ်။ လက်နက်ကိုင်ပြီးမှ ဒီပြဿ နာကို ဖြေရှင်းရမယ့်ကဏ္ဍကို ရောက်သွားပါလိမ့်မယ်။ အဲဒီအခါမှာ ကျနော်တို့ ပြည်ထောင်စုကို ကြီးကြပ်တာဝန်ယူနေရတဲ့ အုပ်ချုပ်မင်းလုပ်တဲ့ ပုဂ္ဂိုလ်များရဲ့ ရင်ထဲမှာ တခုပဲရှိတယ်။ လက်နက်ကိုင်တော်လှန်ရေးကြောင့် ဖြစ်လာမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာကို ပေးဖို့အတွက် အဆင်သင့်ရှိပြီလား။ သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းပြီးမှ ပြည်ထောင်စုငြိမ်းချမ်းပြီးမှ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရအောင် ဖွဲ့စည်းပုံအရ ရအောင် အဲဒီဘက်ကို ပံ့ပိုးကူညီမှ ပြည်ထောင်စုပါတီကြီးရဲ့ ရက်ရောမှု၊ သဘောထားကြီးမှုနဲ့ နှစ်ပေါင်း ၇၀ ကြာ ပဋိပက္ခကို အဆုံးသတ်ဖို့ နိုင်ငံရေး ရည်မှန်းချက်ရှိသလား အဲဒါဟာ အဖြေဖြစ်ပါတယ်။ မေး - အခုနကပြောတဲ့ ရခိုင်လူထုတွေရဲ့ ဒီအခက်အခဲတွေကနေ သက်သာရာရဖို့  ဒေါက်တာအေးမောင်တို့ရဲ့ ရခိုင်အမျိုးသားပါတီ အနေနဲ့ကော ဘာတွေ ကူညီဆောင်ရွက်ပေးနေပါသလဲ။ ဖြေ - ကျနော်တို့ကတော့ ကိုယ်နိုင်တဲ့ဝန်ကို ထမ်းပါတယ်။ နိုင်ငံရေးပါတီတခုဆိုတာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ကျနော်တို့ စုစည်းပြီးမှ နိုင်ငံရေးပါတီ တည်ထောင်တယ်။ ၁၁၊ ၁၆ ပါလီမန်အတွင်းမှာ ပါတီတခု ပေါ်လာတာပေါ့။ အခု ပါတီပေါင်းဖို့လိုတဲ့အခါမှာ ရခိုင်အမျိုးသားပါတီကြီး သက်တမ်းအားဖြင့် ၂၀၁၄ ကပဲ စတာကို။ နှစ်နှစ် သုံးနှစ် သက်တမ်းအောက်ပဲ ရှိပါသေးတယ်။ ကျနော်တို့ပါတီရဲ့ ရည်မှန်းချက်များကတော့ အင်မတန် ကြီးကြီးမားမားထားပါတယ်။ အဲဒီရဲ့ကဏ္ဍတွေကို အကောင်အထည်ဖော်ဖို့ အစိုးရဖွဲ့ပိုင်ခွင့်နဲ့ ရည်မှန်းလုပ်နိုင်တဲ့ လုပ်ပိုင်ခွင့်အရ အစိုးရအဖွဲ့အစည်းတရပ်ကို ကိုယ်တိုင်ကြီးကြပ်နိုင်တဲ့ လိုအပ်ချက်ရှိတာပေါ့။ အဲတော့ ပေါ်လစီဘယ်လောက်ပဲကောင်းကောင်း၊ ဒီပေါ်လစီကို လူထုဖွံ့ဖြိုးမှုအတွက် အကောင်အထည်ဖော်နိုင်မယ့် တနည်းအားဖြင့် လက်တွေ့လုပ်ငန်းနဲ့ သက်သေပြနိုင်တဲ့ ကဏ္ဍသည် အစိုးရဖွဲ့ခွင့်ရရှိရေးပဲ ဖြစ်တယ်။ အစိုးရဖွဲ့ခွင့်မရပေမယ့် ကျနော်တို့ ပေါ်လစီတွေ စာရွက်ပေါ်မှာပဲ ရှိမှာပေါ့။ စာရွက်ပေါ်က ကျနော်တို့ပေါ်လစီကို အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် အစိုးရဖွဲ့ခွင့်သည် အရေးကြီးတယ်။ အစိုးရဖွဲ့ခွင့် မရသမျှတော့ ကျနော်တို့ပေါ်လစီ စာရွက်ပေါ်မှာပဲ ရှိဦးမှာပေါ့။ အခုလို ဖြေကြားပေးတဲ့အတွက် ဒေါက်တာအေးမောင်ကို အထူးကျေးဇူးတင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up