Home
မြန်မာသတင်း
မြိတ်မြို့ရှိ ဂျပန် သင်္ချိုင်းဟောင်းကို ပြန်လည် ပြုပြင်ထိန်းသိမ်းမည်
DVB
·
January 15, 2017
မြိတ်မြို့မှာ နှစ်ပေါင်း ၈၀ လောက် သက်တမ်းရှိ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်တွေနဲ့ ဂျပန်လူမျိုးတွေကို မြှုပ်နှံထားတဲ့ တခုတည်းသော ဂျပန်သင်္ချိုင်းဟောင်းနဲ့ အုတ်ဂူတွေကို တိုင်းအစိုးရရဲ့ ဘတ်ဂျက်ငွေနဲ့ ပြန်လည်ထိန်းသိမ်း ပြုပြင်သွားမှာ ဖြစ်ပါတယ်။ မြိတ်မြို့နယ်၊ တပ်ပြင်ရပ်ကွက်ရှိမှာ တည်ရှိတဲ့ ဂျပန်သင်္ချိုင်းကို လက်ရှိမှာ ဂျပန်လူမျိုးတွေ လာရောက် လေ့လာနိုင်ဖို့အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက်ငွေနဲ့ ထိန်းသိမ်း ပြုပြင်သွားမယ်လို့ မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပါတယ်။ ဂျပန်သင်္ချိုင်းဟောင်း မြေနေရာကို ဇန်န၀ါရီ ၁၃ ရက်က တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က သွားရောက် ကြည့်ရှုစစ်ဆေးပြီး မြိတ်မြို့ကို ဂျပန်လူမျိုးတွေ စိတ်ဝင်တစား လာရောက် လေ့လာနိုင်တဲ့ တခုတည်းသော နေရာအဖြစ် ဂျပန်သင်္ချိုင်းကို ထိန်းသိမ်း ပြုပြင်ရေး ဆောင်ရွက်ဖို့ ၀န်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့တယ်လို့ ဦးမြတ်ကိုကိုက ရှင်းပြပါတယ်။ ဂျပန်သင်္ချိုင်းမြေနေရာဟာ ၀.၄၃ ဧကလောက်ရှိပြီး ထိန်းသိမ်း ပြုပြင်နိုင်ဖို့အတွက် လျှောက်လမ်းတွေ၊ ပန်းအိုးတွေ၊ ခြံနွယ်တွေနဲ့ သစ်ကိုင်ဆွေးတွေကို ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အဆိုပါသင်္ချိုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့တဲ့ ဂျပန်စစ်သည်တွေနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကျန်ခဲ့တဲ့ ဂျပန်လူမျိုးတွေကို မြှုပ်နှံထားတယ်လို့ သိရပါတယ်။ ၁၉၇၂ ခုနှစ်က မြိတ်မြို့နေ ဦးပုက ဂျပန်သင်္ချိုင်းမှာ ခြုံနွယ်များ ဖုံးလွှမ်းနေလို့ အမြင်မတော်ရာမှ သန့်ရှင်းရေး လုပ်ပေးခဲ့ကြောင်း၊ ဒီနောက် နှစ်စဉ် လာရောက် ကန်တော့နေတဲ့ ဂျပန်လူမျိုး မိသားစုတွေက သင်္ချိုင်း ထိန်းသိမ်း ပြုပြင်ပေးဖို့ ဦးပုကို တာဝန် ပေးခဲ့ကြောင်း သမီးဖြစ်သူ ဒေါ်သီတာက ပြောပါတယ်။ “အုတ်ဂူတွေကို ကျမတို့အဖေ ဦးပုကို ထိန်းသိမ်းဖို့ တာဝန်ပေးခဲ့တာ ချုံနွယ်တွေနဲ့ သစ်ပင်တွေကို ရှင်းလင်းပေးဖို့ သူတို့ ခိုင်းပါတယ်။ ဒီအထဲမှာရှိတဲ့ အုတ်ဂူတွေကို ဆေးသုတ်တာတို့ ပြန်လည်ပြုပြင်တာတွေ လုံးဝမလုပ်ခိုင်ပါဘူး။ ဒီအတိုင်ပဲ ရှိနေတာကိုပဲ သူတို့ မြင်ချင်တယ်” လို့ ဂျပန်သင်္ချိုင်းကို ထိန်းသိမ်းစောင့်ရှာက်နေတဲ့ ဦးပုရဲ့သမီးဖြစ်သူ ဒေါ်သီတာက ရှင်းပြပါတယ်။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့လက ဂျပန်နိုင်ငံကို သွားရောက် လေ့လာပြီး ဂျပန်သံအမတ်နဲ့ သံမှူးတွေက တနင်္သာရီတိုင်းဒေသကြီးကို လာရောက်လည်ပတ်မှာကြောင့် တိုင်းအတွင်းရှိ ဂျပန်လူမျိုးတွေနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တွေကို ပြန်လည် ဖော်ထုတ်နေတာ ဖြစ်ပါတယ်။ သတင်းနှင့် သတင်းပုံ ဇော်ဇော် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024