DVB Logo
Home
မြန်မာသတင်း
ဗိုလ်မှူး​ချုပ်​ဟောင်း​ကျော်​ဇော​ ၉၂ နှစ်ပြည့်​မွေး​နေ့မှာ မြန်မာ့​ဒီမိုက​ရေစီ​ရေး​ ဆု​တောင်း​ပေး
DVB
·
December 3, 2011
ဗိုလ်မှူး​ချုပ်​ဟောင်း​ကျော်​ဇော​ ၉၂ နှစ်ပြည့်​မွေး​နေ့မှာ မြန်မာ့​ဒီမိုက​ရေစီ​ရေး​ ဆု​တောင်း​ပေး
Donate to DVB

ရဲ​ဘော်သုံး​ကျိပ်ဝင် ဗိုလ်မှူး​ချုပ်​ဟောင်း​ကျော်​ဇောရဲ့​ အသက် ၉၂ နှစ်ပြည့်​မွေး​နေ့​ကို ဒီက​နေ့​တရုတ်-မြန်မာနယ်စပ်မှာ ကျင်း​ပသွား​တယ်လို့​မိသား​စုဝင်​တွေက ​ပြောပါတယ်။

ရဲ​ဘော်သုံး​ကျိပ်ဝင် ဗိုလ်မှူး​ချုပ်​ဟောင်း​ကျော်​ဇောရဲ့​ အသက် ၉၂ နှစ်ပြည့်​မွေး​နေ့

မွေး​နေ့​ အထိမ်း​အမှတ်အဖြစ် သံဃာ​တော်​တွေကို ဆွမ်း​ကပ်လှူဒါန်း​တာနဲ့​ တရုတ်နိုင်ငံ ​ရွှေလီမြို့​မှာ လာ​ရောက် အလုပ်လုပ်ကိုင်​နေတဲ့​ မြန်မာ အလုပ်သမား​တွေကို ထမင်း​ထုတ်​တွေ ​ဝေငှလှူဒါန်း​တာ​တွေ ပြုလုပ်ခဲ့​တယ်လို့​ သိရပါတယ်။

ဗိုလ်မှူး​ချုပ်​ဟောင်း​ကျော်​ဇောက​တော့​ မြန်မာနိုင်ငံနဲ့​ပြည်သူပြည်သား​တွေ ဒီမိုက​ရေစီ အမြန်ရပါ​စေလို့​ ဆု​တောင်း​ပေး​တဲ့​အ​ကြောင်း​ ဒီဗွီဘီကို ​ပြောပါတယ်။ ဒါ့​အပြင် သူ့​ရဲ့​လက်ရှိ ကျန်း​မာ​ရေး​ အ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​ “ကျ​နော်ကျန်း​မာ ပါတယ်။ အား​လုံး​လည်း​ ကျန်း​မာကြပါ​စေလို့​ ဆု​တောင်း​ပါတယ်”လို့​ ​ပြောကြား​ခဲ့​ပါတယ်။

ဗိုလ်မှူး​ချုပ်​ဟောင်း​ ​ကျော်​ဇောဟာ အိုမင်း​မစွမ်း​ ဖြစ်လာလို့​ မြန်မာပြည်သူ​တွေရဲ့​ လွတ်​မြောက်​ရေး​ ဆက်မလုပ်နိုင်​တော့​တဲ့​အတွက် စိတ်မ​ကောင်း​ ဖြစ်​နေတယ်လို့​လည်း​ သမီး​ဖြစ်သူ ​ဒေါက်တာလှ​ကျော်​ဇော်က ​ပြောပြပါတယ်။

“ဗမာပြည်ရဲ့​ သတင်း​တွေထဲက သတင်း​ကောင်း​လေး​တွေလည်း​ ကြား​ရ​တော့​ ဝမ်း​သာပါတယ်။ သတင်း​တွေကို​တော့​ မပြတ် နား​ထောင်ပါတယ်။ သူက အိုမင်း​မစွမ်း​ ဖြစ်လာ​တော့​ ပြည်သူလူထု​တွေရဲ့​ လွတ်​မြောက်​ရေး​အတွက် ဘာမှ ဆက်မလုပ်နိုင်တာကို သူစိတ်မ​ကောင်း​ဘူး​။ ကျမတို့​ တမိသား​စုလုံး​၊​ နိုင်ငံခြား​ရောက်​နေတဲ့​ ရဲ​ဘော်​တွေ အား​လုံး​က ဗမာပြည်ကို သိပ်ကို ပြန်ချင်ပါတယ်။ တ​နေ့​ ပြန်​ရောက်လိမ့်​မယ်လို့​လည်း​ ယုံကြည်ပါတယ်။ ဒါ​ပေမယ့်​ အခုအ​ခြေအ​နေ​တော့​ မဟုတ်​သေး​ဘူး​။”

ဗိုလ်မှူး​ချုပ်​ဟောင်း​ကျော်​ဇောဟာ မြန်မာ့​တပ်မ​တော်ကို ထူ​ထောင်ရာမှာ ဗိုလ်ချုပ် ​အောင်ဆန်း​နဲ့​ အတူပါဝင်ခဲ့​ပြီး​ ယ​နေ့​တိုင် သက်ရှိထင်ရှား​ရှိ​နေတဲ့​ ရဲ​ဘော်သုံး​ကျိပ်ဝင် ၂ ဦး​အနက် တဦး​ ဖြစ်ပါတယ်။

၁၉၁၉ ခု ဒီဇင်ဘာ ၃ ရက်​နေ့​မှာ သာယာဝတီခရိုင် သုံး​ဆယ်မြို့​နယ် ဆိုင်း​စုရွာမှာ အဖဦး​ပန်း​ အမိ​ဒေါ်တင့်​တို့​က ​မွေး​ဖွား​ခဲ့​ပါတယ်။ ၁၉၄၁ ခုနှစ်မှာ ဂျပန်ပြည်ကို စစ်ပညာသင်ကြား​ဖို့​ ရဲ​ဘော်သုံး​ကျိပ်ဝင်အဖြစ် လိုက်ပါသွား​ခဲ့​ပါတယ်။ ၁၉၅၃ ခုမှာ ကွန်မင်တန် တရုတ်ဖြူတပ်များ​ ကျူး​ကျော်မှုကို ဦး​ဆောင် တွန်း​လှန် တိုက်ခိုက်ခဲ့​သူတဦး​ ဖြစ်ပါတယ်။

၁၉ရ၆ ခုမှာ​တော့​ ဗမာပြည်ကွန်မြူနစ်ပါတီ အ​ခြေစိုက်ရာ တရုတ်နယ်စပ်ကို မိသား​စုနှင့်​အတူ ထွက်ခွာလာခဲ့​ပြီး​ ၁၉ဂ၉ ခုနှစ် ဗကပ ပြိုကွဲချိန်ကစပြီး​ ယူနန်ပြည်နယ် ကူမင်း​မြို့​မှာ ခုချိန်ထိ ခိုလှုံ​နေထိုင်​နေတာပါ။

မြန်မာ့​တပ်မ​တော်ကို ပြည်သူ့​တပ်မ​တော်အဖြစ် မကွယ်လွန်ခင် မြင်​တွေ့​လိုတဲ့​ အ​ကြောင်း​ အခါအား​လျော်စွာ တိုက်တွန်း​ ​ပြောကြား​လေ့​ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013