နယ်သာလန်ကို တင်သွင်းမည့် ဟင်းရွက်ထုပ်များထဲမှ ကိုကင်း ၂ တန်ကျော် ဖမ်းမိ

ပီရူးနိုင်ငံကနေ ဥရောပတိုက် နယ်သာလန်နိုင်ငံဆီ တင်သွင်းမယ့် ဟင်းသီးဟင်းရွက်ထုပ်တွေထဲမှာ ကိုကင်းဘိန်းအမျိုးအစား ၂ တန်ကျော်ဝှက်ထားတာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပီရူးရဲတပ်ဖွဲ့က ဇန်န၀ါရီ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဆာဘီးယားနိုင်ငံသားတဦးနဲ့အတူ ဟင်းသီးဟင်းရွက်အမည်ခံပြီး မူးယစ်ဆေးဝါးမှောင်ခိုကူးတယ်လို့ သံသယရှိတဲ့ ပီရူးနိုင်ငံသား ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပီရူးရဲချုပ်က  “မနေ့ကလုပ်တဲ့ စစ်ဆင်ရေးအရ အမျိုးသား ၆ ဦးကို ဖမ်းဆီးထားပါတယ်။ အဓိကအရေးအကြီးဆုံးကတော့ ဆားဘီးယားနိုင်ငံသားဖြစ်ပါတယ်။ ဟိုက်ဒရိုကလိုရစ် ကိုကင်း ၂-တန်လောက် တွေ့ရှိပါတယ်” လို့ ရှင်းပြသွားပါတယ်။ “ကျနော်တို့လုပ်တဲ့ စစ်ဆင်ရေးက ငွေကြေးထောက်ပံ့နေတဲ့ ဆားဘီးယားနိုင်ငံသားကို အဓိက ပစ်မှတ်ထားပါတယ်။ သူဟာ မူယစ်ဆေးဝါး တင်သွင်းမှုမှာ အဓိကငွေကြေးထောက်ပံ့နေတဲ့ ခေါင်းဆောင်တွေထဲက တဦးဖြစ်ပါတယ်။ သူဟာ ပီရူးမှာ မူးယစ်ဆေးဝါး အဓိကစုဆောင်း၊ လုံခြုံရေးဝန်ထမ်းတွေကို လာဘ်ထိုးပြီး ဆိပ်ကမ်းကို အရောက်ပို့ပေးသူဖြစ်ပါတယ်။” အဓိက သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းက ရေလမ်းဖြစ်ပြီး အရင်က သင်္ဘောတွေနဲ့ ၈ ကြိမ်တိတိ ခိုးထုတ်ခဲ့တာကို သတင်းရခဲ့တာကြောင့် အခုလို ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ တကယ်လို့ ဒီမူးယစ်ဆေးဝါးတွေ ဥရောပတိုက်ကို ရောက်သွားမယ်ဆိုရင် ဘယ်လ်ဂျီယံနိုင်ငံမှာ ကိုကင်းတစ်ကီလိုကို အမေရိကန်ဒေါ်လာ ၈၇၀၀၀ လောက်ရှိပြီး စုစုပေါင်း တန်ဖိုး ဒေါ်လာ ၁၇၄ သန်းလောက် ရနိုင်တယ်လို့ ဆက်လက်ရှင်းပြခဲ့ကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up