DVB Logo
Home
မြန်မာသတင်း
စစ်ပြေးဒုက္ခသည်များအတွက် လူမှုရေးအဖွဲ့များ ကူညီ
DVB
·
December 1, 2011
စစ်ပြေးဒုက္ခသည်များအတွက် လူမှုရေးအဖွဲ့များ ကူညီ
Donate to DVB

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်​ ​ထောင်ပေါင်းများစွာကို အကူအညီပေးဖို့ ရန်ကုန်၊ မန္တလေးက လူမှုရေးအဖွဲ့တွေ လာမယ့် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ သွားရောက်မယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်း၊ ၈၈ မျိုးဆက်​ ​ကျောင်းသားများအဖွဲ့၊ မန္တလေးက ဘ၀အလင်း ပရဟိတအသင်း၊ ကလေးချစ်သူများ ကွန်ရက်တို့က မြစ်ကြီးနားနဲ့ ၀ိုင်းမော်ဒေသတ၀ိုက်က ဒုက္ခသည်တွေဆီ အဓိကသွားရောက်ဖို့ ပြင်ဆင်နေတာပါ။

လာမယ့် စနေနေ့မှာပဲ မန္တလေးမြို့ကနေ မြစ်ကြီးနားကို သွားရောက်မယ့် အဖွဲ့ကို ဦးဆောင်တဲ့ မန္တလေးမြို့က ဘ၀အလင်း ပရဟိတအသင်းရဲ့ ဦးဆောင်ဆရာတော် ဦးဥတ္တမ သာရက အခုလို မိန့်ကြားပါတယ်။

“ရန်ကုန်က နာရေးကူညီမှုရယ်၊  ဦးဇင်းတို့ရယ်၊ နောက်ပြီးကျတော့ ၈၈ ကျောင်းသား​ အဖွဲ့ရယ်ပေါ့ သူတို့နဲ့ ဦးဇင်းတို့အားလုံး ၃ ဖွဲ့ ပေါင်းပြီးတော့ သွားတာပေါ့။ ရန်ကုန်နာရေးကတော့ သိန်း ၂၀၀ မတည်တာပေါ့။ ဦးဇင်းတို့ ငွေသား ၇၀ လောက်တော့ပါမယ်။ ပစ္စည်းက ဆပ်ပြာ၊ ကျောင်းသုံးစာအုပ်၊ ကလေးတွေအတွက် မုန့်၊ ဆေးပစ္စည်းတွေနဲ့ ဆရာဝန်တွေနဲ့ ပါမယ်။ ပိုက်ဆံပေါ့ အဓိက ကတော့။ ဟိုကျမှ စောင်တို့ အနွေးထည်တို့ ထပ်ဝယ်မယ်။”

မြစ်ကြီးနားနဲ့ ၀ိုင်းမော်တ၀ိုက်က ခရစ်ယာဉ်ဘုရားကျောင်းတွေမှာရှိတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၁ သောင်းဝန်းကျင်ဆီကို သွားရောက်ဖို့​ ရည်ရွယ်တယ်လို့ ဦးဥတ္တမ သာရက မိန့်ကြားပါတယ်။

စနေနေ့အဖွဲ့မှာ လိုက်ပါသွားမယ့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမြတ်သူကလည်း အခုလို ပြောပါတယ်။

“မြန်မာဘက်က ပြည်သူတွေလည်း အလှမ်းဝေးနေတော့လေ သူတို့လည်း အာရုံစိုက်လာအောင် ဒီ ကချင်ပြည်သူတွေအပေါ်မှာ လူသားချင်း ကူညီတဲ့ဟာတွေကို ပေးပြီးတော့မှ စစ်ဘေးဒဏ်သင့်တဲ့ ပြည်သူတွေဘက်က နေပြီးတော့မှ ရပ်တည်တဲ့ဟာကိုလည်း နည်းနည်း ပြတာပေါ့။ ကချင်ပြည်သူတွေ ဘက်က ကျနော်တို့ ရပ်တည်ပြပြီးတော့မှ ငြိမ်းချမ်းရေးအတွက် ပြည်တွင်းစစ် ရပ်စဲရေးအတွက်ကို ကျနော်တို့က သွယ်ဝိုက်တဲ့နည်းနဲ့ တောင်းဆိုတဲ့သဘောပါပဲ ခင်ဗျ။”

အလားတူ မန္တလေးမြို့ လူမှုရေးအဖွဲ့ငယ် ၁၀ နဲ့ဖွဲ့ထားတဲ့ ကလေးချစ်သူများ ကွန်ရက်ကလည်း လာမယ့် တနင်္ဂနွေနေ့မှာ မြစ်ကြီးနားကို သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

“မြစ်ကြီးနားကို ရောက်မှပဲ။ အဲဒီကနေ ဒေသခံတွေရဲ့ သူတို့ရဲ့ နယ်မြေနဲ့ ကျနော်တို့ သွားလို့ရမယ့် နေရာအထိတော့ သွားမယ်ပေါ့။ သူတို့ခွင့်ပြုနိုင်တဲ့ နေရာမျိုးထိတော့ ကျနော်တို့ ရောက်အောင်သွားမယ်။ အနွေးထည်တို့၊ စောင်တို့ လက်ရှိ ကျနော်တို့ ကွန်ရက်အနေနဲ့ ရထားတာ သိန်း ၂၀ ပတ်ဝန်းကျင်လောက် ရှိပါတယ်။ ”

ကချင်ပြည်နယ်တွင်း တိုက်ပွဲကြောင့် ဒေသခံ ၅ သောင်းဝန်းကျင် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒုက္ခသည် အကူအညီပေးရေး အဖွဲ့တွေနဲ့ ကချင်လူမှုအဖွဲ့တွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013