A d v e r t i s e m e n t With Us

ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့  မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆင်နွှဲ

ဒီကနေ့ကျရောက် ကမ္ဘာ့အေအိုင်ဒီအက်စ်ခေါ် ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မြန်မာအလုပ်သမား အများအပြားနေထိုင်တဲ့ ထိုင်းနိုင်ငံ မဲဆောက်နဲ့ ချင်းမိုင်မြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။ ကမ္ဘာတ၀ှမ်းလုံးအတွက် ကုလသမဂ္ဂက ချမှတ်ပေးထားတဲ့ အေအိုင်ဒီအက်စ်ရောဂါ လုံးဝကင်းစင် ပပျောက်ရေး  Getting to Zero  ဆိုတဲ့ ဆောင်ပုဒ်ကို အဓိကထားပြီး လှုံ့ဆော်ခဲ့ကြတယ်လို့ ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကူညီပေးနေတဲ့  မက်ဖောင်ဒေးရှင်းက အေအိုင်ဒီအက်စ် ကာကွယ်ရေး စီမံကိန်းတာဝန်ခံ  မနာမင်းရှင်းက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်  မဲဆောက်မြို့မှာ  ဒီမနက် ၈ နာရီခွဲကနေ မွန်းလွဲပိုင်းထိ CDC ကလေးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှာ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ကို ကျောင်းသားလူငယ်တွေ  ကျင်းပခဲ့ပါတယ်။ ဒါ့ပြင်    ရွှေ့ပြောင်းအလုပ်သမားတွေ အပါအ၀င် မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊  အန်ဂျီအိုအမှုထမ်းတွေ စုစုပေါင်း ၇၀၀ လောက်ဟာ အေအိုင်ဒီအက်စ် အထိမ်းအမှတ်နေ့အဖြစ်  မြို့ထဲလမ်းလျှောက်ခဲ့ကြတယ်လို့ ဒီနှစ်လှုပ်ရှားမှုမှာ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီဝင် တဦးဖြစ်တဲ့ ဆရာဦးရွှေနှင်းက ပြောပြပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာလည်း  မက်ဖောင်ဒေးရှင်း၊ အဲမ်ပါဝါ၊ အမ်ပလပ်စ် စတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သမားအရေးကို ဦးစားပေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့လောက် ပါဝင်ပြီး မော်တော်ဆိုင်ကယ်နဲ့ စီတန်းကာ လူစည်ကားရာ စာသင်ကျောင်းနဲ့ ဈေးတွေမှာ ပိုစတာတွေ၊ ကွန်ဒုံးတွေ ဖြန့်ဝေခဲ့ပြီး ​air port plaza ကုန်တိုက်ကြီးရှေ့မှာ အခမ်းအနား ကျင်းပခဲ့ပါတယ်။ မက်ဖောင်ဒေးရှင်းအဖွဲ့ဝင် စိုင်းဟတ်မိုင်းက ဒီရောဂါ ပပျောက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရမယ်လို့ ပြောပါတယ်။ “ထိုင်းအစိုးရ တမျိုးတည်းမဟုတ်ဘူး ထိုင်းလူမျိုး တဖွဲ့တည်းမဟုတ်ဘူး ကျနော်တို့ ရွေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အားလုံးပူးပေါင်းပါဝင် လုပ်ပါမှပဲ ကျနော်တို့ လိုလားတဲ့ မျှော်လင့်ချက်ပန်းတိုင်ကို ရောက်နိုင်မယ်လို့ ဒီရည်ရွယ်ချက်နဲ့ လာရောက် ပူးပေါင်းခြင်း ဖြစ်ပါတယ်။” ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားပေါင်း ၂ သန်းကျော်ရှိပြီး  အေအိုင်ဒီအက်စ် ဝေဒနာရှင် အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။ မှတ်ပုံတင် အထောက်အထား လက်မှတ်မရှိတဲ့ အလုပ်သမာူးတွေက ရောဂါ ဖြစ်နေတာကို မပြောရဲဘဲ သိုသိပ် လျှို့ဝှက်နေတတ်ကြကြောင်း၊ ဒါပေမယ့် စည်းရုံးလှုံ့ဆော်မှုတွေကြောင့် အရင်ကထက်စာရင် အလုပ်သမားတွေဟာ  အိပ်ခ်ျအိုင်ဗွီပိုး စစ်ဆေးမှု ခံယူတဲ့နေရာမှာ သတ္တိရှိလာပြီး ကွန်ဒုံး သုံးလာသလို ရောဂါနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း မေးမြန်းရဲလာတယ်လို့ မက်ဖောင်ဒေးရှင်းက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up