Home
မြန်မာသတင်း
ချင်းအမျိုးသားနေ့နှင့် ဖလမ်းမြို့တည် ၁၂၅ နှစ်ပြည့်ပွဲများ ကျင်းပမည်
DVB
·
January 13, 2017
ချင်းအမျိုးသားနေ့နဲ့  ဖလမ်းမြို့တည် ၁၂၅ နှစ်ပြည့်ပွဲတွေကို လာမယ့် ဖေဖော်ဝါရီလထဲ ကျင်းပဖို့ရှိနေရာမှာ  နိုင်ငံတော်သမ္မတဦးထင်ကျော်နဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို  ချင်းပြည်နယ်အစိုးရက ဖိတ်ကြားပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ  ချင်းအမျိုးသားနေ့၊ ၂၁ ရက်မှာ ဖလမ်းမြို့တည်နှစ်(၁၂၅)ပြည့်ပွဲ၊  မြို့တော်ခန်းမနှစ် (၁၀၀)ပြည့်ပွဲ၊ ပြည်သူ့ဆေးရုံနှစ်(၁၀၀)ပြည့်ပွဲနဲ့ ၂၂ ရက်နေ့မှာတော့ ဌာနေပြန် ဒေသခံတွေနဲ့တွေ့ဆုံပွဲတွေကျင်းပဖို့ရှိနေတာပါ။ pl1 အဆိုပါပွဲတော်ရက်တွေမှာ  အားကစားပြိုင်ပွဲတွေ  ရိုးရာအကပွဲတွေ၊  Chin Got Talent ပြိုင်ပွဲအစီအစဉ်တွေလည်း ပြုလုပ်သွားဖို့ ရှိနေတာပါ။ ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဒါလ်လျံအုပ်က “ဒီပွဲကြောင့် မဆုံဖူး၊ မတွေ့ဖူးတဲ့ ပြည်ပရောက် ဆွေမျိုးတွေနဲ့ပြန်လည်တွေ့ဆုံနိုင်မယ်။ ဆွေမျိုးသားချင်း ဆုံတွေ့တာ တစ်ခုထဲမဟုတ်ဘူး။ အနာဂတ်မှာ ဖလမ်းမြို့တိုးတက်ရာ တိုးတက်ကြောင်း အတူတကွ လုပ်ဆောင်နိုင်ဖို့လည်းဆွေးနွေးကြမယ်။ ပြီးတော့ ချင်းပညာရှင်တွေပြုစုထားတဲ့ ဖလမ်းမြို့နဲ့ ချင်းလူမျိုးတွေရဲ့ identity (ကိုယ်ပိုင်လက္ခဏာ) တွေပြန်လည်ရှာဖွေတဲ့ စာတမ်းဖတ်ပွဲတွေလည်းရှိမယ်”လို့ပြောပါတယ်။ ဒီပွဲတော်တွေမှာတက်ရောက်ဖို့ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်တို့ကို ဖိတ်ကြားထားပြီး လာနိုင်မယ်မလာနိုင်ဘူးဆိုတာကိုတော့ အကြောင်းပြန်ဖို့တော့ စောသေးတယ်လို့ ချင်းပြည်နယ် အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းအိုက်ဇက်ခင်ကပြောပါတယ်။ ချင်းအမျိုးသားနေ့ကို နိုင်ငံတော်အဆင့် ပထမဆုံးတက်ရောက်ခဲ့သူကတော့ ဝန်ကြီးချုပ်ဟောင်း ဦးနု ဖြစ်ပြီး ပြီးခဲ့တဲ့  ၂၀၁၅ ချင်းအမျိုးသားနေ့မှာတော့  နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်တက် ရောက်ခဲ့ပါတယ်။ ဖလမ်းမြို့ဟာ ဗြိတိသျှတွေက ချင်းပြည်နယ်ကိုသိမ်းပိုက်ဖို့နောက်ဆုံး တိုက်ပွဲဖြစ်ပွားတဲ့ နေရာဖြစ်ခဲ့သလို ချင်းတော်လှန်ရေးခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်(ခ)ဗိုလ်ဆွန်ပက်နဲ့ အခြားချင်းမျိုးနွယ်စုတွေ စုပေါင်းကာ အင်္ဂလိပ်တပ်တွေကို  တော်လှန်ဖို့ဆွေးနွေးခဲ့ တဲ့နေရာလည်းဖြစ်တယ်။ ဗြိတိသျှအစိုးရက ချင်းပြည်နယ်ကို သိမ်းပိုက်ပြီးနောက် ၁၈၉၂ ခုနှစ် မတ်လမှာ ၄င်းတို့စစ်တပ်တွေစခန်းချဖို့ ဖလမ်းမြို့ကိုစတင်တည်ထောင်ခဲ့တယ်။ ဗိုလ်ကြွန်ဘိခ်အုပ်ချုပ်ခဲ့တဲ့ ဖလမ်း(Fahlam)ကျေးရွာအမည်ကိုယူကာ ဖလမ်း(Falam)ဟုနာမည်ပေးခဲ့တယ်။  ဖလမ်းမြို့ဟာ ချင်းအမျိုးသားနေ့ စတင်ပေါက်ပွားရာ နေရာလည်းဖြစ်သလို ၁၉၆၂ ခုနှစ်ထိ ချင်းပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်တယ်။ (သတင်း-ဆလိုင်းလာလ်နွန်အုပ်/ဓာတ်ပုံ-Modern Kee)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024