အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ရောက်ရှိ
DVB
·
November 30, 2011
နှစ် ၅၀ ကျော်အတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် အဆင့်မြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ နေပြည်တော်ကို မြန်မာစံတော်ချိန် ၄ နာရီ ၂၀ မိနစ်မှာ ရောက်ရှိလာတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမျိုးမြင့်ကနေ လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့တာပါ။
နေပြည်တော်က သင်္ဂဟဟော်တယ်မှာ ဒီကနေ့ည ညအိပ်ရပ်နားမှာဖြစ်ပြီးတော့ မနက်ဖြန်မနက် ၉ နာရီမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေဆုံပြီးနောက် နိုင်ငံတော်သမ္မတရုံးမှာ သမ္မတ ဦးသိန်းစိန်နဲ့ မနက် ၁ဝနာရီမှာ တွေ့ဆုံမှာဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးခင်အောင်မြင့်နဲ့ ဦးသူရရွှေမန်းတို့ကိုလည်း မနက်ဖြန် ဒီဇင်ဘာလ ၁ရက်နေ့မှာ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။ မြန်မာ ထိပ်တန်းအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမယ်အကြောင်းအရာကို နှစ်ဖက်စလုံးက ကြိုတင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒီဇင်ဘာ ၁ ရက်နေ့ ညပိုင်းမှာ ရန်ကုန်မှာ ရောက်ရှိမှာဖြစ်ပြီးတော့ ၂ ရက်နေ့မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် မြန်မာနိုင်ငံက ထင်ရှားကျော်ကြားတဲ့ အနုပညာရှင် ကိုဇာဂန စတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့လည်း တွေ့မယ်လို့လည်း ရန်ကုန်က လာတဲ့ သတင်းတွေအရ သိရပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဆုံမယ့် ကိုဇာဂနာက တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။
“ကျနော်က လောလောဆယ်တော့ ဘာမှမစဉ်းစားထားဘူး။ ကျနော်က ခေါင်းထဲပေါ်လာတဲ့အတိုင်း ပြောရမှာပေါ့။ သိပ်လည်း အချိန်ရမယ်မထင်ပါဘူး။ သူလည်း ကမ္ဘာပတ်နေတဲ့သူဆိုတော့ ကျနော်တို့နဲ့ စကားပြောရလှ ၁၄၊ ၁၅မိနစ်ပေါ့။ ထွေထွေထူးထူးတော့ စဉ်းစားမထားပါဘူး။ ကျနော်ကတော့ အဓိက ဘာပြောရမလည်းဆိုတော့ ပေါ်လာတဲ့အချိန်မှာပဲ ကြုံသလို ပြောချလိုက်မှာပါပဲ။”
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ခရီးစဉ်အတွင်းမှာ ရန်ကုန်မြို့တော်ကို လုံခြုံရေး တိုးမြှင့်ချထားတယ်လို့လည်း သိရပါတယ်။
ရန်ကုန်မှာ ရှိနေစဉ်မှာ တန်ခိုးကြီး ဘုရားဖြစ်တဲ့ ရွှေတိဂုံကို သွားရောက်မှာ ဖြစ်ပြီးတော့ ဒီဇင်ဘာ ၂ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်ကနေပြိးတော့ ပြန်လည်ထွက်ခွာမယ်လို့လည်း သိပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ကိုတိုးကျော်လှိုင်ကတော့ ဟီလာရီကလင်တန်အနေနဲ့ အစိုးရနဲ့ အတိုက်အခံကြားမှာ ပူပေါင်းဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းမျိုးကို တိုက်တွန်းသင့်တယ်လို့လည်း ပြောပါတယ်။
“ကျနော်တို့ နိုင်ငံရေးအင်အားစုတွေက ဖြစ်စေချင်တာကတော့ အစိုးရနဲ့ ဒီမိုကရေစီအတိုက်အခံ အင်အားစုတွေကို ဒီ့ထက်ပိုပြီးတော့ ပါးစပ်ပြောမဟုတ်ဘဲနဲ့ လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းမျိုးကို သူက အစိုးရကို တိုက်တွန်းသွားစေချင်တယ်။ နောက်ပြီးတော့ အန်တီပြောနေတဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ ထိထိရောက်ရောက်လုပ်ပြစေချင်တယ်။ အစိုးရက ဘာမှမလုပ်သေးဘူးဗျ။ ကျနော်တို့ကတော့ အဲ့လိုမျှော်လင့်တာပေါ့။ နောက် နိုင်ငံရေးအကျဉ်းသားများ ကိုမင်းကိုနိုင်တို့ကိုတော့ အဓိကထားတောင်းဆိုမှာပဲလေ။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလေးများ မကြာခင် လိုက်လာနိုင်မလားပေါ့လေ။ အဲ့လိုမျှော်လင့်ပါတယ်။”
- အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နေပြည်တော် လေဆိပ်တွင် တွေ့ရစဉ်
