Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းပေါ် ယာဉ်မောင်းများ အရက်သေစာသောက်စားမှု ရှိမရှိ စစ်ဆေး
DVB
·
January 14, 2017
မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေးလမ်းပေါ်မျာ ယာဉ်မောင်းသူတွေ အရက်သောက်စားမောင်းနှင်တာတွေ မပြုဖို့ စီမံချက်အရ ဝမ်းတွင်းမြို့မြောက်ဘက်အထွက်မှာ ရဲတပ်ဖွဲ့က စစ်ဆေးအရေးယူနေပါတယ်။ ဝမ်းတွင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးလွင် ဦးဆောင်ပြီး  တာဝန်ရှိသူတွေနဲ့ ခရိုင်ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ ည ၇ နာရီက ည ၁၀ နာရီအထိ ၂ ရက်ဆက်တိုက်  စစ်ဆေးအရေးယူခဲ့ပါတယ်။ “၂၀၁၆ ခုနှစ်မှာ ဝမ်းတွင်းမြို့နယ်အတွင်း ယာဉ်တိုက်မှု ၅၅ မှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၂၅ ယောက်နဲ့ ဒဏ်ရာရရှိသူ ၅၈ ယောက် ရှိခဲ့ပါတယ်။ အခု ၂၀၁၇ လဆန်းပိုင်းမှာ ယာဉ်တိုက်မှု ၁၇ မှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၃ ယောက်၊ ဒဏ်ရာရသူ ၈ ယောက်ရှိပါတယ်။ ဖြစ်စဉ်တွေမှာ အရက်မူးလို့ ကားစပယ်ယာက ကားတက်မောင်းလို့ ဖြစ်တာများတာကြောင့် အခုလို အများပြည်သူ အန္တရာယ်ကင်းစေရေး ဆောင်ရွက်ပေးရတာ ဖြစ်တယ်” လို့ ဝမ်းတွင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးလွင်က ပြောပါတယ်။ အရက်သောက်ထားတာ တိုင်းတဲ့ကိရိယာနဲ့ အခု တိုင်းတာစစ်ဆေးတာ သောက်ထားသူ မတွေ့ရသေးကြောင်း၊ အရက်သောက်ပြီး ကားမောင်းပါက ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး ပြစ်မှုဥပဒေပုဒ်မ ၄၉(ဂ) အရ ဒဏ်ငွေငါးသောင်းဖြစ်စေ၊ ထောင်ဒဏ်တလဖြစ်စေ ပြစ်ဒဏ်ကျခံဖို့ တရားရုံးက စီရင်ချက်ချမှတ်မှာဖြစ်ပြီး ခါးပတ်မပတ်ရင် ပုဒ်မ ၅၄(င) အရ ဒဏ်ငွေသုံးသောင်း ချမှတ်မယ်လို့ ဆိုပါတယ်။ ၀မ်းတွင်းမြို့မှာ နေ့စဉ်လို ယာဉ်တိုက်မှုတွေ ဖြစ်နေတာကြောင့် အခုလို စစ်ဆေးတာဟာ ပြည်သူအတွက် အကျိုးရှိကြောင်း ကားလမ်းဘေးက ငွေတောင်စားသောက်ဆိုင်ပိုင်ရှင် ကိုမောင်ဝင်းက ပြောပါတယ်။ “အခုလို အရက်သောက်ပြီး ကားမောင်းလာသလား၊ မမောင်းဘူးလား စစ်ဆေးပေးတာ အများပြည်သူအတွက် အလွန်အကျိုးရှိတဲ့ လုပ်ဆောင်မှုပါ။ ဝမ်းတွင်းမြို့နယ်အတွင်း နေ့စဉ်လို ကြားနေရတာက ယာဉ်တိုက်မှုတွေ စိတ်မချမ်းသာဘူးဗျာ။ ကျနော်ဆီ စားသောက်သူတွေထဲမှာ ကားသမားကို အရက်မရောင်းဘူး။” သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024