Home
အနုပညာ
သားဖြစ်သူဇနီးမောင်နှံက မိခင်အိုကို ဝက်လှောင်အိမ်တွင်း ပိတ်လှောင်ထားသည့်ရုပ်သံ ပျံ့နှံ့
DVB
·
January 12, 2017
တရုတ်နိုင်ငံမှာ အသက် ၉၂ နှစ်အရွယ် အဖွားအိုတဦးကို သားဖြစ်သူဇနီးမောင်နှံက ဝက်လှောင်အိမ်တခုထဲမှာ ပိတ်လှောင်ထားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ ယန်အမည်ရတဲ့ အဲဒီအဖွားအိုဟာ မုဆိုးမတဦးဖြစ်ပြီး သားဖြစ်သူမိသားစုနဲ့အတူ တရုတ်နိုင်ငံတောင်ပိုင်း၊ ဖမ့်ရှန်းစီရင်စုနယ်မြေမှာ နေထိုင်တာဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဇန်နဝါရီ ၁၁ ရက်နေ့က ဖော်ပြပါတယ်။ ဝက်လှောင်အိမ်သံတိုင်တွေနောက်က အဖွားအိုရဲ့ သနားစရာကောင်းတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။ တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှာတော့ အဖွားအိုဟာ ဆီးဝမ်းမထိန်းချုပ်နိုင်တော့တာမို့ ခုလို အိမ်ပြင်ထုတ်ပြီး ဝက်လှောင်အိမ်တွင်းမှာ သီးခြားထားခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဖွားအိုဟာ “အဲဒီမှာ သဲတွေ၊ အဖွား ဘာမှမမြင်ရတော့ဘူး” လို့ ပြောဆိုခဲ့တာကို တွေ့ရပါတယ်။ အခန်းဟာ ညစ်ပတ်နံစော်နေပြီး အခင်းတွေ၊ စောင်တွေလည်း မတွေ့ရဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီသတင်းဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပြီးနောက်မှာတော့ ဒေသတွင်း ရဲတွေဟာ အခင်းဖြစ်တဲ့နေရာဆီ သွားရောက် စစ်ဆေးခဲ့ကြတာပါ။ ရဲတွေက မိခင်အဖွားအိုကို လှောင်အိမ်တွင်းက ပြန်ထုတ်ပေးဖို့ ဝူအမည်ရတဲ့ သားဖြစ်သူကို ပြောဆိုခဲ့ရပါတယ်။ လက်ရှိမှာတော့ အဖွားအိုကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ပို့ဆောင်ထားခဲ့တယ်လို့ ဆိုပါတယ်။ သားဖြစ်သူဇနီးမောင်နှံ ၂ ဦးစလုံးကတော့ ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ နားလည်မှုလွဲတာသာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ မိခင်ဖြစ်သူ အဖွားအိုဟာ ဆီးဝမ်းမထိန်းနိုင်တဲ့အတွက် သူတို့အနေနဲ့ အတူနေထိုင်ရတာ အဆင်မပြေမှုတွေ ဖြစ်ခဲ့ပြီးနောက်မှာ အဖွားအိုရဲ့ စိတ်သဘောနဲ့ ခုလိုထားခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရဲတွေကတော့ အခြေအနေမှန်ကို ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024