ကျောက်ကြီးမြို့နယ်တွင် ယာဉ်တိမ်းမှောက် ၂ ဦးသေ၊ ၁၀ ဦးခန့်ဒဏ်ရာရ
DVB
·
January 13, 2017
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်မှာ ဇန်န၀ါရီ ၁၂ ရက် ညနေ ၄ နာရီခွဲလောက်က ဖောကားတစီး တိမ်းမှောက်လို့ ၂ ဦး သေဆုံး၊ ၁၀ ဦးလောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဖြစ်စဉ်မှာ ကျောက်ကြီးမြို့နယ် တောင်ဘက်တောင်ကြောကနေ ယာဉ်မောင်း အငယ်လေး (ခ) ထူးလွင်မြင့် မောင်းနှင်လာတဲ့ ယာဉ်အမှတ် 4J/5792 ဖောကားအပြာရောင်မှာ ကျောက်ပုံတောင်အုပ်စု ကျောက်မဲတောင်အဆင်းမှာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့တာပါ။
ယာဉ်တိမ်းမှောက်မှုကြောင့် ဆိပ်ကြီးကျေးရွာနေသူ ညီညီအောင် နဲ့ ကျော်သူရိန်ထွန်း တို့နှစ်ဦး သေဆုံးပြီး အခြားဒဏ်ရာပြင်းထန်သူတွေကို ဆေးရုံ ပို့ဆောင်ပေးခဲ့ရပါတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ကားကတော့ ကျောက်ကြီးမြို့ပေါ်ကကားဗျ။ စပ်လဲကျေးရွာ နာရေးကိုသွားပြီးအပြန်မှာ ဖြစ်တာလို့ပြောတယ်။ အမျိုးသား ၂ ယောက် သေတယ်။ အခြား ၁၀ ယောက်လောက် ဒဏ်ရာရတယ်ဗျ။ ဒဏ်ရာများတဲ့ လူတွေလည်းပါတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေးနေတယ်။"
အဆိုပါကျောက်မဲတောင်မှာ ကျောက်ကြီးမြို့နယ်မှ ၈ မိုင်လောက်ဝေးကာ လူသူအသွားအလာ နည်းပါးရာနေရာဖြစ်ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို အခြားဖောကားဖြူတစီးနဲ့ ကျောက်ကြီးမြို့နယ်ဆေးရုံကို ညနေ ၆ နာရီ ၁၅ မိနစ်လောက် ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ်အား ကျောက်ကြီးမြို့မစခန်းယာဉ် (ပ) ၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူဆောင်ပြီး ထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း-ကျော်အောင် (ကညွတ်ကွင်း)