Home
ရုပျသံ
ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စ ပြည်ထဲရေးကိုတင်လိုက်ပြီ - ဒေါက်တာအောင်မိုးညို (ရုပ်သံ)
အေးနိုင်
·
January 20, 2017
မကွေးတိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၂၈၀၀ ကိစ္စနဲ့ပတ်သက်ပြီး စသုံးလုံးက ယခင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဟောင်းတွေကို စစ်ဆေးခဲ့ကြောင်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာနထံ တင်ပြထားကြောင်း လက်ရှိ မကွေးတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဒီဗွီဘီကို ပြောပါတယ်။ ယခင်အစိုးရလက်ထက်က ဒေသတွင်း လုပ်ကိုင်နေကြတဲ့ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေက ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ထည့်ဝင်ခဲ့ကြပါတယ်။ ဒီငွေကြေးနဲ့ပတ်သက်လို့ ယခင်တိုင်းဒေသကြီးအစိုးရဟာ လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း မရှိသလို၊ ငွေအလွှဲအပြောင်းလည်း မပြုလုပ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြည်သူ့လွှတ်တော်မှာ မနှစ် မေ ၃၀ ရက်က ရှင်းလင်းခဲ့ပြီးတဲ့နောက် စစ်ဆေးခဲ့တာဖြစ်ပါတယ်။ လက်ရှိ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း အပါအဝင် ဝန်ကြီးတချို့ကို စသုံးလုံးကနေ ခေါ်ပြီး စစ်ဆေးတယ်လို့ ကြားရပါတယ်။ ၂ ဒသမ ၈ ဘီလီယံလို့လည်း ကြားရပါတယ်။ အဲဒီအခြေအနေ နောက်ဆုံးအခြေအနေ ဘယ်လိုများ သိရမလဲခင်ဗျ။ ဖြေ - ကျနော် ပြောပြမယ်ခင်ဗျ။ ကျနော့်ကို မနေ့က ညနေက သတင်းဌာနတခုက မေးတယ်။ မေးတော့ ဒါနဲ့ပတ်သက်ပြီးတော့ အထူးစုံစမ်းစစ်ဆေးရေး စ သုံးလုံးက စုံစမ်းစစ်ဆေးတယ်ဆိုတာ အမှန်ပဲလို့ ဒါပဲ ကျနော် ပြောလိုက်တာ။ ရာထူးအဆင့်အတန်းနဲ့ ဝန်ကြီးချုပ်ဟောင်းတို့၊ ဝန်ကြီးဟောင်းတို့ ဒါတွေ စစ်ဆေးခံနေရတယ်၊ မေးမြန်းခံနေရတယ်လို့ ဦးဖြူ ဖြစ်တယ်၊ ဦးနီဖြစ်တယ်၊ ဒါတွေ ဘာမှမဖြေလိုက်ဘူး။ ရာထူးနဲ့ နာမည်နဲ့ ဘာမှ တပ်မပြောလိုက်ဘူး။ ကျနော်တို့ မကွေးတိုင်းမှာ တိုင်းအဆင့်က စုံစမ်းစစ်ဆေးတယ်။ ဒါပဲ ကျနော် ပြောလိုက်တာ။ ဒါနဲ့ပတ်သက်ပြီးတာ့ ထပ်ပြီးရှင်းအောင်ပြောရမယ်ဆိုရင် ကျနော်က မကွေးတိုင်း ဒီမိုကရေစီအဖွဲ့ချုပ်မှာ တဦးတည်းသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ပေါ့။ ရွေးကောက်ပွဲပြီးတဲ့အခါမှာ မကွေးတိုင်းမှာ ကျနော် ဝန်ကြီးချုပ်ဖြစ်မယ်ဆိုပြီး နာမည်ကြီးတယ်ပေါ့၊ နာမည်ရနေတဲ့အချိန်မှာ ရေနံလက်ယက်တွင်းတွေကနေ မကွေးတိုင်းအတွက် ရန်ပုံငွေ ၂ ဒသမ ၈ ဘီလီယံ ရှိတယ်လို့ ကျနော် ကြားသိရတယ်။ ကြားသိရတဲ့အတွက် ကျနော် သေချာအောင် ပြန်မေးတယ်။ ဒါ နိုင်ငံတော်ဘဏ္ဍာဝင်ရမယ့် ကိစ္စဆို ဒါ ပြည်ထောင်စုကိုလွှဲရမှာ။ မကွေးတိုင်းအတွက် ရန်ပုံငွေ ဟုတ်ရဲ့လား၊ မကွေးတိုင်းအတွက် ရန်ပုံငွေ ဟုတ်ပါတယ်လို့ ဖြေပါတယ်။ နောက် ကျနော် မကွေးတိုင်းမှာ ဝန်ကြီးချုပ် ဖြစ်လာတယ်။ အဲဒီတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော် သတင်းရတဲ့ဆီကို စုံစမ်းတယ်။ စုံစမ်းတော့ မရေမရာ ဝိုးတိုးဝါးတား ဖြစ်နေတယ်။ အဲဒီလိုဖြစ်နေတဲ့အတွက် ဒီကိစ္စကို ရှင်းသထက်ရှင်းအောင် ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ်မြေ ကျနော့်ဇာတိပေါ့လေ။ ကျနော်က တိုင်းလွှတ်တော်ကိုယ်စားလှယ်ပေါ့။ ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းကို ဒါနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးပါလို့ မေးခိုင်းတယ်။ မေးခွန်းမေးတဲ့အတွက် ပြည်ထောင်စုဝန်ကြီးက ဖြေတာ။ မေး - အဲဒီတော့ နောက်ဆက်တွဲ အသေးစိတ် အချက်အလက်တွေဖြစ်တဲ့ ဘယ်သူ့ကို ခေါ်စစ်တယ်၊ ဘယ်တုန်းက စစ်တယ်ဆိုတာတွေ ဆရာက မသိဘူးပေါ့နော်။ ဖြေ - ကျနော်သိသလောက်ကတော့ စက်တင်ဘာလတုန်းက စစ်တာ။ စက်တင်ဘာ၊ အောက်တိုဘာတို့မှာ စစ်တယ်။ စစ်တာကလည်းပဲ တိုင်းအဆင့်က စစ်တယ်။ စစ်တာကလည်းပဲ ပြည်ထောင်စုဝန်ကြီးဌာနထက် ကျနော်တို့က စာနဲ့ လှမ်းလှမ်းမေးတယ်။ ရေနံလက်ယက်တွင်းတွေနဲ့ပတ်သက်ပြီး ဒီမှာ ကျနော်တို့ ရန်ပုံငွေကောက်ခံတာ ရှိသေးလား၊ မရှိဘူးလား။ ကျနော်တို့ကို အဲဒီလို မေးတာပေါ့။ မေးတော့ ကျနော်တို့က ပြန်ဖြေတယ်။ ဇွန်လ ၂ ရက်နေ့ကစပြီးတော့ လက်ယက်တွင်းတွေကို ပေ ၁၀၀၀ အထိ ကျနော်တို့ တူးခွင့်ပေးထားတယ်။ နောက်ပြီးတော့ မကွေးတိုင်းအတွင်းမှာ ရေနံချက်ဖို့ မရှိဘူး။ စစ်ကိုင်းတိုင်း၊ မုံရွာကို သွားပြီး ရေနံချက်ကြရတာ။ အဲဒါကြောင့်မို့ မကွေးတိုင်းကို ကျော်ဖြတ်တဲ့အခါကျတော့ တရားဝင် တူးတဲ့တွင်းတွေကနေ ရတာဖြစ်ကြောင်း ကျနော်တို့က ထောက်ခံပြီးတော့ ၁ ပေပါကို ၃၀၀၀ ရတယ်။ ၁ ပေပါ ၃၀၀၀ နဲ့ ကောက်တာ လစဉ် သန်း ၁၀၀ လောက် ရတယ်။ မကွေးတိုင်း လက်ယက်တွင်းတွေကနေ ရန်ပုံငွေ သန်း ၁၀၀ လောက် ရတယ်။ အဲဒါကြောင့် လက်ယက်တွင်းတွေအတွက် ရန်ပုံငွေ ဆက်ကောက်နေတယ်။ တလကို သန်း ၁၀၀ ခန့်ရတယ်လို့ အစီရင်ခံတယ်။ နောက်တခါ ၂ ဒသမ ၈ ဘီလီယံနဲ့ပတ်သက်ပြီးတော့လည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဘာတွေ စုံစမ်းစစ်ဆေးနေသလဲ။ ဘာတွေ ဆောင်ရွက်နေသလဲ ဆိုတာကို ပြည်ထောင်စုဝန်ကြီးဌာနက မေးတယ်။ မေးတဲ့အခါကျတော့ ကျနော်တို့က အကြောင်းပြန်တယ်။ ဒီကိစ္စရပ်သည် ငွေကြေးပမာဏကလည်း များတယ်။ မကွေးတိုင်းဒေသကြီးအစိုးရရဲ့ သြဇာအာဏာလောက်နဲ့ စုံစမ်းစစ်ဆေးနိုင်မယ်လို့ မထင်ဘူး။ ဒါကြောင့်မို့လို့ ပြည်ထောင်စုအဆင့်ကနေပြီး ဒါကို စုံစမ်းစစ်ဆေးဖို့ အကူအညီပေးပါလို့ ကျနော်တို့က အစိုးရကို အကြောင်းပြန်လိုက်တယ်။ အဲဒီလို အကြောင်းပြန်တဲ့အတွက် ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန အစီအစဉ်နဲ့ သူတို့က အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စ သုံးလုံးကို စက်တင်ဘာ၊ အောက်တိုဘာလထဲမှာ စုံစမ်းစစ်ဆေးခိုင်းတယ်။ သက်ဆိုင်ရာတွေကို စုံစမ်းစစ်ဆေးတယ်။ စ သုံးလုံးက လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေ၊ ကျနော်တို့ရတဲ့ အင်ဖော်မေးရှင်း source တွေ ကျနော်တို့တတ်နိုင်သမျှ ပေးတယ်။ စ သုံးလုံးက စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ ကျနော် မှတ်မိသလောက်က နိုဝင်ဘာလကုန်မှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုအစိုးရကို အစီရင်ခံစာတင်လိုက်ပြီ။ ဒီအစီအရင်ခံစာထဲမှာ ဘယ်သူတွေ ဘယ်ဝါတွေပါတယ်၊ ဘယ်သူတွေ အစစ်ဆေးခံရတယ်။ ဘယ်သူတွေ အလွဲသုံးစားလုပ်တယ်ဆိုတာ ကျနော်ကိုယ်တိုင်လည်း မသိဘူး။ မေး - ဒါဆိုရင် ဆရာက လက်လှမ်းမီသလောက် တချို့ကိစ္စတွေကိုတော့ ပြည်ထောင်စုအစိုးရကနေ စစ်မှ သိရတဲ့ကိစ္စတွေဆိုတော့ မကွေးတိုင်းဝန်ကြီးချုပ် တယောက်အနေနဲ့ ပါဝင်ပတ်သက်နိုင်တဲ့ အတိုင်းအဆဆိုရင် သူတို့က ၂ ဒသမ ၈ ဘီလီယံနဲ့ပတ်သက်လို့ ဖွံ့ဖြိုးရေးရန်ပုံငွေကို အမှန်တကယ် သုံးစွဲတယ်ဆိုတဲ့ ငွေစာရင်းရှင်းတမ်းမျိုး တစွန်းတစ တွေ့မိတာရှိလား ခင်ဗျ။ ဖြေ - အဲဒါတွေကတော့ ကျနော် မသိဘူး။ တချို့ဆိုရင် ရေနံထွက်တဲ့ ရွာတွေမှာ ဒီပိုက်ဆံတွေထဲကပဲ လျှပ်စစ်မီးရရှိရေးတို့၊ အလယ်တန်းကျောင်းဆောက်တာတို့ တော်တော်ကို ကြီးကြီးကျယ်ကျယ် လုပ်ကြတယ်လို့ ပြောတယ်။ တော်တော်လေးလည်း ရွာဖွံ့ဖြိုးတယ်လို့ ကြားတယ်။ သို့သော်လည်းပဲ ဘယ်သူတွေက ဘယ်လောက် ဒီပေါ်မှာ သုံးသွားတယ်၊ အလေအလွင့်တွေ ရှိတယ်၊ အမြတ်ထုတ်သွားတယ်၊ ဒါတွေ ကျနော် ဘာမှမသိဘူး။ ဒီအစီရင်ခံစာကို ကျနော့်ဆီလည်း မပို့ဘူး။ ကျနော်လည်း မဖတ်ရဘူးပေါ့။ မေး - ဟုတ်ကဲ့ပါ ဆရာ။ အခု တရုတ်ခရီးစဉ်နဲ့ပတ်သက်လို့ ထူးခြားတဲ့ ခရီးစဉ်၊ ဒါမှမဟုတ် ဆရာ တွေ့လာခဲ့တာနဲ့ပတ်သက်လို့ ကျနော်တို့ကို ပြောပြပေးပါဦး။ ဖြေ - အထူးခြားဆုံးကတော့ ကျနော်တို့ကို ဖိတ်တာက တရုတ်ပြည်ကွန်မြူနစ်ပါတီက ဖိတ်တာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိတ်တာ။ ကျနော်က အစိုးရကိုယ်စားလှယ်အနေနဲ့ သွားတာလည်း မဟုတ်ဘူး။ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အနေနဲ့လည်း ဖိတ်တာမဟုတ်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တယောက်အနေနဲ့ ဖိတ်တာ။ သိသာထင်ရှားတဲ့ အချက်တချက်ကို ကျနော် ပြောရမယ်ဆိုရင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို ကွန်မြူနစ်ပါတီကရော၊ အစိုးရအဖွဲ့ဝင်တွေကရော တော်တော်လေးကို မိတ်ဆွေရင်းချာလို ခင်မင်ရင်းနှီးချင်နေတယ်။ အင်မတန်ကို ဧည့်ဝတ်ကျေပွန်တယ်။ အဲဒါကို သိခဲ့ရတယ်။ သူတို့အနေနဲ့ ကျနော်တို့ဟာ တောင်အာရှ၊ အရှေ့တောင်အာရှကို ထွက်ပေါက်ဖြစ်တယ်ဆိုတာက အရင်တုန်းက လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကျော်လောက်ကတည်းက အဇီချွမ်ကနေ ယူနန်၊ ယူနန်ကနေ မြန်မာ၊ မြန်မာကနေ အိန္ဒိယ၊ အိန္ဒိယကနေ အနောက်ဥရောပ ပိုးလမ်းမကြီးဆိုတာ ရှိခဲ့ဖူးတာကိုး။ အဲဒီတော့ ကုန်သွယ်ရေးလမ်းကြောင်းအတွက် ယဉ်ကျေးမှုဖလှယ် မြှင့်တင်ကြဖို့၊ ကုန်သွယ်ဖလှယ်ကြဖို့၊ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒါတွေနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံနဲ့ အလွန်ကို မိတ်ဆွေဖြစ်ချင်တယ်ဆိုတဲ့ အနေအထားက သံသယရှိစရာ မလိုဘူး။ သွားတာလည်း အဖွဲ့ဝင် ၂၀ လောက်ရှိတယ်။ လေယာဉ်နဲ့ သွားရတယ်။ တည်းခိုခန်း တည်းရတယ်။ သူတို့ အလွန်အကုန်အကျခံပြီးတော့ ဖိတ်တာ။ ရင်းနှီးအောင် ကြိုးစားတဲ့သဘော ရှိတယ်။ ဒီလိုမျိုး သူတို့ မိတ်ဖြစ်ဆွေဖြစ် အင်မတန် ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံချင်တဲ့အနေအထားကို ကိုယ်က အခွင့်အရေးအဖြစ် အသုံးချနိုင်မယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွက်၊ ငြိမ်းချမ်းရေးအတွက်၊ တည်ငြိမ်ရေးအတွက် အများကြီး အထောက်အကူဖြစ်နိုင်တာပေါ့။ မေး - ဟုတ်ကဲ့ ဆရာ။ မြစ်ဆုံကဏ္ဍနဲ့ပတ်သက်လို့ရော ဆရာတို့ကို ကမ်းလှမ်းတာမျိုး၊ မသိမသာ ဖိအားပေးတာမျိုး ရှိလား။ ဖြေ - အဲဒါ ဘာမှမရှိဘူး။ မြစ်ဆုံကိစ္စ၊ လက်ပံတောင်းတောင်ကိစ္စ ဘာမှ မပြောခဲ့ဘူး။ သူတို့ပြောတာကတော့ တရုတ်ကွန်မြူနစ်ပါတီ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန ဝန်ကြီး၊ ပါတီမှာလည်း ဝန်ကြီးရှိတယ်။ အစိုးရဝန်ကြီး မဟုတ်ဘူး။ တရုတ်ကွန်မြူနစ်ပါတီဝန်ကြီး မစ္စတာဇောင်တောင်းက ပြောတာ။ တရုတ်ပြည် ကြွယ်ဝချမ်းသာလာတာ၊ ကြီးပွားတိုးတက်လာတာတွေကို အနားအိမ်နီးချင်းနိုင်ငံတွေကို ဖြန့်ဝေချင်ပါတယ်တဲ့။ အဲဒီစကားတော့ ပြောတယ်။ အဲဒီစကားအပေါ် ကောက်ပြီးတော့ ကျနော်က ဒီလိုမျိုးသဘောထားမျိုးကို ကျေနပ်အားရစရာ ကောင်းပါတယ်လို့။ ဒီလိုမျိုးလုပ်ရပ်ကြောင့် အိမ်နီးနားချင်းတွေသာမကဘူး။ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကအစ အာရှနိုင်ငံတွေရဲ့ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းသာယာရေး ဒါတွေအထိအောင် ဦးတည်သွားနိုင်တဲ့အတွက်ကြောင့် တရုတ်နိုင်ငံ ဒီလိုမျိုး သဘောထားတာ အင်မတန်ကောင်းပါတယ်လို့ ကျနော်က ပြောခဲ့တယ်။ မြစ်ဆုံကိစ္စ၊ လက်ပံတောင်းတောင်ကိစ္စ တခုမှ မပြောဘူး။ ကျနော်တို့ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မဖြေခဲ့ဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024