မြန်မာအလုပ်သမားတန်းလျားအနီး ဂက်စ်ပေါက်ကွဲ၊ ကား ၁ စီး မီးလောင်
DVB
·
January 16, 2017
ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ယမန်နေ့က ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပွါးပြီး ဟိုင်း လပ်ကားတစ်စီးလုံး မီးလောင်ကာ အိမ်ခန်းအနည်းငယ်ထိခိုက်ပျက်စီးခဲ့တယ်လို့ မန်နေဂျာ အွန်လိုင်း ထိုင်သတင်းမှာ ဖော်ပြပါတယ်။
ဇန်န၀ါရီ ၁၅ ရက် နေ့ခင်းပိုင်းက မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက်ရှိ မြန်မာအလုပ်သမားတွေ နေထိုင်ရာ ကုန်လှောင်ရုံတခုအနီးမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရတဲ့အတွက် မီးသတ်နဲ့ ကယ်ဆယ်ရေးကို အမြန်ဆုံးသွားရောက်ကူညီပေးဖို့ ညွှန်ကြားခဲ့တာလို့ မဲဆောက်မြို့နယ်မှူး နိုင်းထနယုဒ် ဘန်ခေါင်က သတင်းထောက်တွေကို ပြောပါတယ်။
မီးလောင်ရခြင်းမှာ တန်းလျားအနီးရပ်ထားတဲ့ ဟိုင်းလပ်ကားတစ်စီးနောက်ခန်းထဲ ထည့်ထားတဲ့ မီးဖိုချောင်သုံး ဂက်စ်အိုးက ပေါက်ကွဲတာဖြစ်ပြီး ပေါက်ကွဲစဉ်က ကားရှေ့ခန်းမှာ ကလေးငယ်တဦး ရှိနေကြောင်း၊ ကလေးငယ်ကို ကားထဲကနေ အချိန်မီခေါ်ထုတ်နိုင်ပေမယ့် အဆိုပါ ကားတစ်စီးလုံး မီးလောင်သွားသလို အိမ်ခန်းကိုလည်း အနည်းငယ် ကူးစက်လောင်ကျွမ်း သွားတယ်လို့ ဆိုပါတယ်။
ဂက်စ်အိုးပေါက်ကွဲရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းမေးမြန်းဆဲလို့ မြို့နယ်မှူးက ပြောပါတယ်။
ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း