Home
မြန်မာသတင်း
ငြိမ်းချမ်းရေးရန်ပုံငွေအတွက် ပြည်တွင်း အလှူရှင်များကိုဖိတ်ခေါ်
DVB
·
January 11, 2017
  ငြိမ်းချမ်းရေးရန်ပုံငွေ ထည့်ဝင်လှူဒါန်းပြီး နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မိမိတို့ကိုယ်တိုင် တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီဆောင်ရွက်ဖို့  ပြည်တွင်း အလှူရှင်ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ) က ဖိတ်ခေါ်လိုက်ပါတယ်။ မြန်မ့ာငြိမ်းချမ်းရေးဖြစ်စဉ်ဟာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပြီး တတ်နိုင်သမျှ ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ကြမှသာ ပြည်သူလူထုပါဝင်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်၊  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရန်ပုံငွေရှာဖွေစုဆောင်းရာမှာ နိုင်ငံတကာက အလှူရှင်တွေ သာမက ပြည်တွင်းအလှူရှင်တွေ ထည့်ဝင်လှူဒါန်းမှုဟာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြန်မာနိုင်ငံသားတွေ ပါဝင်နိုင်ရေးအတွက် အထူးအရေးကြီးတယ်လို့ အန်အာပီစီရဲ့ မနေ့က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ကျယ်ပြန့်လှတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့ အောင်မြင်စေရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေတွေရရှိရေး၊ ရရှိလာတဲ့ ရန်ပုံငွေတွေကို မျှတညီညွတ်စွာခွဲဝေပေးနိုင်ရေး၊ ရန်ပုံငွေတွေသုံးစွဲရာမှာ စနစ်တကျနဲ့  ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်ရေးတို့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး ငြိမ်းချမ်းရေးရန်ပုံငွေ (NRPC-Peace Fund) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲ၊ ငွေစုဘဏ်စာရင်း၊ SF-004048 တွင်ဖွင့်လှစ်ထားရှိတယ်လို့သိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရ၀န်ကြီးတွေက လစာငွေရဲ့ လေးပုံတစ်ပုံကို စုဆောင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ကို  ပြီးခဲ့တဲ့ရက်ပိုင်းက ကျပ်ငွေ သိန်း ၂၀၀၀   ထည့်ဝင်လှူဒါန်းထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024