Home
မြန်မာသတင်း
YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခ ပိုကောက်ခံမှု စာရင်းပြုစု အရေးယူမည်
DVB
·
January 18, 2017
ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေ ယာဉ်စီးခပိုကောက်ခံတာကို စာရင်းပြုစုတာတွေ လုပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ရန်ကုန်မှာ လက်ရှိပြေးဆွဲတေဲ့ YBS ယာဉ်လိုင်းစနစ်မှာ ယာဉ်လိုင်းတွေအားလုံး စုပေါင်းပြီး ဝင်ငွေကို မျှဝေယူဆောင်တဲ့ စနစ်လုပ်ဆောင်နေပါတယ်။ အဲဒီမှာ YBS ယာဉ်လိုင်းတချို့ ယာဉ်စီးခ ပိုမိုတောင်းခံတာနဲ့ ပတ်သက်လို့ အရေးယူဖို့ရှိ၊ မရှိ မေးမြန်းတာကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စာရင်းကောက်ယူနေတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ စာရင်းတွေ လုပ်ခိုင်းထားပါတယ်။ နောက်တချက်က ဒီညနေမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေပြီးတော့ စုပုံရှင်းဖို့အတွက် လမ်းကြောင်းနဲ့ကား လာပါလိမ့်မယ်။ အမြန်ဆုံးရှင်းပေးနိုင်ဖို့အတွက်လေ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က FAW ကားတွေပေါ်မှာ တက်စီးလို့ရပါတယ်။ လမ်းကြောင်းတွေကို ကျနော်တို့ ချပေးပါမယ်။” စုပေါင်းမျှဝေယူတဲ့ စနစ်ကနေ နောက်တဆင့်အနေနဲ့ အများပိုင်စနစ်ကို သွားမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ ယာဉ်အားလုံးကို အသစ်လဲလှယ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ယာဉ်ပိုင်ရှင်တွေနဲ့ လက်ရှိယာဉ်လုပ်သားတွေ စီးပွားရေး အခက်အခဲဖြစ်မှာစိုးတာကြောင့် အရင်ယာဉ်ဟောင်းတွေနဲ့ ပြန်လည်ပြေးဆွဲခြင်းဖြစ်ကြောင်း၊ အဲဒီအပေါ်မှာ စိတ်ရှည်သည်းခံပေးဖို့လိုပြီး ပြည်သူတွေ၊ ယာဉ်လုပ်သားတွေအနေနဲ့ YBS စနစ် အောင်မြင်ဖို့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။ ခရီးသည်တချို့ကတော့ ယာဉ်စီးခပိုကုန်နေတာကြောင့် ဝေဖန်တာတွေရှိနေပြီး ပြည်သူတွေအနေနဲ့ ဝိုင်းကူညီတာထက် အစိုးရက စနစ်တကျလုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။ “သူတို့က စမ်းသပ်တဲ့သဘောပေါ့။ အဲဒီတော့ ပြည်သူတွေက ဘာမှ ကူညီလို့မရဘူးလေ။ အစိုးရအပိုင်းမှာ သေချာလုပ်မှ ပြည်သူလူထု ခရီးသွားတဲ့လူတွေပဲ။ အရင်တုန်းက ၂၀၀ နဲ့ ရောက်တယ်။ အခု စံပြမှာ ဆင်းခိုင်းပြီးတော့ ၂၀၀ ထပ်ပေးရတယ်။ ဒီအထိ စီးလာတဲ့ကားကလည်း အဲယားကွန်းလည်းမရှိ၊ အလုံပိတ်ထားတယ်။ အသက်ရှူကြပ်လို့ သေတော့မလိုဖြစ်လို့ ဆင်းသွားတယ်။ အမှန်ဆို ဆင်းရမှာက ပန်းဆိုးတန်းမှတ်တိုင် ဆင်းရမှာ။ မခံနိုင်တော့လို့” လို့ တာမွေမြို့နယ်နေ ဦးခွန်မောင်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဟာ ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်မှာ သခင်မြပန်းခြံကနေ ဆူးလေဘုရားအထိ YBS ယာဉ်လိုင်း ၅၆ စီးပြီး YBS စနစ်ကို ကွင်းဆင်းလေ့လာခဲ့ပါတယ်။ သခင်မြပန်းခြံဟာ ကားဂိတ် ၈ ခုလောက် ရှိတာကြောင့် ပြည်သူတွေအတွက် အမိုးအကာရစေဖို့ ပြန်လည်ပြင်ဆင်တာတွေ လုပ်ဖို့ရှိတယ်လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။ “ကျနော်တို့မှာရှိတဲ့ ကားအရေအတွက်နဲ့ ပြည်သူလူထုက မညီမျှဘူးလို့ ကျနော် မြင်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာရှိတဲ့ ကားအရေအတွက် ၃၀၀၀ ကျော်လုံး အကုန်ထွက်နေတယ်။ ဒါပေမယ့် ဒီလိုမျိုး လူအစု အစု ဖြစ်တယ်ဆိုတာ ယခင်တုန်းကလည်း ဆူးလေတို့၊ ပန်းဆိုးတန်းတို့မှာ ဖြစ်တယ်ပေါ့ဗျာ။ ဒါပေမယ့် ဒီဟာ ဖြစ်လို့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရုံးတက် ရုံးဆင်းချိန်မျိုးမှာ ဖြစ်တယ်။ ကျောင်းတက် ကျောင်းဆင်းချိန်တွေဆို ဖြစ်တယ်။ ဒါကို ပြေလည်ဖို့အတွက် ကျနောတို့ ဖေဖော်ဝါရီလကုန်လောက်မှာ ကားအသစ်တွေ ရောက်လာဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။” YBS ကို စနစ်သစ်တခုအနေနဲ့သာ ပြောင်းလဲလုပ်ဆောင်နိုင်ပြီး အဆင့်မြှင့်တင်တာတွေကို ၃ လ ၁ ကြိမ်လုပ်ဖို့ရှိပါတယ်။ လက်ရှိမှာ ယာဉ်လိုင်းပေါင်း ၆၈ လိုင်းရှိနေပြီး ၃ထောင်ကျော် ပြေးဆွဲနေပါတယ်။ အဲဒီယာဉ်လိုင်းတွေကို မြို့ပြင် ပုံသေငွေကျပ် ၂၀၀ နဲ့ မြို့တွင်း ပုံသေငွေကျပ် ၁၀၀ သာ ယာဉ်စီးခပေးရမှာလို့ တရားဝင်သတ်မှတ်ထားပေမယ့် လက်ရှိမှာ မြို့တွင်း ၂၀၀ ကျပ်နဲ့ မြို့ပြင်က ယာဉ်လိုင်းတချို့ဟာ ငွေကျပ် ၆၀၀ အထိ တောင်းခံနေပါတယ်။ စိုးမိုးအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024