ကလေးမြို့တွင် စိတ်ကြွဆေးပြား သုံးထောင်ကျော် ဖမ်းမိ
DVB
·
January 17, 2017
ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်းက ကလေးမြို့ တောင်ဖီလာလမ်းမှာ စိတ်ကြွရူးသွပ်ဆေးပြား အပြား သုံးထောင်ကျော်ကို ဖမ်းဆီးမိခဲ့တယ်လို့ ကလေးမြို့ မူးယစ်တပ်ဖွဲ့စု-၅ တပ်ဖွဲ့စုမှူး ဒုရဲမှူး တင်စိုးက ပြောပါတယ်။
“ကျနော်တို့အနေနဲ့ ဆေးပြားတွေ သယ်ဆောင်လာမယ် သတင်းရလို့ ကျနော်တို့တပ်ဖွဲ့နဲ့ ကလေးခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့ပေါင်းပြီး တောင်ဖီလာဘက်လမ်းမှာ စောင့်နေခဲ့တာ။ အဲဒီမှာ မင်္သကာစရာတွေ့လို့ အမျိုးသားတဦးကို ရှာဖွေလိုက်တော့ သူ့ဂျာကင်အိပ်ထဲက ဆေးပြားတွေ တွေ့တာနဲ့ တခါတည်း ဖမ်းဆီးခဲ့တာ ဖြစ်တယ်” လို့ ဒုရဲမှူးတင်စိုးက ပြောပါတယ်။
ကြိုတင်သတင်းပေးအရ သက်သေတွေနဲ့အတူ ကလေးမြို့၊ တာဟန်းရပ်ကွက် တောင်ဖီလာလမ်းနဲ့ စိန်ပန်းမြိုင်လမ်းကြား ဗိုလ်ချုပ်လမ်းမပေါ်မှာ ဆေးပြားသယ်ဆောင်ခဲ့သူကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ဆေးပြား သယ်ဆောင်လာသူမှာ ကလေးမြို့နေ ဦးဂိုဆွင်မုန် ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။
ဦးဂိုဆွင်မုန်ရဲ့ အနက်ရောင်ဂျာကင် အိပ်ကပ်အတွင်းက 88-1 စာတမ်းပါ အိတ် ၁၈ ထုပ်နဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေး ၃၅၂၀ ပြားအား ဖမ်းဆီးရမိခဲ့တာကြောင့် သယ်ဆောင်လာသူ ဦးဂိုဆွင်မုန်ကို ဒုရဲမှူးတင်စိုးကိုယ်တိုင်က အမှုဖွင့်ခဲ့ပြီး အမြန်တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မင်းရဲစစ်နိုင်