အမ်ပီတီမှတဆင့် ပရဟိတအဖွဲ့အစည်း ၁၀ ခုကို တိုက်ရိုက်လှူဒါန်းနိုင်မည်
ဇေယျာချမ်းအေး
·
January 10, 2017
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) ကနေတဆင့် ပရဟိတအဖွဲ့အစည်း ၁၀ ခုကို တိုက်ရိုက် အလှူငွေ ထည့်ဝင်နိုင်တော့မယ်လို့ အမ်ပီတီ တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။
ပရဟိတအဖွဲ့အစည်း ၁၀ ခုကို တိုက်ရိုက် အလှူငွေထည့်ဝင်နိုင်မယ့် လိုတရ စေတနာကမ်းလက်များ ဝက်ဘ်ဆိုက်စာမျက်နှာကို အမ်ပီတီက ဇန်နဝါရီ ၉ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။
အဲဒီဝက်ဘ်ဆိုက်စာမျက်နှာကနေ ကိုယ်လှူချင်တဲ့ ပရဟိတအဖွဲ့ကို အလှူရှင်ပြည်သူတွေက စိတ်ကြိုက်လှူဒါန်းနိုင်ဖို့ ပြင်ဆင်ပေးထားတယ်လို့ အမ်ပီတီ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန်နေဂျာ ဦးမိုးသူရက ပြောပါတယ်။
“ကျနော်တို့က ဒီမှာရရှိတဲ့ ပိုက်ဆံကို ဘယ်လောက်ရတယ်ဆိုတာ ဒီစာမျက်နှာမှာပဲ သက်ဆိုင်ရာ ရတာ ဘယ်လောက်ရတယ်၊ ကျနော်တို့ ဘယ်လောက်လွှဲပေးလိုက်တယ်၊ ပြီးရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဘယ်လိုသုံးတယ်ဆိုတာ ဒီစာမျက်နှာမှာပဲ ကျနော်တို့ ပြန်လည်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။”
အလှူရှင်တွေ လှူဒါန်းနိုင်မယ့် ပရဟိတအဖွဲ့ ၁၀ ဖွဲ့ကတော့ ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း၊ ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာ၊ ပြည်ကြီးခင်လူမှုရေးအသင်း၊ ရွှေမင်းသားဖောင်ဒေးရှင်း၊ လမ်းသစ်ဖောင်ဒေးရှင်း၊ သဘာဝတရားရိပ်သာ(သန်လျင်)၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနဲ့ ဂျပန်ငြိမ်းချမ်းရေးလေညင်းလေးများ (Peace Wind) အဖွဲ့အစည်းတို့ ဖြစ်ပါတယ်။
နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ဒါရိုက်တာအဖွဲ့ဝင် ကိုမျိုး(မြန်မာစာ) က “အမ်ပီတီရဲ့ လိုတရ စေတနာကမ်းလက် ဒီအစီအစဉ်က အစ်ကိုတို့ မမျှော်လင့်ဘဲ ဖြစ်ပေါ်လာတဲ့ အတွေးစိတ်ကူးတွေလို့လည်း ထင်ပါတယ်။ ဒီနေရာမှာက ခေတ်စနစ်နဲ့လည်း တကယ်လိုက်ဖက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းလက်ထဲမှာ ဖုန်းလေးတွေ ကိုင်ထားတယ်။ ပြီးတော့ အင်တာနက်ကလည်း လွယ်လင့်တကူ ရနေကြပြီပေါ့နော်။ ဒီလိုရတဲ့ အနေအထားတခုကို အစ်ကိုတို့ ကုသိုလ်အဖြစ် ပြောင်းလဲလို့ရနေပြီ” လို့ ပြောပါတယ်။
အမ်ပီတီက ဖွင့်လှစ်လိုက်တဲ့ လိုတရစေတနာကမ်းလက်များ ဝက်ဘ်ဆိုက်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ လှူဒါန်းရေးဝက်ဘ်ဆိုက် ဖြစ်ပါတယ်။
အဲဒီဝက်ဘ်ဆိုက် အောင်မြင်လာတဲ့အခါ လှူဒါန်းနိုင်မယ့် အဖွဲ့အစည်းအရေအတွက်ကို တိုးမြှင့်သွားဖို့ စီစဉ်နေတယ်လို့ အမ်ပီတီ တာဝန်ရှိသူတွေက ပြောပါတယ်။
လှူဒါန်းမှုပြုလုပ်နိုင်ဖို့အတွက် အောက်ပါ ဝက်ဘ်ဆိုက် စာမျက်နှာလင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
http://mpt.com.mm/mm/%E1%80%9C%E1%80%AD%E1%80%AF%E1%80%90%E1%80%9B-%E1%80%85%E1%80%B1%E1%80%90%E1%80%94%E1%80%AC%E1%80%80%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%80%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%A1/