Home
မြန်မာသတင်း
ပြည်တွင်းစစ်​ ချက်ချင်းရပ်ရန် တိုင်းရင်းသားအင်အားစု တောင်းဆို
နော်နိုရင်း
·
December 1, 2011
အစိုးရအနေနဲ့ ကချင်ပြည်နယ်နဲ့​ တိုင်းရင်းသားပြည်နယ်တွေမှာ​ ​ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပွဲတွေကို ချက်ချင်းရပ်ပေးဖို့ တိုင်းရင်းသားလူမျိုးစု ဒီမိုကရစီ​ အင်အားစုများက ပန်ကြားလွှာ ပေးပို့ တောင်းဆိုလိုက်ပါတယ်။ ပန်ကြားလွှာ ပေးပို့ရာမှာ ပါဝင်တဲ့  မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ခုလို ပြောပါတယ်။ “ကချင်ဒေသမှာ နေ့တိုင်းလို တိုက်ပွဲ ဖြစ်နေတယ်လေ။ ရွာမီးရှို့တယ်၊ အမျိုးသမီးတွေကို မတရားပြုကျင့်တယ်၊ ပေါ်တာဆွဲတယ်၊ ပြည်သူတွေက ထွက်ပြေးပြီးတော့ နေရတယ်။ တရုတ်ပြည်ကလည်း ပေးမဝင်တော့ အတိဒုက္ခ​ ဖြစ်နေတယ်။ ဒုက္ခသည်စခန်းမှာလည်း စားမှုနေမှု အကုန်လုံး မလုံမလောက် ဖြစ်နေတယ်​။ အခက်အခဲ​ တွေ့နေတယ်။ ဒီလို လူ့အခွင့်အရေးတွေ ချိုးဖောက်တာ ပြီးသွားအောင်၊ စစ်ပွဲပြီးသွားအောင် နှစ်ဖက် တွေ့ဆုံဆွေးနွေးရေး လုပ်ပါလို့။ စစ်ရေးအရ ဖြေရှင်းတာ မပြီးနိုင်ဘူး​။ နိုင်ငံရေးအရ ဖြေရှင်းပါဆိုတဲ့ သဘောပါပဲ။” လက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် သောင်းနဲ့ချီတဲ့ ကချင်ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနား၊ ၀ိုင်းမော်၊ လိုင်ဇာ စတဲ့မြို့တွေမှာ အရပ်သားတွေကို အစိုးရတပ်က ပေါ်တာဆွဲတာ၊ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်တာတွေ လုပ်နေတယ်လို့ တိုင်းရင်းသားအင်အားစုရဲ့ ပန်ကြားလွှာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားနေတာကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးနေပြီး ကချင်ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးတာ၊ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း လုယူသိမ်းပိုက်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ အစိုးရအနေနဲ့ လတ်တလောမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့်လည်း ဒါဟာ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်တာ မဟုတ်ဘဲ တရုတ်နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စီးပွာရေးတွေ မပျက်ပြားအောင် အကွက်ဆင်လုပ်ဆောင်တာလို့ နိုင်ငွေသိမ်းက ပြောကြားပါတယ်။ “ကချင်ပြည်နယ်ထဲမှာက တရုတ်နဲ့ သူနဲ့ ပူးပေါင်းလုပ်ထားတဲ့ အရင်းအနှီး အများကြီး ရှိတယ်။ အဲဒီဟာကို အကောင်အထည် ဖော်ချင်တဲ့ ဆန္ဒရှိတယ်။ ဒါကြောင့်မို့ ဝ ကိုလည်း နယ်ခြားစောင့်တပ် အကြောင်းမပြောဘဲနဲ့ အပစ်အခတ်ရပ်စဲဖို့ သွားပြောထားတယ်။ အက်စ်အက်စ်အေ၊ ဒီကေဘီအေလည်း အဲဒီလိုပဲ လုပ်ပြီးတော့ ကချင်ပြည်နယ်ထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ကို အပြတ်ချေမှုန်းပြီးတော့ ရေအားလျှပ်စစ်တွေ လုပ်ဖို့အတွက် စစ်တိုက်နေတယ်။ တရုတ်ကလည်း မသိမသာပေါ့ဗျာ ဒုက္ခသည်ကို လက်မခံဘူး။ အဓိပ္ပာယ်က သူတို့ အပြတ်ချေမှုန်းဖို့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေကို သူက ငြိမ်းချမ်းရေး လုပ်တယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024