Live
Home
မြန်မာသတင်း
မြန်မာနိုင်ငံက လူငယ်ထုအတွင်း အရက်သောက်သုံးမှုနှုန်း များပြား
DVB
·
January 12, 2017
မြန်မာနိုင်ငံက လူငယ် ၆၂ ရာခိုင်နှုန်းကျော်ဟာ အရက်သောက်သုံးတာကို တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံဆေးသုတေသနရဲ့ ၄၅ နှစ်မြောက် နှစ်ပတ်လည်ညီလာခံရဲ့ စာတမ်းတခုမှာ ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူငယ်များအတွင်း အရက်သောက်သုံးမှုနှုန်းဟာ မြင့်မားနေပြီး အသက် ၁၁ နှစ်ကနေ စတင်သောက်သုံးနေတယ်လို့ သုနေသနစာတမ်းရှင် ဒေါက်တာအောင်ပြည့်ဖြိုးက ဆိုပါတယ်။ အရက်သောက်သုံးသူ ၇၀ အနက် ၇၅ ရာခိုင်နှုန်းဟာ အရက်စွဲနေတဲ့လူငယ်တွေ ဖြစ်နေတာကြောင့် ဆယ်ကျော်သက်အရွက်တွေကို အရက်ရောင်းချတာနဲ့ အရက်ကို အလွယ်တကူ ရရှိစေတာတွေကို ဥပဒေပိုင်းဆိုင်ရာ အရေးယူအပြစ်ပေးတာတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ စာတမ်းမှာ တင်ပြထားပါတယ်။ “၁၅၂ ယောက် မေးလာတဲ့အထဲမှာ ၉၅ ယောက်က သောက်တယ်။ ၆၂ ဒသမ ၅ ရာခိုင်နှုန်းလောက် ရှိတာပေါ့နော်။ သောက်တယ်ဆိုပေမယ့် အရက်စွဲနေတဲ့ အရက်သမားလို့ ပြောတာ မဟုတ်ဘူး။ သောက်ဖြစ်နေကြတာ၊ သောက်လေ့သောက်ထရှိတယ်ပေါ့။ လူငယ်တွေမှာ ဒီလောက် သောက်နေယ်ဆိုတော့ အရက်သောက်ခြင်းအားဖြင့် ကျန်းမာရေး ထိခိုက်တာအပြင်ကို တခြားရောဂါလိုမျိုး မဟုတ်ဘဲနဲ့ လူမှုရေး၊ စီးပွားရေးတွေပါ ပါတာကိုး။ အဲဒါတွေလည်း ထိခိုက်လာနိုင်တယ်” လို့ ဆေးသုတေသနဌာန သုတေသနအရာရှိ ဒေါက်တာအောင်ပြည့်ဖြိုးက ပြောပါတယ်။ အရက်သောက်သုံးမှု မြင့်မားလာတဲ့အပေါ် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်က ကျေးရွာ ၃ ရွာမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အတွင်း လူငယ် ၁၅၂ ဦးကို သုတေသနပြုလုပ်ပြီး မေးမြန်းခဲ့တာပါ။ အရက်သောက်သုံးသူ လူငယ် ၂၀ ရာခိုင်နှုန်းဟာ မူလတန်းအဆင့်မှာဖြစ်ပြီး အလယ်တန်းအဆင့်မှာ ၂၉ ဒသမ ၆ ရာခိုင်နှုန်း၊ အထက်တန်းအဆင့်မှာ ၃၈ ဒသမ ၈ ရာခိုင်နှုန်းနဲ့ တက္ကသိုလ်အဆင့်မှာ အရက်သောက်တဲ့လူငယ် ၉ ဒသမ ၂ ရာခိုင်နှုန်း ရှိနေတာလို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ သုတေသနပညာရှင်တွေရဲ့ စာတမ်းမှာ တင်ပြထားတာတွေကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်အသုံးပြုမယ်လို့ ဆေးသုတေသနဦးစီးဌာန သုတေသနညွှန်ကြားရေးမှူး ဒေါက်တာဝင်းမော်ထွန်းက ပြောပါတယ်။ “ကျန်းမာရေးစီးမံကိန်းအတွက် အရေးကြီးတဲ့ ဒေတာမျိုး၊ ပြီးတော့ ကုသရေးအတွက် အရေးကြီးတဲ့ ဒေတာမျိုးဆိုရင် သက်ဆိုင်သူတွေပေါ့၊ ကုသရေးဦးစီးဌာနက ကျွမ်းကျင်သူတွေ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျွမ်းကျင်သူတွေက ယူပြီးတော့ အသုံးချပြီး စီမံကိန်းလုပ်တဲ့အခါမှာ၊ ပြီးတော့ ကုသတဲ့အခါမှာ ကုသတဲ့ ကုထုံးတွေ ဆွဲရတယ်လေ၊ ဥပမာ အသည်းရောင်အသားဝါ ဆိုရင် C ကို ဘယ်လိုကုမယ်၊ B ကို ဘယ်လိုကုမယ်။ မြန်မာပြည်မှာ ဘယ်လိုနည်းနဲ့ပဲ တစ်၊ နှစ်၊ သုံး၊ လေး ကုကြပါဆိုပြီး တစ်၊ နှစ်၊ သုံး၊ လေး ဆွဲထားတာ ရှိတယ်။ ဆရာဦးဝင်းနိုင်တို့ ပြီးခဲ့တဲ့ ကွန်ဂရက်တွေ၊ အသည်းနဲ့ပတ်သက်တဲ့ Meeting လေးတွေ တက်ရင် တွေ့လိမ့်မယ်။ အဲဒီလိုဟာမျိုးတွေ ဆွဲတဲ့အခါကျတော့ ဒီကအချက်အလက်တွေကို သူတို့သုံးပြီးတော့ ဆွဲတာပေါ့နော်” လို့ ဆေးသုတေသနဦးစီးဌာန သုတေသနညွှန်ကြားရေးမှူး ဒေါက်တာဝင်းမော်ထွန်းက ပြောပါတယ်။ အရက်သောက်သုံးတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသတဲ့ အမျိုးသားတွေကို သုတေသနပြုလုပ်ထားချက်အရ အရက်သောက်သုံးသူတွေထဲမှာ ၄၄ ရာခိုင်နှုန်းဟာ လေဖြတ်ရောဂါသည်တွေ ဖြစ်ပြီး ၉ ရာခိုင်နှုန်းဟာ အသည်းရောဂါသည်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လူငယ်တွေ အရက်သောက်သုံးမှု များလာတာနဲ့ပတ်သက်လို့ စာတမ်းရှင်ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ လူငယ် အမျိုးသား ၁၁၄ ဦးနဲ့ အမျိုးသမီး ၃၈ ဦးကို မေးမြန်းခဲ့တာပါ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024